မိမိကလေးကို လေထုညစ်ညမ်းမှုကနေ ဘယ်လိုကာကွယ်မလဲ
ကလေးများ အဆိပ်ရှိတဲ့လေ ရှူသွင်းမိခြင်းကို ကာကွယ်ရန် မိဘများအတွက် ကျွမ်းကျင်သူအကြံပြုချက်များ
- English
- မြန်မာ
အသက်ရှူခြင်းလို ရိုးရှင်းတဲ့လုပ်ရပ်တစ်ခုက မိမိကလေးကို ထိခိုက်စေနိုင်မလားလို့ ဘယ်မိဘကမှ စိုးရိမ်မနေသင့်ပါဘူး။ ဒါပေမဲ့ နေ့စဥ် လေထုညစ်ညမ်းမှု အန္တရာယ်ရှိတဲ့အဆင့်တွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံအသီးသီးမှာ နေထိုင်တဲ့ သန်းပေါင်းများစွာသော မိသားစုတွေအတွက်တော့ ဒါဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။
မိဘတစ်ဦးအနေနဲ့ ကိုယ့်ကလေးကို လေထုညစ်ညမ်းမှုကနေ ကာကွယ်ပေးဖို့ ဘာမှမလုပ်နိုင်ဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် မိမိကလေးကို လေထုညစ်ညမ်းမှုတွေရဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းတွေရှိပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ယူနီဆက်ပညာရှင်တွေက လေထုညစ်ညမ်းမှုမှ ကလေးတွေကို ကာကွယ်ခြင်းနဲ့ ပါတ်သက်ပြီး မိဘတွေရဲ့ အရေးအကြီးဆုံး မေးခွန်းတွေကို ဖြေကြားပေးထားပါတယ်။
"ဘယ်အရာတွေက လေထုညစ်ညမ်းမှုကို ဖြစ်စေတာလဲ"
လေထုညစ်ညမ်းမှုကို နေရာအမျိုးမျိုးကနေ ဖြစ်စေနိုင်ပါတယ်။ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့တွေက လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အန္တရာယ်ရှိ အရင်းအမြစ် ၇ ခုကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီအရင်းအမြစ် ၇ ခုကတော့-
- အိမ်တွင်း လေထုညစ်ညမ်းမှု
- ယာဉ်အသွားအလာကြောင့် ဖြစ်တဲ့ လေထုညစ်ညမ်းမှု
- စွန့်ပစ်ပစ္စည်းကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု
- စက်မှုလုပ်ငန်းများကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှု
- တောမီးနဲ့မြေယာပြုပြင်ရန် မီးရှို့ရာမှဖြစ်ပေါ်လာတဲ့ မီးခိုး
- သဲနဲ့ဖုန်မှုန့်မုန်တိုင်းများ
- ဆေးလိပ်မီးခိုး
ဒီလေထုညစ်ညမ်းစေတဲ့ရင်းမြစ်အားလုံးက ကျန်းမာရေးကို အန္တရာယ်အများဆုံးဖြစ်စေတဲ့ သေးငယ်တဲ့ ညစ်ညမ်းတဲ့အမှုန်အမျိုးအစားတစ်ခုဖြစ်တဲ့ PM2.5 ပမာဏများစွာကို ထုတ်လွှတ်နိုင်ပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ ယာဉ်တွေ၊ ဓာတ်အားပေးစက်ရုံတွေ ၊ စက်ရုံတွေနဲ့ စက်မှုဇုန်တွေက ရုပ်ကြွင်းလောင်စာတွေနဲ့ ဇီဝလောင်စာ လောင်ကျွမ်းမှုတွေအပြင် နေအိမ်တွေမှာ အသုံးပြုတဲ့ ကျောက်မီးသွေး၊ ထင်း၊ မီးသွေး မီးဖိုတွေနဲ့ လယ်ယာစွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးရာကနေ လေထုညစ်ညမ်းမှု အများဆုံး ဖြစ်ပေါ်နေပါတယ်။
ဒီဖြစ်စဉ်တွေကနေ အထူးသဖြင့် မြို့ပြလေထုထဲမှာ ဖွဲ့တည်လာတဲ့အဆိပ်ဖြစ်စေတဲ့ အမှုန်တွေကို ထုတ်လွှတ်ပေးပါတယ်။ လေ၊ သဲမုန်တိုင်းနဲ့ တောမီးလောင်ကျွမ်းခြင်းတို့ကြောင့် လွင့်ပါလာတဲ့ ဖုန်မှုန့်တွေက အခြေအနေကို ပိုမိုဆိုးရွားစေပြီး ညစ်ညမ်းစေတဲ့အရာတွေကို အကွာအဝေး တော်တော်များများဆီ ပျံ့နှံ့ရောက်ရှိစေပါတယ်။
တံခါးတွေပိတ်ထားရင်တောင် ကလေးတွေဟာ အပြည့်အဝ အကာအကွယ်မရပါဘူး။ အိမ်တွင်းလေထုညစ်ညမ်းမှုဟာ ပိုပြီးကြီးမားတဲ့ အန္တရာယ်ဖြစ်နိုင်ပြီး ဒီခြိမ်းခြောက်မှုကို သတိမမူမိဘဲရှိတတ်ပါတယ်။ ဒါဟာ ဒေသတွင်းက ကလေးငယ်တွေ အန္တရာယ်ရှိတဲ့ ညစ်ညမ်းမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရှိ ကလေးငယ် ၃၆ သန်းနီးပါးဟာ အန္တရာယ်ရှိ မီးခိုးငွေ့တွေကို ထုတ်လွှတ်တဲ့ ကျောက်မီးသွေး၊ မီးသွေးနဲ့ ထင်းမီးဖိုတွေကို အများဆုံး အသုံးပြုတဲ့ နိုင်ငံတွေမှာ နေထိုင်ကြပါတယ်။
အဲဒီလောင်စာတွေဟာ ဈေးသက်သာပြီး အလွယ်တကူ ရရှိနိုင်ပေမယ့် မီးခိုးငွေ့တွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဒြပ်ပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။
တချို့သောအိမ်တွေမှာတော့ ဆေးလိပ်ငွေ့တွေဟာ လေထုညစ်ညမ်းမှုကို ပိုဆိုးစေပါတယ်။
အခုလို အိမ်တွင်းလေထုညစ်ညမ်းမှုဟာ အိမ်တွေရဲ့ ပြဿနာသက်သက်မဟုတ်ဘဲ ကျောင်းတွေ၊ ကျန်းမာရေးဌာနတွေနဲ့ ကလေးတွေရှိတဲ့ တခြားနေရာတွေအတွက်လည်း ပြဿနာတစ်ရပ်ဖြစ်စေပါတယ်။
"လေထုညစ်ညမ်းမှုက ဘာကြောင့် ကလေးတွေအတွက် အန္တရာယ်များရတာလဲ"
လေထုညစ်ညမ်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ် -
- ကလေးတွေဟာ လူကြီးတွေထက် အရွယ်အစားပိုသေးငယ်ပြီး အသက်ရှူတာ ပိုမြန်ပါတယ်။ ဒါကြောင့် ညစ်ညမ်းပစ္စည်းတွေကိုလည်း ရှူသွင်းမှု ပိုပြီးများပါတယ်။
- ကလေးတွေရဲ့ နှာခေါင်းပေါက်တွေက ညစ်ညမ်းပစ္စည်းတွေကို စစ်ထုတ်ရာမှာ ထိရောက်မှုနည်းတာကြောင့် လေထဲကနေ ပိုပြီးစုပ်ယူနိုင်ပါတယ်။
- ကလေးတွေဟာ မြေကြီးနဲ့ပိုနီးကပ်တဲ့ လေကို ရှူကြရတဲ့အတွက် ဖုန်မှုန့်နှင့် ယာဉ်တွေရဲ့ အင်ဂျင်ကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေရဲ့ သက်ရောက်မှုက သူတို့အတွက် ပိုများပါတယ်။
- ကလေးတွေက ကြီးထွားဖွံ့ဖြိုးနေဆဲပါ။ လေထုညစ်ညမ်းမှုဟာ သူတို့ရဲ့ ကြီးထွားလာတဲ့ အဆုတ်၊ ခန္ဓာကိုယ်နဲ့ဦးနှောက်တို့ကို ပျက်စီးစေနိုင်ပြီး တစ်သက်တာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေထက် ပိုပြီးအားနည်းပါတယ်၊ ဒါကြောင့် သူတို့က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ အခြားကူးစက်ပိုးတွေ ပိုဝင်လွယ်ပါတယ်။
"လေထုညစ်ညမ်းမှုက ကလေးတွေကို ဘယ်လိုထိခိုက်စေသလဲ"
ရေရှည်နှင့် ချက်ချင်းကျန်းမာရေးပြဿနာများ
PM2.5 အပါအဝင် ညစ်ညမ်းတဲ့ လေထုထဲရှိ သေးငယ်တဲ့ အဆိပ်အတောက်အမှုန်အမွှားတွေဟာ ကလေးတွေရဲ့ ကြီးထွားနေတဲ့ အဆုတ်ထဲကို ဝင်ရောက်နိုင်ပြီး ပျက်စီးစေနိုင်ပါတယ်။ ဒါဟာ အောက်ပါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေနဲ့ ရေရှည်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်
- အဆုတ်ရောင်ခြင်း၊
- လေပြွန်ရောင်ခြင်း၊
- နာတာရှည်ချောင်းဆိုးခြင်း၊
- နားပိုးဝင်ခြင်း၊
- ပန်းနာရင်ကျပ်ရောဂါ၊
- ဓာတ်မတည့်ခြင်း၊
- နှင်းခူရောဂါ၊
- နှလုံးရောဂါ၊
- ကင်ဆာရော။
လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး လက်ရှိ ကျန်းမာရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ချော်လဲလို့ ဒူးပွန်းတာ၊ ဖျားနာတာတွေနဲ့မတူတာက လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို ချက်ချင်းလက်ငင်း မျက်စိနဲ့မမြင်နိုင်တာပါပဲ။ ဒီထိခိုက်မှုတွေက အချိန်ကြာလာတာနဲ့အမျှ တိုးပွားလာပါတယ်။ မိခင်ဝမ်းဗိုက်ထဲနဲ့ မွေးစအရွယ်၊ လေးဘက်သွားအရွယ်တွေမှာ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူကြီးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာဖို့ အလားအလာ ပိုပြီးများပါတယ်။
သေဆုံးခြင်း
တချို့ဖြစ်ရပ်တွေမှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးရနိုင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးမှုများ
လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ သင်ယူမှု၊ အတွေးအခေါ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
အခွင့်အလမ်းပိုမိုနည်းပါးတဲ့ အနာဂတ်
ညစ်ညမ်းသောလေကိုရှူရှိုက်ခြင်းက ကလေးတွေရဲ့ စွမ်းအင်ကို ဆုတ်ယုတ်စေပြီး၊ ကစားချိန်နဲ့ သင်ယူလေ့လာချိန်တွေမှာ စွမ်းအင်ကိုလျော့နည်းစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ နေမကောင်းတဲ့အတွက် မကြာခဏကျောင်းပျက်ရပြီး သင်ယူလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် အကန့်အသတ်ရှိစေသလို ပညာရေးစွမ်းဆောင်ရည်ကိုလည်း လျော့ကျစေပါတယ်။
"လေထုညစ်ညမ်းမှုကြောင့် ဘယ်ကလေးတွေက အန္တရာယ်အများဆုံးလဲ"
ကလေးတွေဟာ အသက်အရွယ်ငယ်သေးရင်၊ စက်ရုံတွေ ၊ လူသွားလူလာများတဲ့ လမ်းမကြီးတွေ ၊ စက်မှုဇုန်တွေအနီးမှာ နေထိုင်ရင် ဒါမှမဟုတ် ပန်းနာရင်ကြပ်နဲ့ နှလုံးရောဂါလို ကျန်းမာရေးအခြေအနေတွေ ရှိနှင့်ပြီးသားဖြစ်နေတယ်ဆိုရင် လေထုညစ်ညမ်းမှုက သူတို့အတွက် ပိုပြီး အန္တရာယ်ပိုများနိုင်ပါတယ်။
ထို့အပြင် လေထုညစ်ညမ်းမှုကို အချိန်ကြာမြင့်စွာ ထိတွေ့နေရတဲ့ ကလေးတွေဟာ တစ်ခါတစ်ရံမှထိတွေ့တဲ့ကလေးတွေထက် ပိုပြီးအန္တရာယ်များနိုင်ပါတယ်။ အဲဒီမှာ အထူးသဖြင့် ကျောက်မီးသွေး၊ မီးသွေး၊ ထင်းမီးဖိုသုံးတဲ့အိမ်မှာ နေထိုင်တဲ့ကလေးတွေ ပါဝင်ပါတယ်။
"ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ၎င်းတို့ရဲ့ ကလေးတွေအတွက် လေထုညစ်ညမ်းမှုက ဘယ်လောက်အန္တရာယ်ရှိသလဲ"
ကိုယ်ဝန်ဆောင်ချိန်မှာ လေထုညစ်ညမ်းမှုက မိမိရော မွေးကင်းစကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ကိုလည်း ပိုပြီး အန္တရာယ်ရှိစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိခြင်းက သွေးတွင်းသကြားဓာတ်မြင့်မားစေခြင်း၊ သွေးတိုးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာဖြစ်တဲ့အတက်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကလေးမွေးပြီးနောက်ဖြစ်တဲ့ စိတ်ကျရောဂါ၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးဖွားခြင်း စတာတွေ ဖြစ်နိုင်တဲ့အန္တရာယ်မြင့်မားပါတယ်။ PM2.5 လို သေးငယ်တဲ့ညစ်ညမ်းတဲ့အမှုန်တွေဟာ မိမိရဲ့ကြီးထွားဆဲ ကလေးငယ်ဆီကိုလည်း ရောက်ရှိနိုင်ပြီး သူတို့ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာပြဿနာတွေနဲ့ ကိုယ်ခံအားနည်းတာတွေကို ပိုပြီးဖြစ်စေနိုင်ပါတယ်။
ဒီအချက်အလက်တွေက ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ သတင်းကောင်းကတော့ ကြိုတင်ကာကွယ်မှု အနည်းငယ် ပြုလုပ်ခြင်းဖြင့် လေထုညစ်ညမ်းမှုနဲ့ထိတွေ့မှုကို သိသိသာသာ လျှော့ချနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။ လေထုညစ်ညမ်းမှု မြင့်မားနေတဲ့အခါ အခန်းတွင်းမှာနေခြင်း သင့်လျော်သော နှာခေါင်းစည်းတပ်ဆင်ခြင်း၊ နှင့် မီးခိုးများ (ကျောက်မီးသွေး၊ မီးသွေး၊ ထင်းလောင်စာသုံး မီးဖိုများနှင့် ဆေးလိပ်မီးခိုးအပါအဝင်) ကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်နေချိန်မှာ မိမိရဲ့ခန္ဓာကိုယ်ဟာ ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကလေးကို ကာကွယ်ပေးဖို့အတွက် အံ့ဩစရာကောင်းတဲ့အလုပ်တစ်ခုကို လုပ်နေတယ်ဆိုတာ သတိရပါ။ အခုလိုကြိုတင်ကာကွယ်မှုတွေက မိမိ ခန္ဓာကိုယ်က ဒီအလုပ်တွေ ဆက်လုပ်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။
လေထုညစ်ညမ်းမှုကနေ မိမိကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အကြံဉာဏ်တွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်။
"မိမိကလေးတွေကို အိမ််အပြင်က လေထုညစ်ညမ်းမှုကနေ ဘယ်လိုကာကွယ်မလဲ"
မိမိနဲ့ မိမိကလေးတွေ ပြင်ပရှိ ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်ခြင်းကနေ ပိုမိုကာကွယ်နိုင်အောင် အောက်ပါအဆင့်တွေကို လုပ်ဆောင်နိုင်ပါတယ် -
- မိမိ နေထိုင်ရာဒေသရှိ လေထုအရည်အသွေးကို နေ့စဉ်စစ်ဆေးပါ။ ဒီအချက်အလက်တွေကို ဒေသတွင်းသတင်းတွေ၊ အစိုးရဝဘ်ဆိုက်တွေနဲ့ ဖုန်းထဲကို အခမဲ့ဒေါင်းလုတ်ဆွဲယူနိုင်တဲ့ Plume ဒါမှမဟုတ် IQAir လို အက်ပလီကေးရှင်းတွေမှာ ကြည့်နိုင်ပါတယ
- မိမိ မိသားစုအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ လေထု အရည်အသွေးဆိုင်ရာ အချက်အလက်တွေကို အသုံးပြုပါ။ ပြင်ပလေထုညစ်ညမ်းမှုအဆင့်
- အိမ်ထဲမှာပဲနေပါ။
- အကယ်၍ အပြင်သွားဖို့လိုအပ်ပါက လေထုညစ်ညမ်းမှုအဆင့်နိမ့်တဲ့နေ့တွေမှာ သွားပါ (ဒါက အချိန်နဲ့ နေရာအမျိုးမျိုးပြောင်းလဲနိုင်တဲ့အတွက် အမြဲစစ်ဆေးကြည့်ပါ)။
- ကလေးတွေကို ကစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာအပါအဝင် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ခိုင်းပါ။ အထူးသဖြင့် ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါ ဒါမှမဟုတ် တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေလို ဆေးဘက်ဆိုင်ရာ အခြေအနေတွေရှိရင် ပိုပြီးအရေးကြီးပါတယ်။
ညစ်ညမ်းမှုမြင့်မားနေချိန်မှာ ပြတင်းပေါက်တွေနဲ့ တံခါးတွေကို ပိတ်ထားပြီး ညစ်ညမ်းစေတဲ့အရာတွေ ဝင်မလာအောင်လုပ်ပါ။
- ယာဉ်အသွားအလာများတဲ့ လမ်းမကြီးတွေကို ရှောင်ပါ။ ယာဉ်အသွားအလာများတဲ့လမ်းမပေါ်မှာ လမ်းလျှောက်ရမယ်ဆိုရင် တတ်နိုင်ရင် ကလေးကို ချီသွားပါ၊ ဒါမှ သူတို့က ယာဉ်တွေရဲ့အင်ဂျင်ကထွက်တဲ့ အခိုးအငွေ့တွေရဲ့ အထက်မှာရှိနေမှာဖြစ်ပါတယ်။
- စက်ရုံတွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ စွန့်ပစ်ပစ္စည်းတွေ မီးရှို့တဲ့ နေရာအပါအဝင် စက်မှုလုပ်ငန်းလုပ်နေတဲ့နေရာတွေကို ရှောင်ပါ
- မိမိကလေးကို သင့်လျော်သော နှာခေါင်းစည်းဝတ်ပေးထားပါ-
- နှာခေါင်းစည်းက နှာခေါင်း၊ ပါးစပ်နဲ့ မေးစေ့အကုန်လုံးကို ဖုံးပြီး လစ်ဟာနေတဲ့နေရာမရှိရပါ။
- KF94 ၊KN95 ဒါမဟုတ် FFP2 နှာခေါင်းစည်းတွေက သက်သောင့်သက်သာရှိပြီး PM2.5 လို အန္တရာယ်ရှိတဲ့ ညစ်ညမ်းပစ္စည်းတွေကို တားဆီးပေးနိုင်တာကြောင့် ရွေးချယ်သင့်ပါတယ်။
- မိမိကလေးရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ နှာခေါင်းစည်းအရွယ်အစားကို ဝတ်ပေးသင့်ပါတယ်။
- တချို့သော အခြေအနေတွေမှာ နှာခေါင်းစည်းတွေက သင့်ကလေးအတွက် သင့်တော်မှုမရှိတာဖြစ်နိုင်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသက် ၅ နှစ်အောက် ကလေးငယ်တွေဟာ နှာခေါင်းစည်း ဝတ်ဆင်ဖို့ ခက်ခဲနိုင်တာကြောင့် ပုံမှန်အားဖြင့် နှာခေါင်းစည်း မတပ်သင့်ဘူးလို့ အကြံပြုထားပါတယ်။
- WHO က လေထုညစ်ညမ်းတဲ့ပတ်ဝန်းကျင်တွေမှာ ကလေးတွေကို နှာခေါင်းစည်းဝတ်ဆင်တာနဲ့ ပတ်သက်ပြီး တိကျတဲ့အကြံပြုချက်ပေးမထားတဲ့အတွက် မိမိကလေးရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ ဒေသရဲ့လေအရည်အသွေးပေါ်အခြေခံပြီး ဘယ်လိုအကြံပြုမလဲဆိုတာ သိရဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးတာ အကောင်းဆုံးဖြစ်ပါတယ်။
- ကျန်းမာသန်စွမ်းတဲ့ ကလေးတွေဟာ ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိခြင်းကြောင့် ပြဿနာဖြစ်နိုင်ချေနည်းပါတယ်။ သင့်ကလေးရဲ့ အထွေထွေ ကျန်းမာရေးကို အောက်ပါနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးပါ-
- ကာကွယ်ဆေးတွေကို မပျက်မကွက်ထိုးနှံပါ။
- အရေးကြီးတဲ့အနုအာဟာရဓာတ် လုံလောက်စွာပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ကျွေးပါ။ ဗီတာမင် စီ ၊ အီး နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်များစွာပါဝင်တဲ့ ဒီအစားအစာတွေက အထူးသဖြင့် အကျိုးပြုနိုင်ပါတယ် -
- ဗီတာမင် စီ - မာလကာသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ချဉ်တဲ့အသီးအနှံတွေ (ဥပမာ - လိမ္မော်သီး ၊ သံပုရာသီး) ၊ ငရုတ်ပွ။
- ဗီတာမင် အီး - အခွံမာသီးနဲ့ အစေ့အဆန်တွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ(ဥပမာ - ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း) ။
- အိုမီဂါ ၃ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ - ပင်လယ်စာနှင့်ငါး (ဥပမာ တူနာငါး)၊ ပင်လယ်ရေညှိ၊ သစ်ကြားသီး၊ ပိုက်ဆံလျှော်ပင်စေ့။
- ကလေးတွေကို လှုပ်လှုပ်ရှားရှားလုပ်ခိုင်းပါ။
- အနည်းဆုံးခြောက်လအထိ မိခင်နို့တိုက်ကျွေးပါ။
- ရပ်ရွာထဲက မိဘများနဲ့အတူ အပြောင်းအလဲကို တောင်းဆိုပါ။ လေထုညစ်ညမ်းမှုကို လျှော့ချပြီး ကလေးတွေကိုကာကွယ်ပေးမယ့် မူဝါဒတွေ ချမှတ်ဖို့ ရပ်ရွာတွင်း၊ နိုင်ငံတွင်း လှုပ်ရှားမှုတွေမှာ ပါဝင်ပါ။
အိမ်တွင်းလေထုညစ်ညမ်းမှုကနေ ကလေးတွေကို ဘယ်လိုကာကွယ်ရမလဲ
မိမိကလေးတွေ အိမ်တွင်း ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်ခြင်းကနေ ကာကွယ်နိုင်အောင် အောက်ပါအဆင့်တွေကို လုပ်ဆောင်နိုင်ပါတယ်
- လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချက်ပြုတ်ပါ - ချက်ပြုတ်တဲ့အခါ ပြတင်းပေါက်တွေကိုဖွင့်ထားပြီး အပူနှင့်အငွေ့တွေထွက်သွားအောင်အညှော်စုပ်စက်ကို အသုံးပြုပါ။
- မိမိအိမ်မှာ ချက်ပြုတ်ဖို့၊ အပူပေးဖို့နဲ့ အလင်းရောင်ရဖို့အတွက် ပိုမိုသန့်စင်တဲ့ လောင်စာတွေနဲ့ နည်းပညာတွေကို အသုံးပြုပါ - ဖြစ်နိုင်ပါကလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ရေနံဓာတ်ငွေ့ ရည်၊ ဇီဝဓာတ်ငွေ့ ဒါမဟုတ်နေရောင်ခြည်စွမ်းအင်သုံးမီးဖိုတွေကို ရွေးချယ်ပါ။
- လောင်စာနည်းနည်းနဲ့ ထိထိရောက်ရောက် လောင်ကျွမ်းစေဖို့အတွက် မီးဖို ၊ မီးခိုးခေါင်းတိုင်နဲ့ အခြားပစ္စည်းတွေကို အသုံးပြုပါ။
- လေဝင်လေထွက်မကောင်းရင် ဒါမှမဟုတ် သန့်ရှင်းတဲ့လောင်စာကို အသုံးမပြုနိုင်ရင် အိမ်ပြင်မှာချက်ပါ။
- ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေကို အခိုးအငွေ့တွေနဲ့ ဝေးရာမှာထားပါ။
- ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ ဆေးရွက်ကြီးအငွေ့နဲ့ မထိတွေ့စေဖို့အတွက် အိမ်တွင်းနဲ့ ၎င်းတို့အနီးမှာ ဆေးလိပ်မသောက်ပါနဲ့။
- ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေနဲ့ air freshener တွေက လေထုထဲကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အသုံးမပြုပါနဲ့။
- အိမ်သုတ်ဆေးထုတ်ကုန်တွေ၊ သန့်ရှင်းရေးပစ္စည်းတွေနဲ့ အိမ်သုံးဓာတုပစ္စည်းတွေအပါအဝင် တခြားသော အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်စေတဲ့အရင်းအမြစ်တွေကို သတိပြုပါ - ကလေးတွေကို ဒီပစ္စည်းတွေနဲ့ ဝေးဝေးနေစေပြီး ဖြစ်နိုင်လျှင် သဘာဝနည်းလမ်းများကို အသုံးပြုပါ။
- သင်တတ်နိုင်ပါက အိမ်တွင်းညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို စုပ်ယူမှုအားကောင်းတဲ့ HEPA စစ်ထုတ်ကိရိယာတွေ ပါဝင်တဲ့ လေသန့်စက်ကိုအသုံးပြုပါ။
“မိမိကလေးက လေထုညစ်ညမ်းမှုကြောင့် နေမကောင်းဖြစ်နေသလားဆိုတာ ဘယ်လိုသိနိုင်မလဲ"
အကယ်၍ မိမိကလေးဟာ လေထုညစ်ညမ်းမှုကြောင့် နေမကောင်းဖြစ်ပါက ၎င်းတို့ဟာ ဓာတ်မတည့်တာတွေ၊ အအေးမိတာ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေကို ပြသနိုင်ပါတယ်။ အောက်ပါ ကျန်းမာရေးသတိပေးလက္ခဏာများကိုရှာဖွေပြီး ဆေးဘက်ဆိုင်ရာအကူအညီကို ချက်ချင်းရယူဖို့လိုပါတယ်။
ရင်ခွင်ပိုက်ကလေးတွေမှာ လေထုညစ်ညမ်းမှုကြောင့် ဖျားနာခြင်း
ရင်ခွင်ပိုက်ကလေးငယ်လေးတွေအတွက် အသက်ရှူရခက်တဲ့ လက္ခဏာတစ်ခုခုဖြစ်နေရင် သတိထားသင့်ပါတယ်။ ဒါက အရေးပေါ် အခြေအနေဖြစ်ပါတယ်။
ကလေးတွေမှာ လေထုညစ်ညမ်းမှုကြောင့် ဖျားနာခြင်း
ကလေးတွေမှာ စောင့်ကြည့်ရမှာက
- မျက်လုံးခြောက်ခြင်း ဒါမှမဟုတ် မျက်လုံးစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ပင်ပန်းနွမ်းနယ်ခြင်း၊
- ဓာတ်မတည့်ခြင်း၊
- အသက်ရှူမဝခြင်း။
ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေမှာ လေထုညစ်ညမ်းမှုကြောင့် ဖျားနာခြင်း
အကယ်၍ သင့်ကလေးမှာ ပန်းနာရင်ကျပ်ရောဂါရှိပါက အောက်ပါတို့ဖြစ်လျှင် ဆေးရုံဆေးခန်းကို အမြန်ဆုံးပြသင့်ပါတယ်။
- ရင်ဘတ်အောင့်ခြင်း။
- အသက်ရှူမဝခြင်း ဒါမှမဟုတ် အသက်ရှူရခက်ခြင်း။
- ချောင်းဆိုးခြင်း၊ ချွဲသံဖြင့်အသက်ပြင်းပြင်းရှူခြင်း ဒါမှမဟုတ် သာမန်ထက် ပိုမိုပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါဖြစ်ပွားခြင်း။