မိခင်မေတ္တာ

ကလေးများအတွက် ပုံပြင်စာအုပ်များ

UNICEF
UNICEF Myanmar

Highlights

ဒီစာအုပ်ကို မူလက“ရှေးဦးအရွယ်စာပေတတ်မြောက်ရေးအတွက်  မိခင်ဘာသာစကားဖြင့် ပုံပြင်ရှည်စာအုပ်များ ဖန်တီးပုံဖော်ရေး” ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီပုံပြင်ရှည်စာအုပ်တွေကို တိုင်းရင်းသားဘာသာစကားတွေနဲ့ ရေးသားထားပြီး မြန်မာဘာသာကို ဘာသာပြန်ဆိုခဲ့ကြပါတယ်။ ဒီစာအုပ်တွေကို စာဖတ်ခြင်းကို မြတ်နိုးတတ်စေဖို့၊ ကလေးတွေရင်းနှီးတဲ့ ဘာသာစကား (မိခင်ဘာသာစကား ဒါမှမဟုတ် ကနဦးဘာသာစကား) နဲ့ ကျွမ်းကျင်သွက်လက်စွာ ပြောဆိုနိုင်ဖို့အပြင် နောက်ပိုင်းမှာ ရုံးသုံးဘာသာစကားဖြစ်တဲ့ “မြန်မာ”ဘာသာစကားကို သင်ယူလေ့လာနိုင်အောင် ပံ့ပိုးပေးရာမှာလည်း အသုံးပြုဖို့ဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်တွေကို ဘာသာစကားပေါင်း ၉၀ နဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်တွေကို မိဘတွေနဲ့ မိသားစုဝင်တွေက အိမ်မှာဖြစ်စေ၊ သူငယ်တန်းကျောင်း၊ မူကြို၊  မိခင်တွေဆွေးနွေးရာရပ်ဝန်း၊ ဆန်းဒေးစကူးလ်၊ ဆေးရုံတွေက ကလေးကုသဆောင် အစရှိတဲ့ ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးရေးဆိုင်ရာ အနေအထားတစ်ခုခုမှာဖြစ်စေ ပုံပြင်တွေဖတ်ပြနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေကြရတဲ့ လက်ရှိအခြေအနေမျိုးမှာ ပိုပြီးများပြားတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ စာအုပ်အတူတူဖတ်ရင်း၊ နေ့စဉ်လုပ်ဆောင်ဖွယ်ရာတွေကို အတူတူလုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပျိုးထောင်နိုင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် ဒီစာအုပ်ကို အွန်လိုင်းကနေ ရယူဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

မိခင်မေတ္တာဆိုတဲ့ပုံပြင်လေးကို မြိုတိုင်းရင်းဘာသာစကားနှင့် ယဉ်ကျေးမှုကော်မတီက ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ မိခင်ကြက်မကြီးနဲ့ ကြက်ပေါက်လေးတွေက အသက်ရှင်ရပ်တည်ဖို့အတွက် အစာရှာထွက်ရင်း ဆိုးရွားတဲ့အခြေအနေတစ်ခု ကြုံရတဲ့အခါမှာ မိခင်ကြက်မကြီးဆီက စောင့်ရှောက်မှုတွေ မေတ္တာတွေ ရရှိခဲ့တဲ့အကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ စိန်ခေါ်မှုများတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ ကလေးတွေက ထိတ်လန့် ကြောက်ရွံ့တတ်ကြပါတယ်။ မိဘတွေ၊ စောင့်ရှောက်သူတွေအနေနဲ့ မိမိတို့သားသမီးကို မေတ္တာအပြင် မဆိုင်းမတွ လိုလိုလားလား စောင့်ရှောက်ပေးတဲ့အကြောင်း ပြသဖို့အရေးကြီးပါတယ်။ ဒါက လုံခြုံမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါက အခုလို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်မျိုးတွေမှာ သိပ်ကို အသုံးဝင်ပါတယ်။ ကိုယ့်သားသမီးတွေနဲ့အတူ အိမ်မှာ နေဖို့အချိန်ပိုရလာတဲ့အတွက် စာဖတ်ခြင်းကတစ်ဆင့် ကလေးတွေ လေ့လာသင်ယူနိုင်အောင် သင်ကြားပေးနိုင်မယ့် အခွင့်အရေးတစ်ခုရလာတာဖြစ်ပါတယ်။

မိသားစုတိုင်းမှာ ကိုယ့်ကလေးတွေကို ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ စူးစမ်းလိုစိတ်ရှိပြီး ယုံကြည်မှုရှိလာအောင် ထောက်ပံ့ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ အရေးအကြီးဆုံးက သူတို့ရဲ့လိုအပ်ချက်တွေကို သူတို့အရင်းနှီးဆုံး ဘာသာစကားနဲ့ တွေးတတ် ဖော်ပြတတ်ဖို့ ဖြစ်ပါတယ်။ ဒီစာအုပ်က ကိုယ်နဲ့ ကိုယ့်ကလေးကို ကူညီပေးနိုင်ဖို့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

UNICEF
စာရေးသူများအမည်
UNICEF, MoEA, Mro National Language and Cultural Committee, MBC
ထုတ်ဝေသည့်ရက်စွဲ
ဘာသာစကားများ
English

ဒေါင်းလုဒ်လုပ်နိုင်သော ဖိုင်များ