ကလေးတွေ လိုအပ်နေတာ လူပါ၊ ဖန်သားပြင် မဟုတ်ပါဘူး

ဒီဂျစ်တယ်မျက်နှာပြင်ကြည့်ချိန် (Screen time) များလွန်းခြင်းက သင့်ကလေးကို ဘာကြောင့်ထိခိုက်စေလဲ၊ ဘယ်လိုထိခိုက်စေလဲ

UNICEF
UNICEF Myanmar
UNICEF Myanmar/2024/Khine Zar Mon
04 ဇွန်လ 2024

ကလေးငယ်တွေအတွက် ဒီဂျစ်တယ်မျက်နှာပြင်ကြည့်ချိန် (Screen time) များလွန်းခြင်းရဲ့ ဆိုးကျိုးတွေမှာ အာရုံစူးစိုက်နိုင်ချိန် တိုတောင်းလာခြင်းကနေ ကိုယ်ချင်းစာနိုင်စိတ် လျော့နည်းလာခြင်း အထိ ပါဝင်တယ်ဆိုတာ သင်သိပါသလား။

မှတ်တမ်းရုပ်ရှင် Brain Matters ကို ရိုက်ကူးတဲ့ ဒါရိုက်တာဖြစ်သူ Carlota Nelson က Screen Time များလွန်းခြင်းက ကလေးငယ်တွေကို ထိခိုက်စေတဲ့အကြောင်းရင်းနဲ့ ကလေးတွေကို ဒီဂျစ်တယ် ဖန်သားပြင် ပြင်ပ အတွေ့အကြုံတွေကို နှစ်သက်လာအောင်လုပ်ပေးဖို့ အရေးပါပုံတွေကို လေ့လာဖြစ်ခဲ့ပါတယ်။


ဒီနေ့ခေတ် နည်းပညာနဲ့ မီဒီယာက မောင်းနှင်နေတဲ့ ကမ္ဘာကြီးမှာ မိဘအများစုက တခြားလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေရချိန်မှာ ကလေးငယ်တွေ သဘောကျအောင်ပဲဖြစ်ဖြစ်၊ အာရုံလွှဲထားဖို့ပဲဖြစ်ဖြစ် ဒီဂျစ်တယ်ပစ္စည်းတွေကို အသုံးပြုကြပါတယ်။ ဒါကအလုပ်ဖြစ်တာပေါ့။ ဒီဂျစ်တယ် ဖန်သားပြင်တွေဟာ ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို တခြားအရာတွေထက်ပိုပြီး တစ်နည်းနည်းနဲ့ ဖမ်းစားထားနိုင်တော့ မိဘတွေကို အနည်းငယ် အသက်ရှူချောင်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက်သေးသေးလေးတွေအပေါ် screen တွေရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ၊ ပြီးတော့ ကလေးတွေဟာ screen တွေနဲ့ အချိန်ဘယ်လောက်ကြာကြာ ထိတွေ့သင့်လဲ။

ကလေးတွေရဲ့ ဦးနှောက်အပေါ် screen တွေရဲ့ သက်ရောက်မှုကို လေ့လာနေတဲ့ ဦးနှောက်ဆိုင်ရာ သိပ္ပံပညာရှင်တွေအနေနဲ့ လက်ရှိမှာ အဖြေအားလုံးကိုတော့မရသေးပါဘူး။ ဒါပေမဲ့ သူတို့သိထားတဲ့အချက်က ဒီဂျစ်တယ် ဖန်သားပြင်အလွန် အတွေ့အကြုံတွေ ပေးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ မိဘတွေကို နားလည်စေမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးတွေက လေ့လာသင်ယူနိုင်မယ်၊ သူတို့ရဲ့ လူမှုရေးနဲ့ သိမြင်မှုစွမ်းရည်တွေ တိုးတက်ပြီး အနာဂတ်မှာ ပိုပြီးကျန်းမာ ပျော်ရွှင်လာနိုင်မှာပါ။

 

ကလေးတွေဆိုတာ လူအချင်းချင်းအပြန်အလှန် ဆက်ဆံရေးတွေကနေ အများဆုံး လေ့လာသင်ယူတတ်ကြပါတယ်

Patricia Kuhl ဟာ ကမ္ဘာ့ထိပ်တန်း ဦးနှောက် သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး နှစ်စဉ် ကလေးငယ်ပေါင်း ၄,၀၀၀ ကျော်ကို စမ်းသပ်လေ့လာနေသူဖြစ်ပါတယ်။ "ကျွန်မတို့ လေ့လာသိရှိထားတာက အသက်တစ်နှစ်အောက် ကလေးလေးတွေက စက်တစ်ခုကနေ မသင်ယူတတ်ဘူး" လို့ ကွန်ပျူတာပေါ်က ဦးနှောက်ပုံံရိပ်ပေါင်းများစွာကို လက်ညှိုးထိုးပြပြီး ပြောပြခဲ့ပါတယ်။ “စိတ်ဝင်စားစရာကောင်းတဲ့ ဗီဒီယိုတွေကို ပြလိုက်ရင်တောင် သင်ယူမှု ကွာခြားချက်က ထူးခြားပါတယ်။ သက်ရှိလူတစ်ယောက်ဆီကနေ အံ့ဩစရာကောင်းအောင် လေ့လာသင်ယူနိုင်ပြီး စက်တွေကနေ သင်ယူမှုကတော့ သုညပါပဲ။ "

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသက် ၂ နှစ်အောက် ကလေးငယ်တွေကို Screen time လုံးဝမပေးဖို့နဲ့ အသက် ၂ နှစ်ကနေ ၄ နှစ်ကြား ကလေးတွေကို တစ်နေ့ တစ်နာရီထက်ပိုပြီး Screen time အသုံးပြုချိန် မပေးဖို့ အကြံပြုထားတာ ဖြစ်နိုင်ပါတယ်။

 

ဖန်သားပြင်တွေက အာရုံစိုက်နိုင်စွမ်းကို အပိုင်စီးနိုင်ပါတယ်

ကလေးတွေအတွက် ဘယ်နယ်ပယ်မှာဖြစ်ဖြစ် အောင်မြင်မှုရရှိဖို့ ဘယ်လိုအာရုံစုစည်းပြီး ဘယ်လိုအာရုံစူးစိုက်ရမယ်ဆိုတာကို သင်ယူဖို့လိုပါတယ်။ ဒီစွမ်းရည်ဟာ ဦးနှောက်က ဘေး ပတ်ဝန်းကျင်တွေကို ပိုပြီးအာရုံခံစားလွယ်တဲ့ ကလေးတွေရဲ့ အစောပိုင်းနှစ်တွေမှာ စတင်ဖွံ့ဖြိုးတာဖြစ်ပါတယ်။ ဦးနှောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ပြင်ပလောကက လှုံဆော်မှုတွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ပိုပြီးအရေးကြီးတာက ဒီလှုံ့ဆော်မှုတွေကို နားလည်ဖို့ အချိန်လိုအပ်ပါတယ်။ ပုံပြင်စာအုပ်တွေကို အသံကျယ်ကျယ်နဲ့ ဖတ်ပြတာက ကလေးတွေကို စကားလုံးတွေ၊ ပုံတွေ၊ အသံတွေကို နားလည်ဖို့ အချိန်ရစေပေမယ့် ဖန်သားပြင်ပေါ်က ပုံတွေ၊ အကြောင်းအရာတွေကို တရစပ်ဖမ်းယူနေတာက သူတို့ရဲ့ အာရုံစိုက်နိုင်ချိန်ကာလနဲ့ အာရုံစိုက်နိုင်စွမ်းကို ထိခိုက်စေပါတယ်။

 

ဖန်သားပြင်တွေက စိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်စွမ်းကို လျော့စေပါတယ်

ကလေးငယ်တွေမှာ ငြီးငွေ့နေတဲ့အချိန်ကာလတစ်ခုရှိဖို့လိုအပ်ပါတယ်။ ဒီကာလတစ်ခုဟာ ပျင်းရိငြီးငွေ့တာကြောင့် စိတ်အလိုမကျတာတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ စိတ်လိုက်မာန်ပါဖြစ်လာတဲ့အခါ စိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သင်ပေးပါတယ်။ ကလေးငယ်လေးတွေကို ဖန်သားပြင်တွေကပဲ တချိန်လုံး လှုံ့ဆော်နေမယ်ဆိုရင် စိတ်ပျော်အောင်နေဖို့အတွက် ကိုယ်ကိုယ်တိုင်နဲ့ တခြားသူတွေကို ဘယ်လိုအားကိုးရမယ်ဆိုတာ မေ့သွားတတ်ပါတယ်။ ဒီလိုနဲ့ စိတ်ပျက်အားငယ်မှုတွေကို ခံစားရပြီး စိတ်ကူးစိတ်သန်းရင့်သန့်လာမှုနဲ့ စိတ်အားတက်ကြွခြင်းတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။

 

ဖန်သားပြင်တွေက စာနာစိတ်ကို လျော့စေပါတယ်

သုတေသနတစ်ခုအရ ကလေးငယ်တွေမှာ စာနာစိတ်ဖွံ့ဖြိုးစေဖို့အတွက်လိုအပ်တဲ့ အဓိက အစိတ်အပိုင်းနှစ်ခုဖြစ်တဲ့ မျက်နှာထားဖတ်တတ်ခြင်းစွမ်းရည်နဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေကို Screen time များခြင်းက လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ မျက်နှာချင်းဆိုင် ဆက်ဆံရေးတွေဟာ ကလေးငယ်တွေကို နှုတ်ပြောမဟုတ်တဲ့  အရိပ်အမြွက်တွေကို နားလည်ပြီး အဓိပ္ပါယ်ဖွင့်နိုင်အောင် သင်ပေးမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ဦးနှောက်ကျန်းမာရေးကို လျစ်လျူရှုခြင်းရဲ့ အကျိုးသက်ရောက်ပုံတွေကို လေ့လာနေသူ ဟားဗတ်တက္ကသိုလ်က အာရုံကြောသိပ္ပံပညာရှင် Charles Nelson က "ကလေးတွေ ဘာသာစကားတစ်ခု မတတ်မြောက်ခင်မှာ ဆက်သွယ်တဲ့ ဆက်သွယ်မှုအားလုံးက အပြောနဲ့မဟုတ်ပါဘူး၊ မျက်နှာအနေအထားတွေကိုဖတ်ပြီး ဒီလူက ငါနဲ့ ပျော်နေတာလား ၊ ဒါမှမဟုတ် သူငါ့ကို စိတ်ဆိုးနေတာလား" ဆိုပြီး အဓိပ္ပါယ်ဖော်ကြရပါတယ်” ကလေးနဲ့ အုပ်ထိန်းစောင့်ရှောက်သူတွေကြားက နှစ်ဘက် အပြန်အလှန်ဆက်သွယ်မှုက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သိပ်ကိုအရေးကြီးပါတယ်။

ဖန်သားပြင်နဲ့ထိတွေ့မှုက ကလေးတွေရဲ့ လူ့စိတ်ခံစားချက်ကို ဖတ်ရှုနားလည်နိုင်တဲ့စွမ်းရည်နဲ့ သူတို့ရဲ့ စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ တခြားကလေးတွေနဲ့အတူ ကစားတာ၊ပေါင်းသင်းဆက်ဆံရေးတွေကိုလည်းလည်း ထိခိုက်စေပါတယ်။ ဒါပေမဲ့ တချို့အချိန်တွေမှာ ဖန်သားပြင်ကို မဖြစ်မနေ အသုံးပြုရမယ်ဆိုရင်တော့ ကလေးတွေကြည့်နေတဲ့ အကြောင်းအရာကို သေချာထိန်းချုပ်ပြီး ကြည့်ရှုနေချိန်မှာလည်း မိဘတွေကိုယ်တိုင်က အတူလိုက်ကြည့်ပေးတာ၊ စကားပြောဆိုပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု အစောပိုင်းကာလတွေမှာ Screen time ကို ကန့်သတ်ခြင်း (သို့) တားမြစ်ခြင်းက ရတဲ့အကျိုးကျေးဇူးတွေကတော့ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံးမှာအတူကျန်ရှိနေမယ့် အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ 

 


 

Carlota Nelson သည် ကလေးများ၏အစောပိုင်းဦးနှောက်ဖွံ့ဖြိုးမှုအကြောင်းပွဲဦးထွက်ထိုးဖောက်ရိုက်ပြခဲ့သည့်မှတ်တမ်းရုပ်ရှင်ကားတစ်ကားဖြစ်သည့် Brain Matters ၏ စာရေးဆရာနှင့်ဒါရိုက်တာဖြစ်ပါသည်။ရိုက်ကူးရေးမစတင်မီ Carlota သည် ကမ္ဘာ့ထိပ်တန်းအာရုံကြောသိပ္ပံပညာရှင်များနှင့်အစောပိုင်းကလေးသူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသိုင်းအဝိုင်း၏အဖွဲ့ဝင်များနှင့်အတူ အစောပိုင်း ကလေးသူငယ်ဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ရှစ်လကြာသုတေသနလုပ်ခဲ့ပါသည်။ ရုပ်ရှင်အကြောင်းပိုမိုသိရှိလိုပါက www.brainmattersfilm.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။