မုန်တိုင်းသတင်းကြားတဲ့အခါ ဘယ်လို ကြိုတင်ပြင်ဆင်ကြမလဲ

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေစဉ်အတွင်း သင့်မိသားစုကို ဘေးကင်းအောင်ထားနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်လေးများ

UNICEF
UNICEF Myanmar
UNICEF Myanmar/2023/Naing Lin Soe
15 မေလ 2024

ဆိုင်ကလုန်းမုန်တိုင်းတွေဟာ ပျက်စီး‌ခြင်းတရား၊ အကြောက်တရားနဲ့ မရေရာမှုတရားတို့ကို သယ်ယူဆောင်ကျဉ်းပါတယ်။ မုန်တိုင်းလာရင် အရန်သင့်ဖြစ်နေစေဖို့၊ သင်နဲ့ သင့်မိသားစု ဘေးကင်းလုံခြုံစေဖို့အတွက် အောက်ပါအကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ပေးပါနော်။

 

ဆိုင်ကလုန်းမုန်တိုင်းဆိုင်ရာ အချက်အလက်များ

●        ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ

●        ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေစဉ် ဘာလုပ်ရမလဲ

●        ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ဘာလုပ်ရမလဲ

●        ကလေးငယ်များကို အားပေးနှစ်သိမ့်ခြင်း

 

ဆိုင်ကလုန်းမုန်တိုင်းဆိုင်ရာ အချက်အလက်များ

ဟာရီကိန်း (hurricane) နဲ့ တိုင်ဖွန်း (typhoon) ကဘာကွာတာလဲ?

ဟာရီကိန်းနဲ့ တိုင်ဖွန်းနှစ်ခုစလုံးဟာ အပူပိုင်းဒေသတွေမှာ ဖြစ်ပေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကို ခေါ်တဲ့ အခေါ်အဝေါ်တွေဖြစ်ပါတယ်။ သူတို့နှစ်ခုအကြား ကွာခြားချက်ဆိုလို့ ဖြစ်ပွားရာနေရာဒေသသာ ရှိပါတယ်။

 

ဆိုင်ကလုန်းမုန်တိုင်း (cyclone) ဆိုတာ ဘာလဲ?

ဆိုင်ကလုန်းမုန်တိုင်းဆိုတာ အလွန်ပြင်းထန်တဲ့ မိုးလေဝဿဖြစ်စဉ်တစ်ရပ်ဖြစ်ပါတယ်။ ပူနွေး‌တဲ့ရေထုအထက် လေဖိအားနည်းရပ်ဝန်းပိုင်း အတွင်းဘက်ကို လေတွေ ဝဲကတော့ပုံစံ ဝေ့ဝိုက်တိုက်ခတ်တာကြောင့် ဖြစ်ပေါ်လာတာပါ။

 

ဟာရီကိန်းမုန်တိုင်း (hurricane) ဆိုတာ ဘာလဲ?

ဟာရီကိန်းမုန်တိုင်းဆိုတာ အတ္တလန္တိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်ပြီး အနည်းဆုံး တစ်နာရီလျှင် ၁၁၉ ကီလိုမီတာ (၇၄ မိုင်) လေတိုက်နှုန်းရှိတဲ့ အပူပိုင်းဒေသဆိုင်ကလုန်းမုန်တိုင်းတစ်မျိုး ဖြစ်ပါတယ်။

 

တိုင်ဖွန်းမုန်တိုင်း (typhoon) ဆိုတာဘာလဲ?

တိုင်ဖွန်းမုန်တိုင်းဆိုတာက ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်ပြီး အနည်းဆုံး တစ်နာရီလျှင် ၁၁၉ ကီလိုမီတာ (၇၄ မိုင်) လေတိုက်နှုန်းရှိတဲ့ အပူပိုင်းဒေသဆိုင်ကလုန်းမုန်တိုင်းတစ်မျိုး ဖြစ်ပါတယ်။

 

အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်းတွေအတွက် ဘယ်လိုကြိုတင်ပြင်ဆင်မလဲ

UNICEF Myanmar
UNICEF Myanmar/2023/Maung Nyan
သင့်မိသားစုကို ဆိုင်ကလုန်းမုန်တိုင်းတွေအကြောင်း ပြောပြပါ

သင်ဟာ မုန်တိုင်းကျရောက်နိုင်ဖွယ် အန္တရာယ်ရှိတဲ့ ဒေသမှာ နေထိုင်သူဆိုရင် သင့်ရဲ့ ကလေးတွေကို သူတို့အရွယ်နဲ့ သင့်လျော်တဲ့ စကားလုံးအသုံးအနှုန်းတွေ အသုံးပြုပြီး မုန်တိုင်းဆိုတာ ဘယ်လိုမျိုးအရာတွေဖြစ်တယ်ဆိုတာ သေချာရှင်းပြပါ။ မုန်တိုင်းကျရောက်လာတဲ့အခါမှာလည်း သင်တတ်စွမ်းသမျှ သူတို့လေးတွေကို ဘယ်လိုမျိုး ဘေးကင်းအောင် ထားမလဲဆိုတာ သေသေချာချာအသိပေးထားပါ။

 

မုန်တိုင်းဒဏ်ခံနိုင်ဖို့အတွက် အိမ်ကအဆင်သင့် ဖြစ်နေပါစေ
  • အိမ်ပြင်ပက ပစ္စည်းတွေ - ဥပမာ ပရိဘောဂတွေ၊ အရုပ်တွေ၊ ပစ္စည်းကိရိယာတွေကို အိမ်ထဲထည့်ထားပါ။
  • အိမ်ရဲ့ မျက်နှာကြက်တွေ၊ တံခါးတွေ၊ ပြတင်းပေါက်တွေမှာ ယိုယွင်းနေတာရှိမရှိစစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ထားပါ။
  • ဖြစ်နိုင်ရင် မုန်တိုင်းဒဏ်ခံပြတင်းကာများ တပ်ဆင်ပါ။ ဒါမှမဟုတ် ပြတင်းပေါက်တွေကို သစ်သားပြားတွေနဲ့ကာပြီး တံခါးတွေကို လုံအောင်ပိတ်ပါ။
  • ရေတံလျှောက်တွေ၊ ရေမြောင်းတွေကို ရေမအိုင်စေဖို့ ရှင်းလင်းထားပါ။

 

အစီအစဉ်ဆွဲပါ
  • ကြိုတင်ပြင်ဆင်ထားရင် အရေးအကြောင်းဆို သင်နဲ့သင့်မိသားစု မကွဲမကွာဘဲ လုံလုံခြုံခြုံရှိနေစေဖို့ အထောက်အကူပြုမှာပါ။ မုန်တိုင်းဒဏ်ခံရမယ့် အန္တရာယ်ရှိတဲ့ ဒေသမှာနေထိုင်ပါက တစ်နှစ်တစ်ခါ မိသားစုနဲ့အတူ ထိုအစီအစဉ်ကို ပြန်လည်ဆန်းစစ်ပါ။
  • အကြောင်းကြောင်းကြောင့် နေထိုင်ရာဒေသကို စွန့်ခွာခဲ့ရရင်၊ ဒါမှမဟုတ် ဝန်ဆောင်မှုများ ပြတ်တောက်သွားခဲ့ရင် အသုံးပြုနိုင်ဖို့အတွက် တာရှည်ခံ အစားအစာ၊ ဆေးဝါး၊ ငွေ‌သား၊ ရှေဦးသူနာပြုပစ္စည်းအစုံ၊ ဓါတ်မီး၊ ဓါတ်ခဲနဲ့တကွ ရက်အနည်းငယ် သောက်လို့ရမယ့် သောက်ရေသန့်တို့ ပါဝင်တဲ့ အရေးပေါ်ပစ္စည်းစုံ တစ်စုံကို ပြုလုပ်ထားပါ။ သင့်မိသားစုအတွက် လိုအပ်လာနိုင်မယ့် အခြားပစ္စည်းတွေကို လည်း ထည့်ထားပါ။
  • မှတ်ပုံတင်လိုမျိုး အရေးကြီး စာရွက်စာတမ်းတွေကို  အမြင့် တစ်နေရာမှာ၊ ဒါမှမဟုတ် ရေဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် အရာတစ်ခုခု (ဥပမာ ရေလုံလေလုံ ပလတ်စတစ်အိတ်) ထဲမှာ ထည့်ထားပါ။ ကျောင်းဝတ်စုံလိုမျိုး အခြားအရေးကြီးပစ္စည်းတွေကိုလည်း ပလတ်စတစ်အိတ်နဲ့ ထုပ်ထားပါ။
  • သင့်ကလေးတက်‌ရောက်‌နေတဲ့ ကျောင်းရဲ့ ဆိုင်ကလုန်းမုန်တိုင်းကျရောက်စဉ် လုပ်ဆောင်မယ့် အစီအစဉ်ကို မေးမြန်းပြီး လေ့လာထားပါ။
  • မိသားစုထဲက အခြားအရွယ်‌ရောက်ပြီးသား လူကြီးတွေနဲ့ ကလေးကြီးတွေကို လိုအပ်ပါက ဘယ်လမ်းကြောင်းကနေ တစ်ဆင့် ဘေးကင်းရာကိုသွားမယ်၊ လုံခြုံတဲ့ဆုံမှတ်နေရာ ဒါမှမဟုတ် ခိုလှုံမယ့်နေရာက ဘယ်မှာရှိမယ်ဆိုတာကို ကြိုတင်ပြောထားကြပါ။ တစ်နေရာရာမှာ လူကွဲသွားပါကလည်း ဘယ်လိုတွေလုပ်ကြမလဲဆိုတဲ့ အစီအစဉ်တစ်ခုလည်း ဆွဲထားပါ။
  • ကလေးတွေကိုလည်း အရေးကြီးတဲ့ အချက်အလက်တွေ၊  ဥပမာ နေရပ်လိပ်စာ၊ အုပ်ထိန်းသူနာမည်နဲ့ အရေးကြီးတဲ့ ဖုန်းနံပါတ်တွေကို အလွတ်၊ ဒါမှမဟုတ် ချရေးပြီး မှတ်ခိုင်းထားပါ။
  • ရေကြီးနိုင်ခြေရှိတဲ့ ဒေသမှာနေထိုင်ပါက သွားလို့ရမယ့် ကုန်းမြင့်‌ရှိရာကို ရှာထားပါ။
  • ကလေးသူငယ်တွေနဲ့ တခြားမိသားစုဝင်တွေထဲ မသန်းစွမ်းသူ ရှိပါက သူတို့အတွက် လိုအပ်ချက်တွေကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲ ထည့်သွင်းစဉ်းစားပါ။

     

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ် ဘာလုပ်ရမလဲ

UNICEF Myanmar
UNICEF Myanmar/2023/Naing Lin Soe
ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ စကားကို နားစွင့်ထားပါ

မိုးလေဝသဆိုင်ရာ နောက်ဆုံးရသတင်းတွေနဲ့ တရားဝင်အကြံပြုချက်တွေကို သိရှိနိုင်ဖို့ ပြည်တွင်းသတင်းနဲ့ ရေဒီယိုအသံလွှင့်မှုတွေကို နားစွင့်ထားပါ။ အကယ်၍ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ အကြံပြုထားပါက အရေးပေါ် သုံးပစ္စည်းစုံနဲ့ သက်သေခံစာရွက်စာတမ်းတွေကို ချက်ချင်းယူ‌ဆောင်ပြောင်းရွှေ့ပါ။ အကယ်၍ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အကြံပြုထားခြင်း မရှိသေးရင် အိမ်ထဲမှာပဲ ပြတင်းပေါက်တွေနဲ့ ဝေးရာမှာ စိတ်ငြိမ်ငြိမ်ထားပြီး နေပါ။

 

သင့်အိမ်ကို လုံခြုံအောင်ထားပါ

ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ အကြံပြုထားပေမယ့် မသွားခင် ဘေးကင်းစွာ လုပ်ဆောင်လို့ရသေးတယ်ဆိုရင် စက်ပစ္စည်းတွေကို ပလပ်ဖြုတ်ပြီး လျှပ်စစ်မီး၊ ဂတ်စ်နှင့် ရေကဲ့သို့ ဝန်ဆောင်မှုတွေကိုလည်း ပိတ်ခဲ့ပါ။

 

သင့်ကလေးတွေ စိတ်သက်သာရာရစေဖို့ အားပေးပါ

သင့်ကလေးတွေကို သင်ပြင်ဆင်ထားတဲ့ အရေးပေါ်အစီအစဥ်အကြောင်း ပြောပြပါ။ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် သင့်တို့မိသားစုက အဆင်သင့်ဖြစ်နေကြောင်း ကလေးတွေကို အသိပေးပါ။ ဆိုင်ကလုန်းမုန်တိုင်းတွေအကြောင်းကိုလည်း သူတို့ အသက်အရွယ်နဲ့ကိုက်ညီတဲ့ နည်းလမ်းတွေအရ ရှင်းပြပြီး မေးခွန်းတွေမေးဖို့လည်း တိုက်တွန်းပါ။ သူတို့ဟာ ဘေးကင်း‌နေကြောင်းနဲ့ သူတို့ကို ထောက်ပံ့အားပေးရန် သင်လည်း သူတို့နဲ့တူတူ ရှိနေကြောင်း ပြောပြပါ။

 

သင့်ချစ်ရသူတွေကို နောက်ဆုံးရ အခြေအနေတွေအကြောင်း အသိပေးပါ

လုံခြုံသောတစ်နေရာကို သင်ရောက်ရှိပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ ရတာနဲ့တပြိုင်နက် သင့်ရဲ့အခြားမိသားစုဝင်တွေ၊ ဒါမှမဟုတ် သင်နဲ့နီးစပ်သူတွေကို သေချာအသိပေးပါ။

 

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ဘာလုပ်ရမလဲ

UNICEF Myanmar
UNICEF Myanmar/2023/Naing Lin Soe
ဆက်လက်ပြီး မျက်စိစွင့်နားစွင့်နေပါ

အပြင်မထွက်မီပဲဖြစ်ဖြစ်၊  အိမ်မပြန်မီပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေထံမှ အားလုံး အေးဆေး” ကြောင်း အသိပေးချက် ကို စောင့်ပါ။ ဆိုင်ကလုန်းမုန်တိုင်းတွေက အဆောက်အဦးတွေ၊ လမ်းတွေနဲ့ ဓာတ်အားလိုင်းတွေလို အခြေခံအဆောက်အအုံတွေကို ကြီးကြီးမားမား ပျက်စီးစေနိုင်ပါတယ်။ မုန်တိုင်းတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်စေနိုင်တဲ့အပြင် ကာလဝမ်းနဲ့ အူရောင်ငန်းဖျားကဲ့သို့ ရေမှတစ်‌ဆင့်‌ပေါက်ဖွားတဲ့ ရောဂါ ဖြစ်နိုင်ခြေတွေကိုလည်း တိုးစေပါတယ်။

 

သင့်မိသားစုကို ဆက်လက်လုံခြုံအောင်ထားပါ
  • လူတိုင်းကို တွဲလောင်းကျနေသော မီးကြိုးတွေ၊ အန္တရာယ်မကင်းတဲ့ အဆောက်အဦးတွေနဲ့ ဝေးရာမှာ နေခိုင်းပါ။
  • ကလေးသူငယ်တွေကို ရေကြီးမှုကြောင့် တက်လာသောရေတွေနဲ့ ဝေးရာမှာ နေခိုင်းပါ။ - ထိုရေတွေဟာ ညစ်ပတ်ပြီး ရောဂါပိုးပွှားတွေလည်း ပါကောင်းပါနိုင်ပါတယ်။
  • ထိခိုက်ဒဏ်ရာရနိုင်တာမို့  ကလေးငယ်တွေကို အပျက်အစီးတွေအနား မကစားခိုင်းပါနဲ့။
  • သင်ကိုယ်တိုင်နဲ့တကွ သင့်ကလေးတွေကို ခြောက်သွေ့တဲ့ အဝတ်အစားတွေဝတ်စေပြီး တတ်နိုင်သမျှ နွေးနွေးထွေးထွေးနေကြပါ။
  • သောက်သုံးရေက လုံခြုံစိတ်ချရတဲ့ အရင်းအမြစ်ကဖြစ်ကြောင်း သေချာပါစေ။ အစားအစားတွေကိုလည်း ကျတ်တဲ့အထိ ချက်ပြုတ်ထားကြောင်း သေချာပါစေ။ ဓာတ်အားပြတ်တောက်မှုကြောင့် ပျက်စီးသွားတဲ့၊ ဒါမှမဟုတ် ပျက်စီးသွားနိုင်တဲ့ ဘယ်အစားအစာကိုမှ မစားသုံးပါနဲ့။
  • သင်နှင့် သင့်ကလေးတွေ အစာမစားမီနဲ့ အိမ်သာသုံးပြီးနောက် လက်ကို သေချာဆေးကြောပါ။
  • မိသားစုဝင်တစ်ဦးဦး နာမကျန်းဖြစ်ကြောင်း ရောဂါလက္ခဏာပြသရင် ဆရာဝန်နဲ့ အမြန်ဆွေးနွေးပါ။

     

သန့်ရှင်းရေးလုပ်ချိန်မှာ မိမိလုံခြုံရေးကို အထူးဂရုပြုပါ

သင့်အိမ်မှာ ရေစုပ်ထုတ်ရန် လိုအပ်ပါက သတိထားပြီး လုပ်ပါ။ အပျက်အစီးနဲ့ လျှပ်စစ်ဝါယာကြိုး အန္တရာယ်တွေကို သတိထားပြီး ဖြည်းဖြည်းသာသာလုပ်ပါ။ တတ်နိုင်ရင် ၂၄ နာရီမှ ၄၈ နာရီအတွင်း ရနိုင်သမျှ အခြောက်ခံပါ။ ရေစိုနေတဲ့နေရာတွေကို လေဝင်လေထွက်ကောင်းအောင်ထားပြီး အခြောက်ခံပါ။ အခြောက်ခံလို့၊ ပြုပြင်လို့ မရတော့တဲ့ အရာတွေအကုန်လုံးကို စွန့်ပစ်ပါ။

တတ်နိုင်သမျှ သန့်ရှင်းရေးမှာ သင့်ကလေးငယ်ပါဝင်မှုကို ကန့်သတ်ပါ။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ မပြန်လာခင်  ဘေးကင်းစေဖို့ သူတို့ရဲ့အရုပ်တွေ၊ အဝတ်အထည်တွေနဲ့ နေထိုင်ရာနေရာတွေကို သေချာသန့်ရှင်းပြီး ပိုးသတ်သင့်ပါတယ်။ ရေကြီးရေလျှံတာကြောင့် ဆိုးဆိုးရွားရွား ညစ်ညမ်းနေတဲ့ ဘယ်ပစ္စည်းကိုမဆို စွန့်ပစ်ပါ။

 

မုန်တိုင်းအပြီး သင့်ကလေးတွေကို အားပေးနှစ်သိမ့်ခြင်း

UNICEF Myanmar
UNICEF Myanmar/2023/Naing Lin Soe
စကားစမြည်ပြောဆိုပြီး စကားဝိုင်းကို ဖွင့်ထားပါ
  • သင့်ကလေးက ဆိုင်ကလုန်းမုန်တိုင်းကြောင့် သူဘယ်လိုခံစားရကြောင်း ပြောပြနိုင်ဖို့ သေချာပေါက် အခွင့်အလမ်းပေးထားပါ။
  • ဂရုတစိုက် နားထောင်ပေးပြီး သူတို့ ခံစားချက်ကို လေးလေးနက်နက် ဂရုထားကြောင်း ပြသပါ။
  • ပွေ့ဖက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးပါ။
  • စိတ်ဆင်းရဲ‌ဖွယ် သတင်းမီဒီယာ ဖော်ပြမှုတွေနဲ့ ကြားမြင်ထိတွေ့တာကို ကန့်သတ်ပါ။

 

အာမခံချက်ပေးပါ
  • မုန်တိုင်းနဲ့ မုန်တိုင်းနောက်ဆက်တွဲတွေဟာ အမြဲ ဒီအတိုင်းပဲ တည်မြဲနေမှာ မဟုတ်ကြောင်း သူတို့လေးတွေကို အသိပေးပါ။ ထိုအရာတွေက သဘာဝအ‌လျောက်ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေသာဖြစ်ပြီး သူတို့လေးတွေပြုလုပ်ခဲ့တဲ့ ဘယ်အရာကြောင့်မှ ဖြစ်ပေါ်လာတာ မဟုတ်ကြောင်း သေချာစွာ ရှင်းပြပါ။
  • အတူအချိန်ဖြုန်းပြီး ပွေ့ဖက်မှု၊ နွေးထွေးမှုများစွာပေးပြီး သင့်ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ အားပေးပါ။

 

စိတ်ခံစားမှုဆိုင်ရာ သောကဝေဒနာ လက္ခဏာများကို စောင့်ကြည့်ပါ

ကလေးအများစုက ဘေးဥပဒ်တစ်ခုပြီးနောက် တစ်လလောက် အဆင်ပြေတယ်လို့ ထင်ရပေမယ့် ခံစားချက်ထုံ‌နေတာ ပြေပျောက်သွားချိန်မှာတော့ စိတ်ဒဏ်ရာလက္ခဏာတွေ စတင် ပြသလာနိုင်ပါတယ်။ ကလေးတွေမှာ စိုးရိမ်ပူပန်စိတ်‌ ဆက်လက် ဖြစ်ပေါ်နိုင်တာကို ကြိုတွေးထားရပါမယ်။ ဒါပေမဲ့ လအနည်းငယ်ကြာပြီးတဲ့အထိ ဆက်လက်ခံစားနေရရင်၊ ဒါမှမဟုတ် သင့်ကလေးက ကြောက်စိတ်မွှန်ခြင်းနဲ့ မိမိကိုယ်ကို ဒါမှမဟုတ် အခြားသူတွေကို ထိခိုက်စေလိုခြင်းလိုမျိုး ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားလာရပါက သင့်မိသားစုဆရာဝန်ကိုဖြစ်ဖြစ်၊ စိတ်ကျန်းမာရေးပညာရှင်ကိုဖြစ်ဖြစ် ချက်ချင်း ဆက်သွယ်ပါ။ 

 

စိတ်ငြိမ်‌စေတဲ့ လေ့ကျင့်ခန်းတွေကို အတူတကွ ပြုလုပ်ပါ

ဝမ်းဗိုက်ထဲထိ နက်ရှိုင်းစွာ အသက်ပြင်းပြင်း ရှုခြင်းက အလွန်အထောက်အကူပြုပြီး သင့်ကလေးကြီးတွေနဲ့အတူ တွဲလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သင့်မှာ ကလေးငယ်ရှိတယ်ဆိုရင်တော့ အဲ့တာကို ဂိမ်းတစ်ခုလို ဆော့လို့လည်းရပါတယ်။ တစ်နာရီခြားတစ်ခါ အသက်ရှုနှုန်းကို ဖြည်းညှင်းအောင် လျော့ချလိုက်ပြီး သင့်စိတ်နှင့် ခန္ဓာကို အေးချမ်းစေနိုင်ကြောင်း တွေ့ရှိရပါမယ်။

 

ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ထိန်းသိမ်းပါ

လိုက်လုပ်ဖို့ခက်ခဲနိုင်‌ပေမယ့်လည်း အိပ်ရာဝင်တာ၊ ဒါမှမဟုတ် အစာစားတာတွေကို အချိန်တစ်ခု သတ်သတ်မှတ်မှတ် ရှိအောင်လုပ်တာက သင့်ကလေးတွေကို ဆိုင်ကလုန်းမတိုက်မီ သူတို့လေးတွေရဲ့ ဘဝနဲ့ အနည်းငယ် ပိုမိုချိတ်ဆက်ခံစားရစေနိုင်အောင် ကူညီပေးပါလိမ့်မယ်။

 

ဖတ်ရန် ပဋိပက္ခနဲ့ အကျပ်အတည်းအခြေအနေတွေအတွင်းမှာ မိမိကလေးကို ဘယ်လိုပံ့ပိုးပေးမလဲ။

ဖတ်ရန် ကလေးများမှာ ဖြစ်တတ်သည့် ပူဆွေးသောကရောက်မှု လက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ။