အမြင်အာရုံချို့တဲ့သူ ကလေးငယ်များအတွက် ကောင်းမွန်သော ပြောင်းလဲမှုတစ်ခု
ကလေးတိုင်းအတွက် အကျုံးဝင်မှု
- English
- မြန်မာ
မနှင်းဟေမာန်အောင်၊ ၁၀ နှစ် နဲ့ မောင်နန်းထိုက်အောင်၊ ၈ နှစ်တို့နှစ်ယောက်စလုံးက အမြင်အာရုံချို့တဲ့တာခြင်းတူကြသလို ဘဝတူအခြားမသန်စွမ်းကလေးငယ်တွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ကူညီပံ့ပိုးပေးရာမှာလည်း တူညီကြပါတယ်။
မနှင်းဟေမာန်အောင်က “သမီးက အရောင်တွေ၊ မျက်နှာတို့ လက်ချောင်းတို့ရဲ့ အရိပ်တွေကို မြင်ရပေမဲ့ စာလုံးတွေကိုတော့ မမြင်ရဘူး။ မျက်နှာတွေကိုလည်း မသဲကွဲဘူး” လို့ ပြောပြပါတယ်။ မောင်နန်းထိုက်အောင်ကတော့ စာလုံးတွေကြီးရင် စာသားတွေကို ဖတ်လို့ရပါတယ်။ “စာလုံးမကြီးရင်တော့ သား မမြင်ရဘူး” လို့ ပြောပြပါတယ်။
မကြာသေးမီက မနှင်းဟေမာန်အောင်၊ မောင်နန်းထိုက်အောင်တို့နဲ့အတူ အမြင်အာရုံချို့တဲ့ကလေးငယ် ၉၅ ယောက်တို့က ယူနီဆက်က စီစဉ်ပံ့ပိုးတဲ့ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရုပ်သံဖြင့်ရရှိနိုင်သော ပုံပြင်စာအုပ်တွေကို ဖန်တီးဖို့အတွက် သူတို့ရဲ့အသံတွေနဲ့ ပါဝင်အားဖြည့်ခဲ့ကြပါတယ်။
ဒီပုံပြင်စာအုပ်တွေက စွမ်းဆောင်နိုင်စွမ်းအမျိုးမျိုးရှိတဲ့ အသက် ၄ နှစ်ကနေ ၈ နှစ်ကြား ကလေးငယ်တွေအတွက် ရည်ရွယ်ပါတယ်။ အသံက အမြင်အာရုံချို့တဲ့ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး အရောင်အသွေးစုံ ရုပ်ပြပုံတွေကတော့ အကြားအာရုံချို့တဲ့ကလေးငယ်တွေ ပုံပြင်ကို နားလည်အောင် ပြောပြပေးဖို့ ရည်ရွယ်ပါတယ်။
ယူနီဆက်က အခုချိန်ထိမှာ ပုံပြင်စာအုပ်ပေါင်း ၄၄ အုပ်ထဲက ၁၁ အုပ်ကို ထုတ်ဝေထားပြီးဖြစ်ကာ အများပြည်သူ အသုံးပြုနိုင်အောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။
“ပုံပြင်စာအုပ်တွေက သမီးကို ကြင်နာတတ်တဲ့စိတ်ရယ်၊ လူတိုင်းမှာ မတူညီတဲ့ စွမ်းရည်တွေနဲ့ အားသာချက်တွေရှိတယ်ဆိုတာကို သင်ကြားပေးခဲ့ပါတယ်…”
မနှင်းဟေမာန်အောင်က “သမီး ဒီပရောဂျက်ကနေ သင်ယူစရာတွေအများကြီးရခဲ့ပါတယ်”လို့ ပြောပြပါတယ်။ “ဒါက အသံသွင်းစတူဒီယိုကို သမီး ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ “ပုံပြင်စာအုပ်တွေက သမီးကို ကြင်နာတတ်တဲ့စိတ်ရယ်၊ လူတိုင်းမှာ မတူညီတဲ့ စွမ်းရည်တွေနဲ့ အားသာချက်တွေရှိတယ်ဆိုတာကို သင်ကြားပေးခဲ့ပါတယ်။ မောင်လေးကို ထိန်းပေးရင်း အမေ့ကိုကူညီနိုင်တာ၊ အဝတ်အစား လျှော်ဖွပ်နိုင်တာ၊ အတန်းထဲမှာ ဆရာဆရာမတွေကို ကူညီပေးနိုင်တာက သမီးရဲ့ လုပ်နိုင်စွမ်းနဲ့ အားသာချက်တွေပဲဆိုတာ သမီးနားလည်သွားပြီ” လို့ ပြောပြခဲ့ပါတယ်။
မောင်နန်းထိုက်အောင်ကလည်း မနန်းဟေမာန်အောင်လိုပဲ စိတ်အားထက်သန်သူတစ်ယောက်ပါ။ “ ဒီပရောဂျက်မှာ ပါခွင့်ရတာ သား အရမ်းပျော်တယ်။ သားသူငယ်ချင်းတွေက ဒီပုံပြင်စာအုပ်တွေကို သဘောကျမယ်လို့ထင်တယ်။ အဲဒါကြောင့် သား အရမ်းကျေနပ်ပါတယ်” လို့ ပြောပြပါတယ်။ “သားအကြိုက်ဆုံးပုံပြင်က လမ်းပျောက်ပြီး မိသားစုကိုရှာဖို့ ခရီးထွက်လာတဲ့ မိကျောင်းမလေးပုံပြင်ပါ။”
ကလေးနှစ်ဦးစလုံးက မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ခဝဲခြံမျက်မမြင်ကျောင်းမှာ တက်ရောက်နေကြပါတယ်။ သူတို့က သူတို့ကျောင်းကိုချစ်ကြပြီး သူငယ်ချင်းတွေနဲ့ ကစားရတာကို သဘောကျကြပါတယ်။
“မြန်မာစာရယ်၊ သင်္ချာရယ်၊ အင်္ဂလိပ်စာရယ်၊ ပုံဆွဲတာရယ်၊ ဂီတရယ်အားလုံးက သမီးအကြိုက်ဆုံးဘာသာတွေပါ။ သမီးက ကာယချိန်ကိုလည်း သဘောကျတယ်။ ဒီတော့ သမီးအကြိုက်ဆုံး ၆ ဘာသာဖြစ်သွားပြီပေါ့” လို့ မနှင်းဟေမာန်အောင်က ဆိုပါတယ်။
အနာဂတ်နဲ့ပတ်သက်ရင် ကလေးနှစ်ယောက်စလုံးမှာ မျှော်မှန်းချက်အကြီးကြီးတွေ ရှိကြပါတယ်။ မနှင်းဟေမာန်အောင်က သမီးမှာ ရွေးစရာတွေအများကြီးရှိတယ်။ ဆရာမလည်းလုပ်လို့ရတယ်၊ သင်းအုပ်ဆရာလည်း လုပ်လို့ရတယ်။ ကွန်ပျူတာဆရာမဖြစ်ဖြစ်၊ လက်မှုပညာရှင်ဖြစ်ဖြစ်လည်း လုပ်လို့ရတယ်” လို့ ပြောပြခဲ့ပါတယ်။
မောင်နန်းထိုက်အောင်မှာ ရည်မှန်းချက်ကြီးတစ်ခုရှိပါတယ်။ “သားကြီးလာရင် ဘရန်အောင် (“Myanmar’s Got Talent 2017”မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မျက်မမြင် ကီးဘုတ်တီးသူ) လိုမျိုး ကီးဘုတ်တီးတဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်။ အခု သားက သူဘယ်လိုတီးတယ်ဆိုတာ နားထောင်ပြီးတော့ သင်နေပါတယ်။ အသံကိုချိန်ဖို့ စလိုက်ဒါ (slider) ကို အပေါ်အောက်ရွှေ့တတ်နေပြီ၊ ကီးဘုတ်အစစ်နဲ့ လေ့ကျင့်ဖို့ပဲလိုတော့တယ်” လို့ ပြောပြပါတယ်။
မောင်နန်းထိုက်အောင်ရော၊ မနှင်းဟေမာန်အောင်ရော နှစ်ဦးစလုံးက သူတို့ရဲ့ မသန်စွမ်းမှုတွေက သူတို့ကို နောက်ပြန်ဆွဲထားခွင့်မပေးဘဲ သူတို့ဖြစ်ချင်တာကို ရအောင် အကောင်အထည်ဖော်မယ်ဆိုတာ သိသာထင်ရှားလွန်းလှပါတယ်။