အချိန်တိုင်းဟာ ကစားချိန်ပါ!

ကလေးတွေ သင်ယူဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေကို ပျော်စရာကောင်းတဲ့ ကစားစရာအချိန်လေးတွေအဖြစ် ပြောင်းလဲပါ

UNICEF
UNICEF
UNICEF Myanmar/2015/Kyaw Kyaw Winn
03 ဇွန်လ 2024

ဘဝရဲ့ ပထမဆုံး ရက် ၁,၀၀၀ (ပထမ ၃ နှစ်) အတွင်းမှာ ကလေးငယ်ရဲ့ ဦးနှောက်ဟာ အခြားအချိန်တွေထက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်ပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာကတော့ ကလေးငယ်တွေ စကားတောင် မပြောနိုင်ခင်မှာကတည်းက အဲဒီဦးနှောက်တည်ဆောက်မှုပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်ပါတယ်။

ဘယ်လိုကူညီပေးနိုင်လဲဆိုတာကို အောက်က ဆောင်းပါးလေးမှာဖတ်ရှုကြည့်ကြရအောင်။

LEGO ဖောင်ဒေးရှင်း နဲ့ ဟားဗတ်တက္ကသိုလ် ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာ က ကျွမ်းကျင်သူများရဲ့ အကြံဥာဏ်တွေနဲ့အတူ မိဘတွေနဲ့ ကလေးတွေကြား ပျော်ပျော်ရွှင်ရွှင်နဲ့ အရေးကြီးတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်အောင် ဝေမျှပေးသွားမှာဖြစ်ပါတယ်။

 

အပေးအယူမျှတယ် (Serve and return) ဆိုတာဘာလဲ

အပေးအယူမျှတယ်ဆိုတာ ကလေးနဲ့ မိဘ ဒါမှမဟုတ် စောင့်ရှောက်သူကြားက အပြန်အလှန် ဆက်သွယ်မှု အမျိုးမျိုးဖြစ်ပါတယ်။ လူကြီးဖြစ်သူက ကလေးငယ်လေးဆီက အသံနဲ့ အမူအရာတွေကို ချစ်ခြင်းမေတ္တာနဲ့ အလိုက်သင့် ပြုမူတုံ့ပြန်တာဖြစ်ပါတယ်။ ဒါကို ပင်ပေါင်ရိုက်ကစားနည်းလိုမျိုး စဉ်းစားကြည့်ပါ - အရေးကြီးတာက အပေးအယူမျှဖို့နဲ့ ပျော်ရဖို့ပဲဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကလေးကို ဂရုစိုက်ကြောင်းပြသဖို့ပါပဲ။ ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ၊ စိတ်ခံစားချက်တွေနဲ့ သူတို့ကိုပျော်စေတဲ့အရာတွေကို မိဘတွေအနေနဲ့ အသိအမှတ်ပြုတယ်ဆိုတာကို ကလေးတွေကို ခံစားရစေဖို့ဖြစ်ပါတယ်။ 

 

မိမိရဲ့ကလေးနဲ့ အပေးအယူမျှအောင် ဘယ်လိုလေ့ကျင့်ရမလဲ

ကလေးရဲ့ ဦးနှောက်တည်ဆောက်ဖို့က ရှုပ်ရှုပ်ထွေးထွေး နည်းလမ်းတွေ သုံးဖို့မလိုအပ်ပါဘူး။ နေ့စဉ်လုပ်နေကျလုပ်ရပ်လေးတွေကို အချိန်ပေးတည်ဆောက်ရုံပါပဲ။ ကလေးနဲ့အတူရှိတဲ့ အချိန်တိုင်းကို ကစားရင်း သင်ယူဖို့အတွက် ပျော်စရာကောင်းတဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။

သားသားမီးမီးလေးနဲ့အတူ နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ အပေးအယူမျှဖို့ စတင်လုပ်ဆောင်နိုင်မယ့် လွယ်ကူတဲ့နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

နာမည်ပေးဂိမ်းကစားမယ်

UNICEF
UNICEF Myanmar/2022/Naing Linn Soe

မနက်ခင်းလုပ်နေကျအလုပ်လေးတွေမှာ ပျော်စရာတချို့ ဖန်တီးပါ။ ကလေးကို အဝတ်အစားဝတ်ပေးရင်း သူတို့ကို အရေးကြီးတဲ့ စကားလုံးလေးတွေကို သင်ပေးနိုင်ပါတယ်။ အဝတ်အစား ဝတ်ပေးနေရင်းကနေ အင်္ကျီဆိုအင်္ကျီ၊ ဘောင်းဘီဆိုဘောင်းဘီ စတဲ့ စကားလုံးလေးတွေကို ကလေးရဲ့ စိတ်ဝင်စားမှုအပေါ်လိုက်ပြီး အသံထွက်ပြောပြပေးကြည့်ပါ။ သူ့ရဲ့ ရှပ်အင်္ကျီကိုကိုင်ပြီး "ဟုတ်တယ် ဒါက သားသားရဲ့ ရှပ်အင်္ကျီ" လို့ ပြောပြပါ။ နောက်တစ်ဆင့်အနေနဲ့ အဲဒီအင်္ကျီနဲ့ပတ်သက်ပြီး အသေးစိတ်လေးတွေကို သင်ပေးပါ- "ဒီရှပ်အင်္ကျီလေးက ဘာအရောင်လဲ"။ ဒါက အပြာရောင်ရှပ်အင်္ကျီပဲ! "

 

ပျော်စရာကောင်းတဲ့ အစာစားချိန်ဖြစ်အောင် ဖန်တီးမယ်!

UNICEF Myanmar
UNICEF Myanmar/2018/Nyan Zay Htet

ကလေးနဲ့အတူ မီးဖိုချောင်မှာ စူးစမ်းလေ့လာပါ - မီးဖိုချောင်ထဲမှာ ကလေးစိတ်ဝင်စားမယ့် အရောင်တွေ၊ ပုံသဏ္ဌာန်တွေနဲ့ အနံ့တွေ ပြည့်နေပါတယ်။ ကလေးစိတ်ဝင်စားနိုင်တဲ့အရာလေးတွေကို သတိထားပြီး ပြပေးပါ၊ ကလေးရဲ့ စပ်စုလိုစိတ်ကို အားပေးပါ။  ဥပမာ ကလေးက ငှက်ပျောသီးကို စိတ်ဝင်တစားရှိနေရင် ငှက်ပျောသီးကိုကိုင်ပြီး ဒါကဘာလဲ၊ ဘယ်လိုခံစားရလဲ ၊ ဘယ်လိုအရောင်လဲဆိုတာကို သင်ကြားပေးပါ။ ကလေးရဲ့ စူးစမ်းလိုစိတ်ကို အသိအမှတ်ပြုပေးထားဟာ ကလေးတွေအနေနဲ့ သူတို့ကို နားလည်ပေးတယ်၊ ဂရုစိုက်တယ်လို့ ခံစားရစေပါတယ်။ 

 

ရေချိုးရင်း ကစားမယ်

UNICEF Myanmar
UNICEF Myanmar/2021/Minzayar Oo

ရေချိုးရင်းကစားလို့ရတဲ့ အရုပ်၊ ဘောလုံးလေးတွေ စုဆောင်းထားနိုင်ပါတယ်။ ကလေးကြိုက်တဲ့အရုပ်ကို အရင်ရွေးပါစေ။  ပြီးရင် အပြန်အလှန် ပစ်ပြီး ကစားပေးပါ။ အရုပ်နောက်တစ်ရုပ်ကိုပြောင်းဆော့ချင်လာပြီးဆိုရင် ဒီတစ်ရုပ်နဲ့ “သား/သမီး ဆော့လို့ပြီးပြီနော်” ဆိုပြီး ပြောပေးတာကလည်း ကလေးတွေရဲ့ ဆန္ဒအမှန်ကို အသိအမှတ်ပြုပေးရာရောက်ပါတယ်။  လေးဘက်သွားအရွယ်ကလေးတွေက မွေးကင်းစကလေးတွေထက် ကစားတဲ့နေရာမှာ ပိုပြီးဦးဆောင်လာနိုင်တာကြောင့် လူကြီးတွေက နောက်ကနေ အလိုက်သင့်လေး ဆော့ပေးရုံပါပဲ။ ကစားချိန် အစနဲ့ အဆုံးကို ဆုံးဖြတ်ပေးစေတာ၊ သူတို့အာရုံရနေတဲ့အရာတွေကို မျှဝေခံစားပေးတာ၊ ဦးဆောင်စေတာမျိုးတွေက ကလေးတွေရဲ့ လေ့လာသင်ယူမှုနဲ့ စူးစမ်းလေ့လာမှုတွေကို ပံ့ပိုးပေးပါတယ်။

 

ထောက်ပြမယ်၊ သင်ယူမယ်

UNICEF Myanmar
UNICEF Myanmar/2019/Minzayar Oo

ကားစီးနေချိန်ဖြစ်ဖြစ်၊ အပြင်မှာ လမ်းလျှောက်သွားတဲ့ချိန်ဖြစ်ဖြစ် ကလေးတွေမြင်ကွင်းထဲ ရောက်လာတဲ့ အရာတွေ အများကြီးရှိပါတယ်။ ကလေးရဲ့ အမူအရာ၊ အကြည့်၊ အသံတွေကတစ်ဆင့် သူတို့စိတ်ဝင်စားမယ်ထင်ရတဲ့အရာကို အာရုံစိုက်ပြီး အဲဒါက ဘာလဲဆိုတာ ထောက်ပြပြီး ပြောပြပေးပါ _ "အော် မီးမီးက ငှက်ကလေးကိုမြင်တာလား" ဒီငှက်လေးက လှလိုက်တာနော်! " ဒါက ကလေးကို သူတို့စိတ်ဝင်စားတဲ့အရာကို မိမိက ဂရုစိုက်တဲ့အကြောင်း ပြတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်က လောကကြီးကို စူးစမ်းလေ့လာဖို့ အားပေးနိုင်မှာဖြစ်ပါတယ်။

 

တစ်ယောက်တစ်လှည့် ခွံ့ကျွေးမယ်

UNICEF Myanmar
UNICEF Myanmar/2018/Minzayar Oo

ကလေးနဲ့ တူတူမုန့်စားတဲ့အခါ တစ်ယောက်တစ်လှည့် မုန့်ခွံ့ကြည့်ပါ - ဇွန်းမကိုင်နိုင်သေးတဲ့ကလေးဆိုရင် “ဒီတစ်လှည့် ဘယ်သူစားမလဲ၊ မေမေစားရမလား၊ နောက်တစ်လှည့် သားသားစားမလား”စသဖြင့် မေးပြီးချော့မြူနိုင်ပါတယ်။  အချိန်လေးနည်းနည်းယူပြီး ကလေးရဲ့ အဖြေကို စောင့်ကြည့်ပါ။ အလှည့်နဲ့ လုပ်ဆောင်တာဟာ ကလေးတွေရဲ့ ကိုယ်ကိုယ့်ကိုယုံကြည်မှုတည်ဆောက်တဲ့နေရာ၊ ပေါင်းသင်းဆက်ဆံခြင်းတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ၆ လအထက် ကလေးတွေအတွက် သင့်တော်တဲ့ကစားနည်းဖြစ်ပါတယ်။

နေ့စဉ် ဒီလိုအပြန်အလှန် ဆက်သွယ်မှုတွေကို အချိန်ယူဖန်တီးပေးတာဟာ သင့်ကလေးရဲ့ ဘဝတစ်သက်တာ သင်ယူလေ့လာမှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေအတွက် အုတ်မြစ်ချပေးရင်း ပြင်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်လေးတွေကို ပုံဖော်ပေးရတာဟာ မေမေဖေဖေတို့အတွက် ပျော်စရာအချိန်လေးတစ်ခုလို့ မထင်မိဘူးလား။ 



ရေးသူ - Mandy Rich, Digital Content Writer, UNICEF