ပဋိပက္ခနဲ့ အကျပ်အတည်းအခြေအနေတွေအတွင်းမှာ မိမိကလေးကို ဘယ်လိုပံ့ပိုးပေးမလဲ

အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းဖို့အတွက် အကြံဉာဏ်ပြုချက်များ

UNICEF
UNICEF Myanmar
UNICEF Myanmar/2022/Minzayar Oo
21 ဇွန်လ 2023

ကြိုတင်တွေးထားလို့မရတဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့အချိန်မှာ မိမိကလေးကိုနားလည်အောင် ပြောပြဖို့ သင့်တော်တဲ့စကားလုံးမရှိဘူးလို့ ခံစားရတတ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုကြုံနေရတဲ့ မိဘတွေအတွက် လမ်းညွှန်ချက်ပေးဖို့ ယူနီဆက်ရဲ့ ကလေးစိတ်ပညာနဲ့ စိတ်ကျန်းမာရေး ကျွမ်းကျင်သူ ဒေါက်တာ မာရှာဘရိုဖီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ 

 

ကိုယ်တိုင်က ကြောက်ရွံ့နေရတဲ့အချိန်မှာ မိမိကလေးကို ဘယ်လိုကာကွယ်ပြီး လမ်းညွှန်ပေးနိုင်မလဲ 

ကြောက်ရွံ့ခြင်းဆိုတာ မိမိနဲ့ မိမိကလေးနှစ်ဦးစလုံးအတွက် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုအပေါ်  သဘာဝအရ တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။ မိမိရဲ့ ကလေးကို သူတို့အသက်အရွယ်အလိုက် သင့်တော်တဲ့ ပုံစံမျိုးနဲ့ မေးမြန်းကြည့်ပြီး သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် မျှဝေနိုင်ဖို့ လုပ်ဆောင်ပေးပါ။ ကလေးတွေဟာ လူကြီးတွေရဲ့ ခန္ဓာကိုယ် အမူအရာတွေကြောင့်ဖြစ်ဖြစ်၊ မျက်နှာရိပ်မျက်နှာကဲတွေကြောင့်ဖြစ်ဖြစ် စိတ်ခံစားမှုအရဖြစ်တဲ့ အရိပ်အမြွက်တွေကို သတိပြုမိပြီး တုံ့ပြန်တတ်တာကြောင့် တတ်နိုင်သမျှ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ကလေးတွေကို စိတ်အေးစေမယ့် နည်းလမ်းနဲ့ ပြောဆိုတာက သူတို့အတွက် အထောက်အကူဖြစ်စေပါတယ်။ မိမိလည်း ကြောက်ရွံ့နေတယ်လို့ ပြောပြလို့ရပါတယ်။ ဒါက မိမိတို့နှစ်ဦးစလုံး ဒီအခြေအနေကို အတူတူဖြတ်သန်းနေရကြောင်း ကလေးကို နားလည်စေဖို့ ပြောပြပေးခြင်းဖြင့် အကူအညီပေးနိုင်ပါတယ်။ 

 

မိမိကိုရော မိမိကလေးတွေကိုပါ တည်ငြိမ်အောင်ထားနိုင်မယ့် နည်းလမ်းတွေက ဘာတွေလဲ

ဝမ်းဗိုက်ကိုအသုံးပြုပြီး အသက်ပြင်းပြင်းရှူခြင်းက အလွန်အထောက်အကူပြုပါတယ်။ ဒါကို မိမိရဲ့ ကလေးကြီးတွေနဲ့အတူ လုပ်နိုင်ပါတယ်။ အကယ်၍ မိမိမှာ ကလေးငယ်ငယ်ရှိတယ်ဆိုရင် ဒါကို ဂိမ်းတစ်ခုအနေနဲ့လုပ်နိုင်ပါတယ်။ အသက်ရှုသွင်းရင်းနဲ့ လက်ကို ခေါင်းပေါ်ထိ မြှောက်လိုက်ပြီး နေလုံးကြီးကိုပင့်ထားသလို ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြီး လက်ကိုဖြန့်ထားလိုက်ပါ။ ပြီးရင် အသက်ကိုပြန်ရှုထုတ်ရင်းနဲ့ လက်ကိုဘေးကိုပြန်ချလိုက်ပြီး ခန္ဓာကိုယ်ကို အရှေ့ကို အနည်းငယ်ကိုင်းချလိုက်ပါ။ ဒီလိုအသက်ရှုနည်းလေးကို ၅ ကြိမ်လောက်လုပ်ပေးခြင်းဖြင့် ကလေးရဲ့စိတ်ကိုတည်ငြိမ်စေပါတယ်။  

အကယ်၍ သင်ကိုယ်တိုင်က စိတ်တိုနေသလို ခံစားနေရတယ်ဆိုရင် ကိုယ့်ကိုကိုယ် ၁၀ စက္ကန့်လောက် အနားပေးပြီးတော့ ကိုယ်ခံစားနေရတဲ့အကြောင်းကို ယုံကြည်ရတဲ့ အခြားလူကြီးတစ်ဦးကို ပြောပြရင်ဖွင့်နိုင်ပါတယ်။ အိပ်ရာဝင်တာ၊ အစာစားတာလိုမျိုးအစရှိတဲ့ တစ်နေ့တာလုပ်ရိုးလုပ်စဉ်တွေကို တတ်နိုင်သမျှ အရင်ကအတိုင်း တစ်ချိန်တည်းဖြစ်အောင် လေ့ကျင့်ပေးပါ။ ဒါကအတော်လေး ခက်ခဲနိုင်ပေမယ့် သင့်ကလေးကို အကျပ်အတည်းမတိုင်ခင်က သူတို့ရဲ့ဘဝနဲ့ အနည်းငယ်ပိုပြီး ဆက်နွှယ်မှုရှိတယ်လို့ ခံစားရစေဖို့ ကူညီပေးပါလိမ့်မယ်။

UNICEF Myanmar
UNICEF Myanmar/2022/Naing Lin Soe

မိမိတို့အိမ်ကို ထားပြီးထွက်လာခဲ့ကြရပါတယ်။ ဒါကို ကလေးကို ဘယ်လို ရှင်းပြရမလဲ 

တတ်နိုင်သလောက် အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ နားလည်လွယ်မယ့်စကားလုံးများသုံးပြီး သတင်းအချက်အလက်တွေကို မျှဝေပေးဖို့ ကြိုးစားပါ။ ဒါဟာ မိမိရဲ့ကလေးတွေကို သူတို့ရဲ့ခံစားချက်တွေ နားလည်ဖို့ အချိန်ပေးခြင်းဖြစ်ပါတယ်။ သတိပြုရမှာက ကလေးတွေဟာ လူကြီးတွေလောက် နားလည်သဘောပေါက်နိုင်စွမ်းနဲ့ တုန့်ပြန်မှုမှာ လွယ်ကူမြန်ဆန်နိုင်မှာ မဟုတ်ပါ။ အကယ်၍ မိမိတို့က ဘေးလွတ်ရာကို မဖြစ်မနေ ပြောင်းရွှေ့ဖို့လိုတဲ့အခါ နားလည်လွယ်အောင် အဆင့်လေးတွေသုံးပြီး ရှင်းပြပါ - "အမေတို့ပစ္စည်းတွေကို ကျောပိုးအိတ်ထဲထည့်မယ်၊ ပြီးရင် ပိုပြီးလုံခြုံတဲ့နေရာကို သွားကြမယ်။" 

သင့်မှာကလေးတွေကို ပြန်ပြောပြဖို့ အဖြေအားလုံးမရှိလည်း ရပါတယ်။ အိမ်က ထွက်ပြေးဖို့လိုတယ်ဆိုရင် မိမိတို့ ပြန်လာမလားဆိုတာ မသေချာဘူးလို့ ရိုးရိုးသားသား ပြောပြပါ။ ကလေးကို ဒီလိုပြောပြနိုင်ပါတယ်-" ဖေဖေတို့ အခု အိမ်နဲ့အဝေးကိုရောက်နေတယ်။ ဒါပေမဲ့ ဖေဖေတို့ဘေးကလူတွေရော ကမ္ဘာတစ်ဝန်းလုံးက လူတွေကပါ ပြန်ပြီးငြိမ်းချမ်းအောင်လုပ်ပေးဖို့ ကြိုးစားနေကြတယ်။ တစ်ချိန်ကျရင် ဖေဖေတို့အိမ်ကို ပြန်သွားနိုင်ဖို့ မျှော်လင့်ထားတယ်။ အခုတော့ သေချာမသိသေးဘူးပေါ့။" 

 

မိမိတို့မိသားစု တကွဲတပြားစီဖြစ်နေပါတယ်။ ဒါကို ကလေးကို ဘယ်လိုပြောပြသင့်ပါသလဲ 

ကလေးကို သူချစ်ရတဲ့ မိဘတွေ၊ မိသားစုဝင်တွေက သူ့ဆီကိုပြန်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့အကြောင်း အသိပေးထားပါ။ အခုချိန်မှာ မိမိမှာအဖြေမရှိသေးတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားနိုင်ပါတယ်။ ဒါပေမဲ့ ပိုပြီးသိရှိနိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခုခု၊ အေဂျင်စီတစ်ခုခုနဲ့ စကားပြောဖို့ အခွင့်အရေးတိုင်းကို အသုံးချပြီး မိမိသိရတာနဲ့ သူတို့ကို သိရသမျှတွေကို မျှဝေပြောပြနိုင်ပါတယ်။ ဖြစ်နိုင်ရင် တခြားမိသားစုဝင်တွေနဲ့ ဖုန်းပြောတာ၊ မက်ဆေ့ချ်ပို့တာတွေကလည်း အထောက်အကူပြုနိုင်ပါတယ်။ 

ကလေးငယ်တွေအတွက် အရင်က မိမိတို့ကြုံတွေ့ခဲ့ရတဲ့ ကောင်းတဲ့အတွေ့အကြုံတွေအကြောင်း ပြောပြဖို့ ကြိုးစားပါ။ ဥပမာ - “ဖေဖေတို့ ဒီနေရာကို သွားခဲ့တာ မှတ်မိလား။ သားနဲ့ ဖေဖေတို့ မုန့်တွေစားခဲ့တာလေ" အစရှိသဖြင့် ပြန်လည်ပြောပြပါ။ ဆယ်ကျော်သက်လူငယ်တွေအတွက် ဖြစ်နိုင်ရင် သူတို့ရဲ့ သက်တူရွယ်တူတွေနဲ့ စကားပြောနိုင်ဖို့ အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ သူတို့ အဲ့လိုစကားပြောပြီးတဲ့အချိန်ကျရင် သူတို့ရဲ့ စိတ်ခံစားမှုအခြေအနေ ဘယ်လိုရှိလဲဆိုတာ လေ့လာကြည့်ပါ။ 

 

မိမိတို့ချစ်ရတဲ့သူတစ်ယောက် သေဆုံးသွားတဲ့အခါ ကလေးကို ဘယ်လိုပြောပြသင့်ပါသလဲ

ဖြစ်ပေါ်နေတဲ့အကျပ်အတည်းကြောင့် မိမိတို့မိသားစုဝင်တစ်ယောက် (သို့) ရင်းနှီးရတဲ့သူတစ်ယောက် သေဆုံးခဲ့ရမယ်ဆိုရင် အရေးအကြီးဆုံးက အမှန်တရားကို ဖုံးကွယ်မထားဖို့နဲ့ အချိန်ဆွဲမထားဖို့ပါပဲဖြစ်ပါတယ်။ ကလေးကို အကာအကွယ်ပေးဖို့ဆိုတာ သဘာဝကျပေမယ့် ရိုးသားပွင့်လင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ကိစ္စကို ကလေးကို ပြောပြခြင်းက မိမိအပေါ် သူ့ရဲ့ ယုံကြည်မှုကိုလည်း တိုးစေသလို သူတို့ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့ခံစားချက်ကိုလည်း ပိုပြီးကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ဖို့ကူညီရာရောက်ပါတယ်။ 

ချစ်ရတဲ့သူတစ်ယောက် ဆုံးပါးသွားတဲ့အကြောင်း မိမိကလေးကို ဘယ်လိုပြောပြမလဲ

UNICEF Myanmar
UNICEF Myanmar/2023/Naing Lin Soe

ပေါက်ကွဲသံတွေအများကြီး ကြားနေရပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ မိမိကလေးတွေအတွက် ဘာလုပ်ပေးနိုင်မလဲ 

ဖြစ်နိုင်ရင် ကလေးကို ကြိုတင်ပြီး အသက်အရွယ်နဲ့ သင့်တော်တဲ့ နည်းလမ်းနဲ့ ဒီလိုဖြစ်လာနိုင်ခြေအကြောင်းနဲ့ ဖြစ်လာတဲ့အချိန်မှာ မိမိတို့ဘာလုပ်ကြမလဲဆိုတာကို ပြောပြထားပါ။ ကလေးကို ပြောနိုင်တာက "အမေတို့ အသံအကျယ်ကြီးတချို့ ကြားရလိမ့်မယ်၊ အဲဒီလိုကြားရရင် အမေတို့ လုံခြုံတဲ့နေရာတစ်ခုကိုသွားမယ်၊ အဲဒီမှာ ခဏနေကြမယ်နော်။ အသံအကျယ်ကြီးကြားရတဲ့အခါ အမေတို့ တယောက်နဲ့တယောက် ဖက်ထားကြမယ်၊ ပြီးရင် အမေတို့အတူတူပျော်ခဲ့တုန်းက အကြောင်းတွေ ပြောကြမယ်။" စာအုပ်တစ်အုပ်ရှိမယ်ဆိုရင် အတူတူဖတ်နေလို့ရပါတယ်။ အရေးကြီးဆုံးကတော့ တိတ်တိတ်ဆိတ်ဆိတ် နေဖို့နဲ့ ပတ်ဝန်းကျင်က အသံတွေကို အမြဲအာရုံစိုက်နေဖို့ပဲဖြစ်ပါတယ်။  

 

မိမိတို့ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ ကြောက်စရာ အကြမ်းဖက်မှုအကြောင်း ကလေးတွေကို ဘယ်လိုရှင်းပြရမလဲ

ကလေးငယ်တွေအတွက်တော့ ကမ္ဘာပေါ်မှာ တစ်ခါတစ်ရံ မကောင်းတာတွေကို လုပ်နေတဲ့လူတွေရှိနေတဲ့အကြောင်းနဲ့ အခု အဲဒီလိုဖြစ်နေတဲ့အကြောင်းကို ရှင်းပြဖို့ အရေးကြီးပါတယ်။ ဒါက သားတို့သမီးတို့ကြောင့် ဖြစ်တာမဟုတ်ကြောင်း သူတို့စိတ်ချရအောင် ပြောပြပါ။ ကမ္ဘာတဝန်းမှာ ဒီလိုဆိုးရွားတဲ့ အဖြစ်အပျက်တွေ မဖြစ်အောင် ကာကွယ်ဖို့ ကြိုးစားနေတဲ့ လူတွေ အများကြီး ရှိတယ်ဆိုတဲ့အကြောင်း သူတို့ကို ပြောပြပါ။ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု မကြာခင်ရလာနိုင်မယ်လို့ ကတိပေးတာမျိုးမဟုတ်ဘဲ မျှော်လင့်ထားတဲ့အကြောင်း ကလေးကို အသိပေးနိုင်ပါတယ်။ 

မိုဘိုင်းဖုန်း အသုံးပြုနိုင်ပြီဖြစ်တဲ့ ပိုကြီးတဲ့ကလေးတွေအတွက်တော့ သူတို့ ဘာတွေဖတ်နေ၊ နားထောင်နေလဲဆိုတာ သိနိုင်ဖို့ သူတို့နဲ့အတူ လေ့လာကြည့်ပါ။ ဒေါသကြီးပြီး အမုန်းပွားနေတဲ့ လူတချို့ရှိပေမယ့် ကမ္ဘာပေါ်ကလူအများစုဟာ ဒါကိုရပ်တန့်ဖို့ ကြိုးစားနေတဲ့ ကြင်နာတတ်ပြီး ငြိမ်းချမ်းတဲ့လူတွေ ဖြစ်တဲ့အကြောင်း အသိပေးပါ။ သင်ရှာလို့ရသမျှ အပြုသဘောဆောင်တဲ့ ဇာတ်ကြောင်းတွေကို ပြောပြပေးပါ။ ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုမှာတောင် မယုံနိုင်လောက်အောင် ရဲရင့်တဲ့အရာတွေကို လုပ်ဆောင်နေတဲ့လူတွေ ရှိနေကြပြီး။ အဆိုးရွားဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုတာကို မမေ့ပါနဲ့ဟု ပြောပြပေးပါ။