ပါးနပ်ပြီး ကလေးအတွက် သင့်တော်သောနည်းလမ်းများဖြင့် သင့်ကလေးကို ထိန်းကျောင်းဆုံးမခြင်း
စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် ပျော်ရွှင်ဖွယ်ကလေးဘဝ ရရှိစေရန် အပြုသဘော ထိန်းကျောင်းပုံများ
- English
- မြန်မာ
မိဘတိုင်းလိုလို ကိုယ့်ကလေးကို အကောင်းဆုံး ဆုံးမနည်းနဲ့ ဘယ်လို ထိန်းကျောင်းရမလဲဆိုတာ စဉ်းစားရကျပ်တဲ့အချိန်တစ်ခု ရောက်လာစမြဲပါပဲ။ အော်ဟစ်နေတဲ့ ကလေးငယ်လေး၊ ဒါမှမဟုတ် ဒေါသထွက်နေတဲ့ ဆယ်ကျော်သက်နဲ့ ဆက်ဆံပြောဆိုရတဲ့အခါမှာ သင့်ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဘယ်မိဘမှ ဒီလိုအခြေအနေမျိုးတွေနဲ့ မကြုံချင်ပါဘူး။ နောက်ပြီး အဓိကအချက်ကတော့ အော်ဟစ်တာနဲ့ ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းဟာ ဘယ်တော့မှ အထောက်အကူမပြုဘူး ဆိုတာပါပဲ။
ပိုပြီးထိရောက်တဲ့နည်းလမ်းတွေရှိနေလို့ တော်သေးတာပေါ့။ ဒါတွေထဲကတစ်ခုကတော့ အပြုသဘောဆောင်တဲ့ စည်းကမ်းထိန်းကျောင်းခြင်းပါပဲ။ အောက်စဖို့ဒ်တက္ကသိုလ်မှ ကလေးနှင့် မိသားစု လူမှုရေးအလုပ်ဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်ရုံမက သားငယ်လေး နှစ်ယောက် မိခင်လည်းဖြစ်တဲ့ လူစီ ကလူဗာနဲ့အတူ မိဘတွေက သူတို့ကလေးတွေနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့အရေး၊ တာဝန်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ မိမိကိုယ်ကိုယ် ထိန်းကျောင်းမှုတို့လို ကျွမ်းကျင်မှုတွေ သင်ကြားပေးနိုင်ဖို့အရေး ဒီချဉ်းကပ်ပုံက ဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတာကို ရှာဖွေဖို့ ယူနီဆက်က တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
ဆိုးတဲ့ ကလေးဆိုတာ မရှိပါဘူး၊ ဆိုးတဲ့ အမူအကျင့်တွေပဲ ရှိတာပါ။
အပြုသဘောဆောင်တဲ့ စည်းကမ်းထိန်းကျောင်းပုံကို အသုံးပြုရတဲ့ အကြောင်းအရင်း
“မိဘတွေက သားသမီးတွေကို အော်ဟစ်ရတာ၊ ရိုက်ရတာတွေ မလုပ်ချင်ကြပါဘူး။ ကျွန်မတို့က စိတ်ဖိစီးနေပြီး တခြားနည်းလမ်းကို မမြင်နိုင်မိလို့ လုပ်ဖြစ်တာပါ” လို့ ပါမောက္ခ ကလူဗာ ကပြောပါတယ်။
သက်သေသာဓကတွေအရလည်း ရှင်းလင်းပြတ်သားပါတယ်။ အော်ဟစ်ရိုက်ပုတ်ဆုံးမတာက အလုပ်မဖြစ်ဘဲ ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုဖြစ်စေနိုင်ပါတယ်။ ထပ်ခါထပ်ခါ အော်ဟစ်ရိုက်နှက်တာက ကလေးရဲ့ဘဝတစ်ခုလုံးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ စဉ်ဆက်မပြတ် “အဆိပ်သင့်စိတ်ဖိစီးမှု” တွေက ကျောင်းထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သတ်သေခြင်းနှင့် နှလုံးရောဂါတို့လို အနုတ်လက္ခဏာဆောင်တဲ့ ရလဒ်များစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
“အဲဒါက၊ ရော့အဲ့မှာ ဆေး၊ ဒီဆေးက မင်းကိုသက်သာစေဖို့တော့ မဟုတ်ဘူး၊ နေမကောင်းဖြစ်စေဖို့လို့ ပြောသလိုပဲ” လို့ ပါမောက္ခ ကလူဗာ ကပြောပါတယ်။ "တစ်စုံတစ်ခုက အလုပ်မဖြစ်ဘူးဆိုတာကို ကျွန်မတို့သိရတဲ့အခါ ဒါဟာ တခြားချဉ်းကပ်မှုပုံစံတစ်ရပ်ကို ရှာဖွေဖို့အတွက် သင့်လျော်တဲ့ အကြောင်းအရင်းတစ်ရပ်ပါပဲ။"
ပြစ်ဒဏ်ပေးတာ၊ ဟိုဟာဒီဟာ မလုပ်နဲ့လို့ ကန့်သတ်တာတွေထက် အပြုသဘောဆောင်တဲ့ ထိန်းကျောင်းတဲ့နည်းလမ်းဟာ သင့်ကလေးနဲ့ သင့်အကြား ကျန်းမာကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့၊ သူတို့ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ ထားရှိသတ်မှတ်ဖို့ အလေးပေးပါတယ်။ မိဘတိုင်းအတွက် သတင်းကောင်းကတော့ ဒါဟာ တကယ်အလုပ်ဖြစ်ပြီး သင် ဘယ်လို လက်တွေ့စတင်နိုင်သလဲဆိုတာကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
၁။ တစ်ဦးချင်း နှစ်ယောက်တည်း အချိန်ကုန်ဆုံးနိုင်ဖို့ စီစဉ်ပါ
တစ်ဦးချင်း နှစ်ယောက်တည်း ကုန်ဆုံးတဲ့ အချိန်တွေက ဘယ်ဆက်ဆံရေးကိုမဆို ကောင်းမွန်လာအောင်တည်ဆောက်ဖို့ အရေးပါပါတယ်။ သင့်ကလေးတွေနဲ့ ဆက်ဆံရေးအတွက်ဆိုရင် ပိုလို့တောင် အရေးကြီးပါသေးတယ်။ “တစ်နေ့ကို မိနစ် ၂၀ လောက်ပေါ့။ ဒါမှမဟုတ် ငါးမိနစ်ရလည်း ငါးမိနစ်ပေါ့။ ပန်းကန်အတူတူဆေးရင်းနဲ့ သီချင်းအတူတူအော်ဆိုကြတာ၊ ဒါမှမဟုတ် အဝတ်လှမ်းနေရင်းနဲ့ စကားစမြည်ပြောဆိုတာ၊ ဒီလိုမျိုး အရာတွေကို ပေါင်းစပ်လုပ်ကိုင်နိုင်ပါတယ်” လို့ ပါမောက္ခ ကလူဗာ က ဆိုပါတယ်။ “တကယ်အရေးကြီးတာက သင်က သင့်ကလေးအပေါ် အာရုံစိုက်ပေးဖို့ပါပဲ။ အဲတော့ သင့်တီဗီကိုပိတ်လိုက်၊ ဖုန်းကိုပိတ်လိုက်၊ မိဘနဲ့ ကလေး နှစ်ယောက်ထဲပဲရှိနေပါစေ။”
၂။ ကောင်းတဲ့အချက်တွေကို ချီးမွမ်းပါ
မိဘတွေအနေနဲ့ သားသမီးတွေရဲ့ အကျင့်ဆိုးတွေကိုသာ မကြာခဏ အာရုံစိုက်ပြီး အပြစ်ပြောတတ်ကြပါတယ်။ ကလေးတွေက မကောင်းတဲ့အပြုအမူတွေကို ရပ်တန့်ရမယ့်အစား မိဘတွေရဲ့ အာရုံစူးစိုက်မှုရဖို့ နည်းလမ်းတစ်ခုအနေနဲ့ ဒီဟာကို ဆက်လက်လုပ်ဆောင်ဖို့ မှတ်ထင်သွားနိုင်ပါတယ်။
ကလေးတွေက ချီးမွမ်းခံရတာကို အလွန်နှစ်ခြိုက်ပါတယ်။ အဲဒါက သူတို့ကို ချစ်မြတ်နိုးခံရတယ်လို့ ခံစားရစေပါတယ်။ “သူတို့လေးတွေ ကောင်းတာတစ်ခုခုလုပ်တဲ့အခါ သတိထားပြီး ချီးမွမ်းပေးပါ။ သူတို့မောင်နှမတွေနဲ့ ငါးမိနစ်လောက် ကစားပေးတဲ့အခါမှာမျိုးပဲ ဖြစ်ဖြစ်ပေါ့” လို့ ပါမောက္ခ ကလူဗာ က အကြံပြုပါတယ်။ “ဒါက ကောင်းမွန်တဲ့ အမူအကျင့်ကို အားပေးပြီး စည်းကမ်းထိန်းချုပ်ဖို့ လိုအပ်ချက်ကို လျှော့ချနိုင်ပါတယ်။”
၃။ ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်တွေ သတ်မှတ်ထားရှိပါ
“သင့်ကလေးကို သင်က ဘာလုပ်စေချင်လဲဆိုတာကို အတိအကျပြောပြတာက သူတို့ကို ဘာတွေမလုပ်ရဘူးလဲ ပြောပြတာထက် အများကြီး ပိုထိရောက်တယ်” လို့ ပါမောက္ခ ကလူဗာ က ဆိုပါတယ်။ “ကလေးတစ်ယောက်ကို ရှုပ်ပွနေအောင်မလုပ်နဲ့၊ ဒါမှမဟုတ် ကောင်းကောင်းနေလို့ ပြောတဲ့အခါ သူတို့ဘာလုပ်ရမလဲဆိုတာကို သူတို့ သေချာပေါက် နားလည်မှာ မဟုတ်ဘူး။” “အရုပ်လေးတွေကို ပုံးထဲကောက်ထည့်ပေးပါနော်” ဆိုပြီး ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ခိုင်းတာမျိုးကမှ သင်ဘာလိုချင်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိသာစေသလို သင်ပြောတဲ့အတိုင်း လိုက်လုပ်နိုင်ခြေလည်း ပိုများစေပါတယ်။
“ဒါပေမဲ့ သင်မျှော်လင့်ထားတာတွေက လက်တွေ့ကျဖို့ အရေးကြီးပါတယ်။ သူတို့ကို တစ်နေကုန် တိတ်တိတ်နေဖို့ ပြောတာက ဖေဖေမေမေတို့ ဖုန်းပြောမလို့ ၁၀ မိနစ်လောက် တိတ်တိတ်လေး နေခိုင်းတာလောက် လိုက်နာဖို့လွယ်မှာ မဟုတ်ပါဘူး” လို့ ပါမောက္ခ ကလူဗာ ကပြောပါတယ်။ “သင်တို့ရဲ့ကလေးတွေက ဘာဆိုရင်တော့ လုပ်ပေးနိုင်မလဲဆိုတာ သင်တို့သိပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာကို လုပ်ပေးဖို့ တောင်းဆိုရင်တော့ သူတို့လည်း တတ်နိုင်မှာမဟုတ်ဘူး။”
၄။ ထိုးထွင်းဉာဏ်ရှိရှိ အာရုံလွှဲပါ
သင့်ကလေးကို ထိန်းရခက်ခဲနေချိန်မှာ သူတို့ကို ပိုပြီးအပြုသဘောဆောင်တဲ့ အရာတစ်ခုနဲ့ အာရုံပြောင်းတာက အသုံးဝင်တဲ့ နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ ပါမောက္ခ ကလူဗာ က ပြောပါတယ်။ “အကြောင်းအရာကို ပြောင်းလဲတာ၊ ဂိမ်းတစ်ခုကို စတင်တာ၊ သူတို့ကို အခြားအခန်းတစ်ခုထဲ ခေါ်သွားတာ၊ ဒါမှမဟုတ် လမ်းသွားလျှောက်ကြတာလိုမျိုးလိုနဲ့ သူတို့ကို တခြားအရာတစ်ခုဆီ အာရုံပြောင်းလာအောင်လုပ်တဲ့အခါ အပြုသဘောဆောင်တဲ့ အမူအကျင့်တွေဖက်ကို အောင်မြင်စွာ ပြောင်းလဲလိုက်နိုင်ပါတယ်။”
အချိန်ကိုက်ဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ အာရုံအပြောင်းအလဲဖြစ်စေတယ်ဆိုတဲ့ အရာမှာ တစ်ခုခု မကောင်းတာဖြစ်တော့မယ့်အခါ သတိပြုမိပြီး ချက်ချင်းတုံပြန်နိုင်ဖို့လည်း ပါဝင်ပါတယ်။ သင့်ကလေးက ဂဏာမငြိမ်စဖြစ်နေပြီ၊ ကသိကအောက်စဖြစ်နေပြီ၊ စိတ်အနှောင့်အယှက်စဖြစ်နေပြီ၊ ဒါမှမဟုတ် မောင်နှမနှစ်ယောက်လုံး အရုပ်တစ်ခုထဲကို မျက်စိကျနေကြပြီဆိုတာကို ကြိုတင်သတိထားမိရင် ဖြစ်လာနိုင်မယ့် အခြေအနေတစ်ခု တကယ် ဖြစ်မလာခင် ပြေငြိမ်းသွားစေဖို့ရာမှာ အထောက်အကူပြုပါတယ်။
၅။ ကလေးတွေကို ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတဲ့ အကျိုးဆက်တွေအကြောင်းသင်ပေးပါ
ကြီးပြင်းရင့်ကျက်လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သင်တစ်ခုခုလုပ်ရင် ရလဒ်တစ်ခုခုဖြစ်လာနိုင်တယ်ဆိုတာကို သင်ယူရတာပါပဲ။ အကျိုးဆက်တွေကို ပြဌာန်း ပေးတာက သင့်ကလေးတွေကို တာဝန်ခံမှုအကြောင်း သင်ကြားပေးရုံမက သူတို့မှာ ပိုမိုကောင်းမွန်တဲ့ အမှုအကျင့်တွေရှိလာအောင် အားပေးနိုင်ပါတယ်။
သင့်ကလေးကို သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ရှင်းပြပြီး မှန်ကန်တဲ့အရာကို ပြောင်းလဲလုပ်ဆောင်နိုင်ဖို့ အခွင့်အရေးပေးပါ။ ဥပမာအနေနဲ့ သင့်ကလေးကို နံရံမှာ ရေးခြစ်တာကို ရပ်စေချင်ရင် သူတို့အဲလိုလုပ်နေတာကိုရပ်ဖို့နဲ့ မရပ်ရင် ဆက်ပြီးမဆော့ခိုင်းတော့ဘူးလို့ ပြောပါ။ အဲ့လိုလုပ်တာက သူတို့ကို သတိလည်းပေးသလို သူတို့ရဲ့ အမူအကျင့်ကို ပြောင်းလဲဖို့ အခွင့်အရေးလည်း ပေးတာပါပဲ။
မရပ်တန့်ဘူးဆိုရင် ဒေါသမထွက်ဘဲ အေးအေးဆေးဆေးနဲ့ သူတို့ကို သတိပေးထားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအတိုင်း ဆက်လုပ်ပါ။ “ဒီလိုလုပ်ပြီးရင်တော့ အကျိုးဆက်တွေလက်ခံရမယ်- ဒါက မလွယ်ဘူးလေနော်” လို့ ပါမောက္ခ ကလူဗာ က ထပ်လောင်းပြောပါတယ်။
တကယ်လို့ သူတို့ရပ်တန့်ရင် သူတို့ကို အများကြီးချီးကျုးပေးပါလို့ ပါမောက္ခ ကလူဗာ က အကြံပြုပါတယ်။ “သင်လုပ်နေတာက သင့်ကလေးအတွက် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု ကွင်းဆက်ကို အစပျိုးပေးနေတာပါပဲ။ ကလေးတွေ ဆိုးဆိုးရွားရွားပြုမူတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သူတို့ သင်ယူဖို့ အတွက် ထိရောက်မှုရှိတယ်ဆိုတာကို တွေ့ရပါတယ်။”
တစ်သမတ်တည်းဖြစ်တာက အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုပုံစံမှာ အဓိကကျတဲ့အချက်ဖြစ်ပါတယ်။ အကျိုးဆက်တွေကို ပိုပြီး လက်တွေ့ကျစေဖို့ကလည်း အဓိကကျပါတယ်။ “ဆယ်ကျော်သက်တစ်ယောက်ရဲ့ဖုန်းကို တစ်နာရီကြာအောင် သိမ်းထားနိုင်ပေမယ့် တစ်ပတ်လောက်ကြာအောင် သိမ်းဖို့လုပ်တာကတော့ ခက်ခဲနိုင်ပါတယ်။”
ပိုမိုငယ်ရွယ်တဲ့ကလေးတွေနဲ့ ဆက်ဆံခြင်း
တစ်ဦးချင်း နှစ်ကိုယ်တည်း ကုန်ဆုံးတဲ့ အချိန်တွေကို ပျော်စရာကောင်းအောင် လုပ်နိုင်ပါတယ်—တစ်ပြားမှလည်း အကုန်ခံစရာမလိုဘူးနော်။ “သူတို့ရဲ့အမူအရာတွေကို တုပတာ၊ ဇွန်းနဲ့ အိုးတွေကို ခေါက်တာ၊ ဒါမှမဟုတ် အတူတူ သီချင်းဆိုတာတွေ လုပ်နိုင်ပါတယ်” လို့ ပါမောက္ခ ကလူဗာ က ထပ်လောင်းပြောပါတယ်။ “သင့်ရဲ့ကလေးတွေနဲ့အတူ ကစားတာက သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အံ့သြစရာကောင်းတဲ့ သုတေသနရလဒ် ရှိပါတယ်။”
ပိုမိုအသက်အရွယ်ကြီးတဲ့ကလေးတွေကို ထိန်းကျောင်းခြင်း
ကလေးငယ်လေးတွေလိုပဲ ဆယ်ကျော်သက်တွေကလည်း ချီးကျုးခံချင်ကြပြီး သူတို့က လူကောင်းလေးတွေလို့ ထင်မြင်တာ ခံလိုကြပါတယ်။ သူတို့အတွက် တစ်ဦးချင်း နှစ်ကိုယ်တည်း အတူရှိချိန်တွေက အရေးကြီးပါသေးတယ်။ “သူတို့နဲ့ အခန်းထဲမှာ ပတ်ကတာ၊ ဒါမှမဟုတ် သူတို့အကြိုက်ဆုံး အဆိုတော်အကြောင်း စကားစမြည်ပြောရင် သူတို့က သဘောကျတယ်” လို့ ပါမောက္ခ ကလူဗာ က ဆိုပါတယ်။ “သူတို့က အမြဲတမ်း ထုတ်ဖော်မပြကြပေမယ့် သူတို့ကအဲလိုလုပ်ရတာကို နှစ်ခြိုက်ပါတယ်။ ပြီးတော့ ဒါက သူတို့အလိုကျ သတ်မှတ်ချက်တွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။”
ကလေးတွေနဲ့ ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားတယ်ဆိုတာကို သတ်မှတ်နေချိန်မှာ “သူတို့ကို စည်းမျဉ်းအချို့ကို ကူညီဖန်တီးပေးဖို့ ပြောပါ” လို့ ပါမောက္ခ ကလူဗာ က အကြံပြုပါတယ်။ “သူတို့နဲ့ အတူတူထိုင်ပြီး အိမ်မှာ လုပ်ရမှာတွေ၊ မလုပ်ရမှာတွေကို သဘောတူအောင် ကြိုးစားပါ။ လက်ခံနိုင်ဖွယ်မရှိတဲ့ အမူအကျင့်တွေအတွက် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ သူတို့ကို ကူညီ ဆုံးဖြတ်ခိုင်းပါ။ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ရတာက သူတို့ကိုယ်ကိုယ် သူတို့က ကိုယ်ပိုင်အမှီအခိုကင်းတဲ့သူတွေ ဖြစ်လာမှာဖြစ်ကြောင်း နားလည်သဘောပေါက်စေဖို့ ကူညီပေးပါတယ်။”
စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာ သင်ဘာလုပ်နိုင်လဲ
မိသားစုတိုင်းဟာ စိတ်ဖိစီးစရာကောင်းတဲ့အချိန်တွေကို အတူတူဖြတ်သန်းကြရပါတယ်။ ဒီလိုအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ မိဘတွေကို ကူညီပေးနိုင်တဲ့ အကြံပြုချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ခဏရပ်ပါ
မိမိကလေးက ထိန်းရခက်ခဲနေတယ်လို့ ခံစားလာရတဲ့အခါ ဘယ်လိုစိတ်ဖိစီးရသလဲဆိုတာကို မိမိတို့အားလုံးအသိပါပဲ။ အဲ့လိုအခိုက်အတန့်တွေမှာ အနားမှာရှိနေပေးပြီး နောက်တစ်လှမ်းဆုတ်ပေးထားတာက ရိုးရှင်းပြီး အလွန်အသုံးဝင်တဲ့ နည်းဗျူဟာပဲ ဖြစ်ပါတယ်။ ပါမောက္ခ ကလူဗာ အခေါ်အရ “ခေတ္တရပ်ရန် ခလုတ်” ဆိုတာကို နှိပ်လိုက်ပါ။ “အသက်ကို ဖြည်းဖြည်းချင်း လေးငါးချက်လောက် ပြင်းပြင်းနဲ့ ဖြည်းဖြည်းချင်း ရှုလိုက်ပါ။ သင်က ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ချင့်ချင့်ချိန်ချိန် တုံ့ပြန်နိုင်တာကို သတိထားမိပါလိမ့်မယ်။ ခေတ္တနားလိုက်တာလေးက အရမ်းအထောက်အကူဖြစ်တယ်လို့ ကမ္ဘာတစ်ဝှမ်းလုံးက မိဘတွေက ပြောကြတယ်။”
၂။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ
မိဘတွေက တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့နေတတ်တယ်လို့ ပါမောက္ခ ကလူဗာ ကဆိုပါတယ်။ “ကလေးတွေ အိပ်ပျော်နေတဲ့အချိန်လိုမျိုးမှာ သင့်ကိုယ်သင် ပျော်ရွှင်အေးချမ်းစေမယ့် အရာတစ်ခုခုလုပ်ဖို့ အချိန်ပေးပါ။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အနားယူခွင့်မပေးတဲ့အခါ အရာရာတိုင်းကို အဆင်ပြေအောင်လုပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။"
>> Read self-care tips for parents
၃။ ကိုယ့်ကိုယ်ကို ချီးမွမ်းပါ
မိဘတစ်ယောက်အနေနဲ့ သင်နေ့တိုင်းလုပ်နေတဲ့ အလုပ်က အံ့ဩစရာကောင်းတာကို မေ့လွယ်ပါတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုသင့်တယ်လို့ ပါမောက္ခ ကလူဗာ က အကြံပေးပါတယ်။ “နေ့တိုင်း သွားတိုက်ရင်းပဲဖြစ်ဖြစ် ခဏလောက် အချိန်ပေးပြီး ‘ဒီနေ့ ငါ့ကလေးတွေအတွက် ကောင်းကောင်းမွန်မွန် လုပ်ပေးနိုင်ခဲ့တဲ့ အရာတစ်ခုက ဘာလဲ’ လို့ မေးကြည့်ပါ။ သင် တကယ်ကို တစ်ခုခု ကောင်းကောင်းမွန်မွန် လုပ်ပေးနိုင်ခဲ့တယ်ဆိုတာ ကျွန်မသိပါတယ်။”
ပြီးတော့ သင်တစ်ဦးတည်း မဟုတ်ကြောင်းသိထားပါ။ “ကမ္ဘာတစ်ဝှမ်းလုံးမှာ သန်းပေါင်းများစွာသော မိဘတွေ အားလုံးကြိုးစားနေကြပြီး တစ်ခါတစ်ရံတော့လည်း ကျွန်မတို့အားလုံးက ကျရှုံးတတ်တာပါပဲ” လို့ သူမကပြောပါတယ်။ အရေးကြီးတာက ကျွန်မတို့ ထပ်မံကြိုးစားဖို့ပါပဲ။