ကစားချိန်မှာ ပုံသေကားကျ ကျားမသတ်မှတ်ချက်တွေကို ဘယ်လိုဖယ်ရှားကြမလဲ

ကလေးအားလုံး ပါဝင်ကစားနိုင်တဲ့ ကစားခြင်း

UNICEF Myanmar
UNICEF Myanmar
UNICEF Myanmar/2021/Nyan Zay Htet
13 ဇွန်လ 2024

ကစားတယ်ဆိုတာ ကလေးတိုင်းရဲ့ သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျပါတယ်။ မိဘတစ်ဦးအနေနဲ့ ကလေးတွေနဲ့အတူတူ ကစားတဲ့အချိန်အတွင်းမှာရော၊ မိမိရွေးချယ်လိုက်တဲ့ ကစားစရာနဲ့ ကစားနည်းတွေ၊ လှုပ်ရှားဆောင်ရွက်မှုတွေအတွက်ပါ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။

ဒီလိုလုပ်ဆောင်တဲ့အခါမှာ မသိလိုက်ဘဲဖြစ်ဖြစ် ကျားမသတ်မှတ်ချက်၊ မသန်စွမ်းမှု၊ လူမျိုး၊ တိုင်းရင်းသား ဒါမှမဟုတ် ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ပုံသေကားကျပုံစံတွေကို တစ်နည်းနည်းနဲ့ အားပေးသလို ဖြစ်သွားနိုင်တယ်ဆိုတာကို တွေးကြည့်ဖူးပါသလား။ ကိုယ့်ကလေးကို အိမ်မှာပြုစုပျိုးထောင်တဲ့ပုံစံဟာ ကလေးရဲ့ လူမှုဆက်ဆံရေးအပေါ် (လူမှုစံနှုန်းတွေအရ သူတို့အပြုအမူတွေကို သင်ယူပုံနည်းလမ်း) များစွာသက်ရောက်မှုရှိပါတယ်၊ ကစားခြင်းကလည်း ဒီထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဥပမာ ကလေးတွေကြား ကျားမသတ်မှတ်ချက်အကြောင်း စဉ်းစားကြည့်တဲ့အခါ မိန်းကလေးတွေကိုဆိုရင် အိမ်ထဲမှာ အရုပ်မလေးတွေနဲ့ ကစားခိုင်းမယ်၊ ယောက်ျားလေးတွေကိုဆိုရင် အိမ်အပြင်မှာ ကစားခိုင်းမယ်။ ဒါက မိန်းကလေးတွေကို ငယ်ရွယ်တဲ့အချိန်မှာကတည်းက စောင့်ရှောက်သူတွေဖြစ်လာဖို့ သင်ကြားပေးလိုက်တာဖြစ်ပေမယ့် တစ်ဖက်မှာလည်း တခြားသော သိမှုစွမ်းရည်တွေ၊ ကာယလှုပ်ရှားမှုနဲ့ဆိုင်တဲ့ စွမ်းရည်တွေ၊ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ယောကျ်ားလေးတွေကို မကြာခဏဆိုသလို သေနတ်လို ကစားစရာတွေပေးပြီး တခြားရွယ်တူကောင်လေးတွေ ၊ အမျိုးသားကြီးတွေနဲ့အတူ လှုပ်လှုပ်ရှားရှား၊ တစ်ခါတလေ ပိုပြီးကြမ်းကြမ်းရမ်းရမ်း ဆော့ကစားရတဲ့ ကစားနည်းတွေ ကစားဖို့အားပေးတတ်ကြပါတယ်။ ဒါက အစွန်းရောက်တဲ့ ဖိုသဘာဝကို အားပေးရာ ရောက်တတ်ပါတယ်။

ကလေးတွေကစားလေ့ရှိတဲ့ ကစားစရာတွေ၊ ဖတ်တဲ့စာအုပ်တွေမှာ မသန်စွမ်းကလေးတွေနဲ့ ဖယ်ကျဉ်ထားခံရတဲ့ လူနည်းစုအုပ်စုက ကလေးတွေအတွက် ထည့်သွင်းမစဉ်းစားတာတွေ ရှိတတ်ပါတယ်။ ဒီကလေးတွေနဲ့ မကိုက်ညီဘဲ​ ကလေးတွေကို စိတ်အားငယ်စေမယ့် ပုံသေကားကျပုံစံတွေကို မြင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သားသမီးအပေါ် တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းရှိတာကြောင့် ကလေးနဲ့အတူကစားတဲ့အခါ ဒီလိုဘက်လိုက်တဲ့ အဖြစ်မျိုးတွေမဖြစ်အောင် ကာကွယ်‌ပေးနိုင်ပါတယ်။ အိမ်မှာနေရင်း ကျားမမခွဲခြားပဲ အားလုံးပါဝင်ပြီး ကစားနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ယောက်ျားလေးနဲ့ မိန်းကလေးတွေကို ကျောင်းတက်ဖို့အားပေးပြီး ကစားဖို့ချိန်ကိုလည်း ညီတူမျှတူ ပေးပါ။ အိမ်မှုကိစ္စတွေလုပ်တဲ့အခါမှာလည်း ယောက်ျားလေး မိန်းကလေး မခွဲခြားဘဲ တန်းတူညီတူ လုပ်ခိုင်းပါ။

၂။ ကလေးကို လူမှုကျွမ်းကျင်မှုတွေ၊ သိမှုစွမ်းရည်တွေ ပြည့်ပြည့်ဝဝ တိုးတက်စေနိုင်တဲ့ ကစားစရာတွေ၊ ကစားနည်းတွေနဲ့ ကစားခိုင်းပါ။ ဥပမာ စာပေနဲ့ အတွက်အချက် ကျွမ်းကျင်မှုတွေ၊ သိမှုစွမ်းရည်နဲ့ လူမှုစွမ်းရည်တွေကို ဖွံ့ဖြိုးစေတဲ့ကစားနည်းတွေ၊ ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို လှုံ့ဆော်ပေးတဲ့ ကစားစရာတွေကို ရှာပေးပါ။  

၃။ ကလေးတွေကို မတူကွဲပြားမှုတွေကို အပြုသဘောနဲ့ အသိပေးတဲ့၊ မတူညီတဲ့ ယဉ်ကျေးမှုအမျိုးမျိုးကို ဂုဏ်ယူဖွယ်ရာဖြစ်အောင် တင်ဆက်ပြသတဲ့ မသန်စွမ်းကလေးတွေကိုပါ အလေးပေးထည့်သွင်းဖော်ပြတတ်တဲ့၊ ကျားမခွဲခြားမှုကင်းခြင်းကို ပုံဖော်ပြသတဲ့ စာအုပ်တွေ၊ ရုပ်သံတွေကို ပြပေးပါ။

၄။ ကလေးတွေကိုကစားခိုင်းတဲ့အခါ ယောက်ျားလေးဆိုရင် မိန်းကလေး၊ မိန်းကလေးဆိုရင် ယောက်ျားလေးနဲ့ ဆက်စပ်တဲ့ ရိုးရာကစားစရာတွေ၊ ကစားနည်းတွေကို ကစားခိုင်းပါ။ ယောက်ျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံး အရုပ်မလေးတွေ၊ အိုးပုတ်တမ်းတွေနဲ့ ကစားလို့ရသလို ပြေးလွှားဆော့ကစားရတဲ့ ကစားနည်းတွေလည်း ကစားလို့ရပါတယ်။ ကစားစရာနဲ့ ကစားနည်းတွေဆိုတာ ကလေးတွေကို တက်တက်ကြွကြွနဲ့ လိုက်လျောညီထွေ ကစားတတ်အောင်၊ ဖန်တီးနိုင်စွမ်းတွေ၊ လူမှုဆက်ဆံရေးနဲ့ ပြဿနာဖြေရှင်းနည်း စွမ်းရည်တွေကို သင်ကြားပေးနိုင်တဲ့ အသုံးချကိရိယာတွေသာဖြစ်သင့်ပြီး ကလေးတွေကြား မသိစိတ်ကနေ ငါယောကျ်ားလေးမို့ ၊ မိန်းကလေးမို့ ကစားနည်းတစ်မျိုးကိုသာ ကစားရမယ်ဆိုတဲ့ အသိစိတ်တွေဝင်သွားတာမျိုး မဖြစ်သင့်ပါ။  

၅။ မိန်းကလေးအတွက်ဆို ပန်းရောင်လေးနဲ့ထုပ်ပိုးထားတာ၊ ယူနီကွန်း၊ သက်တန့်နဲ့ အသဲပုံလေးတွေ၊‌ ယောက်ျားလေးတွေအတွက်ဆို အပြာရောင်ထုပ်ပိုးမှုပုံစံ၊ စက်ရုပ်၊ အာကာသယာဉ်နဲ့ တန်ဆာပလာဘူးတွေလို တမင်တကာလုပ်ယူထားတဲ့ ပုံသေကားကျ ယောက်ျားလေး မိန်းကလေး သီးသန့် ကစားစရာတွေ၊ ကစားနည်းတွေကို ရှောင်ပါ။ ကလေးတွေ ကစားတဲ့ ကစားစရာတွေ၊ ကစားနည်းတွေဟာ ကလေးအားလုံးနဲ့ဆိုသက်ဆိုင်ပြီး မတူညီခြားနားခြင်းတွေကို အပြုသဘောနဲ့ ကိုယ်စားပြုဖို့လိုပါတယ်။ 

၆။ မားကတ်တင်းနဲ့ ကြော်ငြာတွေက အဓိပ္ပါယ်မဲ့တဲ့ ကျားမစံနှုန်းတွေကို အားပေးရာရောက်ပြီး ကလေးတွေကို ဖယ်ကျဉ်ထားတတ်တာကို သတိပြုပါ။ ကလေးတွေကို အပြုသဘောဆောင်တဲ့အသိမျိုး ပေးနိုင်တဲ့ ကစားစရာတွေ၊ စာအုပ်တွေ၊ ကစားနည်းတွေကို ရွေးချယ်ပေးပါ။

၇။ လွန်လွန်ကျူးကျူး ကြမ်းတမ်းရက်စက်တဲ့ ဂိမ်းတွေ၊ လိင်အသားပေး ဒစ်ဂျစ်တယ်ဂိမ်းတွေ အပါအဝင် ကလေးတွေကို သေနတ်တွေ၊ ကြမ်းတမ်းတဲ့ ကစားစရာတွေနဲ့ ထိတွေ့နေလားဆိုတာကို အမြဲသတိပြုပေးနေပါ။  ဒစ်ဂျစ်တယ်ဂိမ်းကဏ္ဍဟာ တဟုန်ထိုးတိုးတက်လာနေပြီး သူ့ရဲ့ ဖန်တီးထားတဲ့ အကြောင်းအရာအများစုမှာ ယောက်ျားလေး မိန်းကလေး သိသိသာသာ ခွဲခြားဘက်လိုက်ထားတာတွေ၊ လိင်အသားပေးတာတွေနဲ့ အကြမ်းဖက်မှုတွေကို လျစ်လျူရှုထားတာတွေ ပါဝင်တတ်ပါတယ်။ များသောအားဖြင့် ဒီလိုဂိမ်းတီထွင်သူတွေဟာ ဆယ်ကျော်သက်လူငယ်တွေကို ပစ်မှတ်ထားလေ့ရှိပြီး ဘက်လိုက်ခွဲခြားတဲ့ ကျားမသတ်မှတ်ချက်တွေများစွာပါဝင်တတ်တဲ့အပြင် အနာဂတ်မျိုးဆက်သစ်တွေရဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကို အစွန်းရောက်အောင် တွန်းပို့တာမျိုးဖြစ်တတ်ပါတယ်။

၈။ ဒစ်ဂျစ်တယ်ဂိမ်းတွေနေရာမှာ အားကစားအမျိုးမျိုးနဲ့ ပြေးလွှားဆော့ကစားရတဲ့ ကစားနည်းတွေနဲ့ အစားထိုးပါ၊ အားဖြည့်ပါ။ ကာယလှုပ်ရှားမှုဆိုတာ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ကလေးအားလုံး ကျန်းကျန်းမာမာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကလေးတွေကို ငယ်ရွယ်စဉ် ကတည်းက အားကစားလုပ်ဖို့ အားပေးပါ။ ကစားကွင်းမှာ ကစားခိုင်းတာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဂိမ်းကစားခိုင်းတာဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှား ကစားနည်းတွေ ကစားဖို့ တိုက်တွန်းသင့်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ သိမှုစွမ်းရည်နဲ့ ဖန်တီးနိုင်စွမ်းတွေကို ပြည့်ပြည့်ဝဝ ပုံပေါ်လာအောင် ပံ့ပိုးပေးဖို့ကြိုးစားပါ၊ ယောက်ျားလေးကိုရော မိန်းကလေးကိုပါ အိမ်တွင်းနဲ့ အိမ်ပြင်မှာ ကစားချိန်အတူတူပေးပါ။

၉။ ကလေးရဲ့ ဒေါသစိတ်နဲ့ ခံပြင်းစိတ်တွေကို ရန်လိုစိတ်နဲ့ အနိုင်ကျင့်တတ်တဲ့စိတ်တွေအဖြစ် ပြောင်းလဲမယ့်အစား ပြဿနာဖြေရှင်းနိုင်တဲ့၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ အကျိုးပြုတဲ့ ကာယလှုပ်ရှားမှုအဖြစ် ပြောင်းလဲတတ်အောင် အားပေးပါ။

ကစားတယ်ဆိုတာ မိဘနဲ့ သားသမီးကြားက သံယောဇဉ်ကို တည်ဆောက်တာဖြစ်ပြီး အတူတူရှိနေတဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားဖို့ မမေ့ပါနဲ့။


ဤဆောင်းပါးကို LEGO Foundation မှပံ့ပိုးပါသည်။ သင်ယူမှုကို အထောက်အကူပြုသော ပျော်စရာစိတ်ကူးများအတွက်  ကစားခြင်းမှတစ်ဆင့်သင်ယူခြင်းတွင် ဝင်ရောက်ကြည့်ရှုပါ။