အိမ်တွင် ကျန်းမာသော ဒစ်ဂျစ်တယ် အလေ့အထများ ဖန်တီးနိုင်ရန် နည်းလမ်း ၁၀ မျိုး

နည်းပညာနှင့် သင့်မိသားစုအကြား၊ မိသားစုဝင် အချင်းချင်းကြား ဆက်ဆံရေး ပိုမို တိုးတက်လာစေရန် ကျွမ်းကျင်သူ၏ အကြံပေးချက်များ

UNICEF
UNICEF Myanmar
UNICEF Myanmar/2013/Kyaw Kyaw Winn
11 ဇွန်လ 2024

ဒစ်ဂျစ်တယ်ခေတ်မှာ ကလေးတွေကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ နည်းပညာ​တွေ အသစ်ပြီး အသစ် ထွက်​ပေါ်​နေတာနဲ့အမျှ ဒါ​တွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရရှိလာနိုင်တဲ့ အခွင့်အလမ်းတွေကို ​သေချာနားလည်ပြီး ထိန်းညှိချိန်ဆနိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ ကျန်းမာတဲ့ နည်းပညာသုံးစွဲမှုမျိုးကို မိသားစုတစ်စုလုံးက အတူတကွ ​ဖော်​ဆောင်ကြ​ရာမှာ အ​ကောင်းဆုံး အကြံဉာဏ်တွေ ​ရရှိနိုင်ဖို့ ဒစ်ဂျစ်တယ်​ရေးရာ မိဘအုပ်ထိန်းမှုပိုင်း  ကျွမ်းကျင်သူ ​ဒေါက်တာ ဂျက်ကလင်း နက်စီကို ဆက်သွယ်​မေးမြန်းထားပါတယ်။

သင့်မိသားစုဘဝမှာ နည်းပညာရဲ့ အခန်းကဏ္ဍကို စောစောစီးစီး၊ မကြာခဏ ဆွေးနွေး​ပေးပါ။

၁။ သင့်ကလေး​ကို ​မေးခွန်း​တွေ​မေးပါ။ သင့်က​လေးတွေလုပ်နေကျ တခြားအရာ​တွေအ​ကြောင်း သင် ​မေးမြန်းသလိုမျိုး သင့်က​လေး အသုံးပြုတဲ့ စက်ပစ္စည်း‌တွေအကြောင်းကိုလည်း မေးမြန်း​ပေးပါ။ ဘာတွေကို သူ သဘောကျသလဲ၊ ဘာတွေကိုတော့ မကြိုက်ဘူးလဲ၊ ဘယ်နှစ်ကြိမ်‌လောက် သုံးဖြစ်သလဲ၊ ဘာတွေက အဆင်ပြေသလဲ အစရှိသဖြင့် မေးမြန်းပါ။

၂။ နည်းပညာအသုံးပြုမှုရဲ့ အန္တရာယ်​တွေအ​ကြောင်း ဆွေးနွေးပါ။  စက်ပစ္စည်းတွေက တခြားလုပ်စရာ​တွေကို အနှောင့်အယှက်ဖြစ်​​စေရင်ပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်မှာ သူတို့မြင်နိုင်တဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် သူတို့ လုပ်နိုင်တဲ့အရာ‌တွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ သင် စိုးရိမ်တာတွေကို သင့်ကလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

က​လေး​တွေ အွန်လိုင်းမှာ အခက်အခဲကြုံလာခဲ့ရင် သင်တို့ထံ လာရောက်‌ ပြောပြဖို့ (အကြိမ်ကြိမ်!) ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ အရေးကြီးပါတယ်။ “အွန်လိုင်းမှာ ကြုံလာရနိုင်တဲ့ အခြေအနေတစ်ခုချင်းစီတိုင်းကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိဖို့က တကယ်ကို ခက်ခဲနိုင်တာ​ပဲ​နော်။ စိတ်ရှုပ်ထွေးစရာကောင်းတဲ့အရာ ဒါမှမဟုတ် စိတ်ပျက်စရာကောင်းတဲ့ အရာတွေကို ကြုံတွေ့လာရနိုင်တာမလို့ အဲ့လိုအခါမျိုးတွေမှာ သားတို့ သမီးတို့က ဖေဖေတို့ မေမေတို့ဆီကို လာခဲ့။ အဲဒါတွေကို အတူတူ အဖြေရှာဖို့ ကြိုးစားကြရ​အောင်​နော်” ဆိုပြီးလည်း ကြိုတင်မှာကြားထားနိုင်ပါတယ်။

သင့်ကလေးတွေ ပြဿနာတစ်စုံတစ်ရာရှိလို့ သင့်ဆီ လာတဲ့အခါမှာလည်း သင့်ရဲ့တုံ့ပြန်ပုံကို သတိချပ်စေချင်ပါတယ်။ မိဘတစ်ယောက်အဖို့ သင်ရဲ့ကလေးက အွန်လိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတစ်ခုခုကို မျှဝေတဲ့အခါ အံသြစရာ​ကောင်းတာ​တွေမက ​ကြောက်စရာ​ကောင်းတာ​တွေ​တောင် ကြုံနိုင်ပါတယ်။ အဲ့လိုအချိန်မှာ ချက်ချင်း သူ ဘာအမှားလုပ်မိ​ကြောင်း ​ပြောဆိုတာ၊ ဒါမှမဟုတ် ဘေးကင်းစေချင်စိတ်နဲ့ သူ့ စက်ပစ္စည်းကို သိမ်းထားလိုက်တာမျိုးတွေက စိတ်လိုက်မာန်ပါလုပ်မိချင်စရာပါပဲ။ ဒါပေမဲ့ ဒီအခြေအနေမှာ ကောင်းမွန်တဲ့ ကနဦးတုံ့ပြန်မှုတစ်ခုကတော့ “ဒီလိုပြောပြပေးတဲ့အတွက် အများကြီး ကျေးဇူး​နော်” လို့ ပြောလိုက်တာမျိုးပါ။ ဒီလိုပြောလိုက်တာက သင့်ကလေး နောက်တစ်ကြိမ် အွန်လိုင်းမှာ စိန်ခေါ်မှု​တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သင့်ဆီ လာရောက်အကူအညီတောင်းနိုင်ခြေ ပိုများစေပါတယ်။

၃။ နောက်ခံ အ​ကြောင်းအရာ​တွေကို သတိပြုပါ။ အရာရာမှာ နည်းပညာကိုချည်း  အပြစ်မတင်ဖို့က အရေးကြီးပါတယ်။  တစ်ခါတစ်လေမှာ ကလေးတွေ စက်ပစ္စည်းကို ဘယ်လိုအသုံးပြုနေလဲဆိုတာ‌က အခြား အရာကိစ္စ​တွေအ​ကြောင်း ထင်​ပေါ်​စေနိုင်ပါတယ်။ ဥပမာ၊ သင့်ရဲ့ ဆယ်ကျော်သက် သားသမီးက လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့ (နယူးစ်)ဖိဒ် (newsfeed) ကို ခဏခဏ refresh ပြန်လုပ်ကြည့်တယ်ဆိုရင် တကယ်တမ်း ဘာ‌ဖြစ်ပျက်နေလဲဆိုတာကို စကားစမြည်ပြောဆိုဖို့ လိုအပ်လာပါပြီ။ သူ့ကို အခြားသူတွေက ဘယ်လို မြင်သလဲဆိုပြီး စိုးရိမ်​နေတာမျိုး၊ ဒါမှမဟုတ် ကျောင်းမှာ သို့ သူငယ်ချင်းတွေကြားမှာ သူ့ကိုယ်သူ ယုံကြည်မှုမရှိတာမျိုး ဖြစ်နေနိုင်ပါတယ်။

သင့်မိသားစုအတွက် အဓိပ္ပာယ်ရှိသော စည်းများကို သတ်မှတ်ပါ။

၄။ ‘yes’ နဲ့ ‘no’ စည်းမျဉ်းများ ပြုလုပ်ပါ။ ‘yes’ စည်းမျဉ်းတွေက သင့်ကလေး ပြုလုပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ သူ့ကို အွန်လိုင်းမှာ ဘယ်လို ပြုမူ​စေချင်လဲ။ ဒစ်ဂျစ်တယ် အသုံးပြုသူကောင်း‌‌ တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ။ သင့်မိသားစုတွင်း “ကျန်းမာတဲ့” နည်းပညာ အသုံးပြုမှုက ဘယ်လိုပုံစံမျိုးလဲ။ “no” စည်းမျဉ်းတွေက (အခြားသူတွေကို အနိုင်ကျင့်တာတို့လို) သင့်က‌လေးကို သင်မပြုလုပ်စေလိုတဲ့အရာတွေ ၊ ဒါမှမဟုတ် (ကိုယ်ရေးကိုယ်တာ အချက်အလက်​တွေ ပေးလိုက်တာလိုမျိုး) အွန်လိုင်းမှာ လုံခြုံရေးအတွက် မပြုလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

အမှားအယွင်းဆိုတာ ဖြစ်တတ်ကြောင်း ​ပြောပါ။ သင့်ကလေးဟာ ဒစ်ဂျစ်တယ်အသုံးပြုသူ​ကောင်း  ပီသဖို့ သင်ယူလေ့ကျင့်နေဆဲ အဆင့်မှာပဲရှိနေသေးရင်လည်း ကိစ္စမရှိ​ကြောင်း ရှင်းပြပါ။ ကြုံတွေ့နေရတဲ့ အခက်အခဲ​တွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း လာပြောပြလို့  “ဒုက္ခရောက်” မှာ မဟုတ်ကြောင်း သင့်ကလေးကို ပြောပြထားတာက အချို့မိသားစု​တွေအဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

၅။ နည်းပညာကင်းမဲ့ဇုန်​တွေ ဖန်တီးပါ။  မိသားစုလိုက် သတ်မှတ်နိုင်တဲ့ စည်းတစ်ခုက​တော့ နည်းပညာကင်းတဲ့ နေ့စဉ်အချိန်အပိုင်း​တွေ သို့ နေရာ​တွေကို သတ်မှတ်ခြင်းပဲဖြစ်ပါတယ်။ နည်းပညာကင်းမဲ့ချိန်မှာ သင့်စက်ပစ္စည်းများကို သိမ်းဆည်းထားရမည့် နေရာတစ်​နေရာ သို့ “အထိုင်စခန်း” ကို ဖန်တီးနိုင်ပါတယ်။ အထောက်အကူဖြစ်စေတဲ့ အလေ့အကျင့်‌ကောင်းတ‌စ်ခုက​တော့ ညဘက်အချို့အချိန်ဆိုရင် စက်ပစ္စည်း​တွေ အိပ်ခန်းအတွင်းမှာ ရှိမနေစေခြင်းပါပဲ။ အိပ်စက်ခြင်းက အလွန်အရေးကြီးပါတယ်။ ဒါကို စက်ပစ္စည်းတွေက အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

၆။ အင်တာနက်ပေါ်ကအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ ထားရှိသတ်မှတ်ပါ။  သင့်ကလေး‌တွေ အွန်လိုင်းမှာ ဝင်ရောက်ကြည့်ရှု‌နေတဲ့ အကြောင်းအရာတွေက သူတို့အသက်အရွယ်၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နဲ့ သင့်လျော်​​စေဖို့က အရေးကြီးပါတယ်။ ငယ်ရွယ်တဲ့ ကလေး‌တွေနဲ့ ဆယ်ကျော်သက်တွေကို ဘယ်အက်ပ်အသစ်ကိုမျှ ဒေါင်းလုဒ်မလုပ်ခင်၊ ဒါမှမဟုတ် ဘယ်ပလပ်ဖောင်းအသစ်ကိုမဆို မပါဝင်ခင် သင့်ဆီက ခွင့်ပြုချက်တောင်းခိုင်းပါ။ သင်လက်လှမ်းမီတဲ့ မိဘအထိန်းအချုပ်​တွေ (ဥပမာ- မျက်နှာပြင်ကြည့်ရှုချိန်ကန့်သတ်မှု​တွေ၊ app အတွင်းဝယ်ယူမှု​တွေ၊ အကြောင်းအရာစစ်ထုတ်မှု၊ စသဖြင့်) ကို အသုံးပြုဖို့လည်း စဉ်းစားနိုင်ပါတယ်။

သင့်ကလေး​တွေရဲ့ စက်ပစ္စည်းများအသုံးပြုမှုကို သတိထားပါ။

၇။ နည်းပညာကို အတူတကွ စူးစမ်းပါ။ အရွယ်စုံကလေး​တွေနဲ့အတူတူ တွဲဖက်ကြည့်ရှုမှုနဲ့ တွဲဖက်သုံးစွဲမှု​တွေ စမ်းလုပ်ပါ။ ရိုးရိုး​ပြောရရင် သင့်ကလေး​တွေနဲ့အတူတူ နည်းပညာကို ကြည့်ရှုသုံးစွဲပါ။ ရုပ်သံအစီအစဉ်တစ်ခုကို အတူကြည့်ပြီး အဲ့အကြောင်းကို သူတို့နဲ့ စကားစမြည်ပြောတာမျိုး​ပေါ့။ အရွယ်ကြီးတဲ့ ကလေးနဲ့ဆိုရင်လည်း သူ အွန်လိုင်းပေါ် ဘာတွေလုပ်နေသလဲ​ဆိုတာမျိုး — သူ စိတ်ဝင်စားတာတွေ၊ သုံးလိုတဲ့ app တွေ စသဖြင့်— သင့်ကိုပြခိုင်းပါ။

၈။ ​ဖြေ​​လျော့​ပေးရမယ့် အချိန်ကိုလည်း သိပါ။ တချို့ကိစ္စတွေမှာ သင့်ကလေး သူတို့ရဲ့စက်ပစ္စည်းပေါ်မှာ လုပ်နေသမျှကို စောင့်ကြည့်ဖို့ လိုကောင်းလိုပါလိမ့်မယ်၊ အဲလိုလုပ်မယ်ဆိုတဲ့အ‌ကြောင်း​တော့  သူတို့ကို ကြိုပြောထားရမှာ​ပေါ့။ အထူးသဖြင့် ကလေးငယ်တွေ၊ ဒါမှမဟုတ် (ဖုန်းလိုမျိုး) စက်ပစ္စည်းအသစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုဖူးသူ‌တွေအတွက် အထူးအရေးကြီးပါတယ်။ ကလေးတွေက အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ စက်ပစ္စည်းအသုံးပြုမှု အတွေ့အကြုံ‌တွေ ပိုမိုရရှိလာတာနဲ့အမျှ သင်က သူတို့ကို အသက်အရွယ်နဲ့ အဆင့်အလိုက် သင့်လျော်တဲ့ လွတ်လပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ​ပေမဲ့ အွန်လိုင်းမှာ သူတို့ဘာတွေလုပ်နေလည်းဆိုတာကို ယေဘုယျအားဖြင့် သိထားဖို့က အမြဲတ​စေ အရေးကြီးပါတယ်။

သင့်ကလေး​တွေအတွက် ကျန်းမာတဲ့ အလေ့အထ​တွေကို ကိုယ်တိုင် လိုက်နာပြပါ။

၉။ သင်းပင်း လုပ်ဆောင်ပါ။  မိဘတွေအနေနဲ့ မိမိတို့ရဲ့ စက်ပစ္စည်း‌တွေကို ဘယ်လို (နဲ့ ဘယ်​လောက်အချိန်အတိုင်းအတာ) အသုံးပြုနေသလဲကို သတိထားဖို့ အရေးကြီးပါတယ်။ ဒါက ခက်ခဲတယ်​​နော်။ ဒါပေမဲ့ ကလေးတွေနဲ့ အတူ ကျန်းမာတဲ့ အလေ့အထတွေနဲ့ စည်းတွေကို သတ်မှတ်ရာမှာ မိဘနဲ့ သားသမီးကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ “နင်ကနင်၊ ငါကငါ” ဆိုတဲ့ အနေအထားပုံစံတစ်ခုက​နေ ဖောက်ထွက်ပြီး အဲ့အစား ‘ဒီနည်းပညာတွေနဲ့အတူ ဒွန်တွဲပါလာတဲ့ စိန်ခေါ်မှု​တွေကို အတူတူ ရင်ဆိုင်ကြမယ့် ငါတို့’ ဆိုတဲ့ ပုံစံကို ဖန်တီးဖို့အ​ရေး အတူတူလုပ်ဖို့ရာ ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

၁၀။ ပျော်စရာ​ကောင်း​အောင် လုပ်ပါ။  သင့်ကလေး‌တွေနဲ့ အတူတူ နည်းပညာကို အသုံးပြုပြီး ကစားဖို့ ပျော်စရာ အခွင့်အလမ်း​တွေ ဖန်တီးနိုင်မယ့် နည်းလမ်း​တွေ အများကြီး ရှိပါတယ်။ app တစ်ခုကို အသုံးပြုတာ၊ ဒါမှမဟုတ် ဂိမ်းတစ်ခုကို အတူတူကစားတာမျိုး​ပေါ့။ ဂိမ်းအတွက် စိတ်ကူးစိတ်သန်း‌‌တွေ ရှာ​ဖို့ ဒါမှမဟုတ် ဝါသနာ​​နဲ့ စိတ်ဝင်စားမှုတွေကို စူးစမ်းဖို့ ချက်ပြုတ်တာကအစ အားကစား၊ ဂီတ အဆုံး အရာရာအ​ကြောင်း ဗီဒီယို​တွေကို အတူတူ ရှာကြည့်နိုင်ပါတယ်။


ပါရဂူဘွဲ့ရ ​ဂျက်ကလင်း နက်စီသည် ဘ​ရောင်း ယူနီဗာစီတီ၊ စိတ်ကျန်းမာ‌ရေးနှင့် လူ့အမူအကျင့်ဌာနမှ လက်ထောက်ပါမောက္ခ ဖြစ်သည်။ သူမသည် ဆယ်ကျော်သက်များ၏ စိတ်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍအ​ကြောင်း သုတေသနပြုလုပ်‌နေသူတစ်ဦးဖြစ်သည်။ သူမကိုယ်တိုင်လည်း မိခင်တစ်ဦးဖြစ်ပြီး Techno Sapiens အပတ်စဉ်သတင်းလွှာကို ရေးသားသူဖြစ်ရုံမက ဒစ်ဂျစ်တယ်ခေတ်တွင် ကလေးများကို ပြုစုပျိုးထောင်ရန် မိဘများကို ကူညီသည့် သင်တန်းတစ်ခုဖြစ်သည့် Tech Without Stress ၏ ပူးပေါင်းတည်ထောင်သူလည်းဖြစ်သည်။