COVID-19 'ကျွန်ုပ်တို့၏ ၇၅ နှစ် သမိုင်းတွင် ကလေးများအတွက် အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း' - UNICEF
UNICEF ၏ ၇၅ နှစ်မြောက် အထိမ်းအမှတ်
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
UNICEF ၏ ၇၅ နှစ်မြောက် အထိမ်းအမှတ်တွင် UNICEF မှ COVID-19 သည် နောက်ထပ် သန်း ၁၀၀ သော ကလေးသူငယ်များ ဆင်းရဲတွင်းသို့ ကျဆင်းသွားခြင်းအပါအဝင် ကလေးသူငယ်များအတွက် တိုးတက်မှုတိုင်းနီးပါးကို နောက်ပြန်ဆုတ်နေစေပြီဟု သတိပေးထားပါသည်။
ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကို ဤနေရာ တွင် ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
နယူးယော့ခ်၊ ဒီဇင်ဘာ ၉၊ ၂၀၂၁ - COVID-19 သည် ကလေးသူငယ်များအား မကြုံဖူးသည့် အတိုင်းအတာဖြင့် သက်ရောက်မှုရှိခဲ့ပြီး ၎င်းသည် ၇၅ နှစ်တာကာလအတွင်း UNICEF ကြုံတွေ့ဖူးသမျှထဲမှ ကလေးသူငယ်များအတွက် အဆိုးရွားဆုံးအကျပ်အတည်း ဖြစ်စေသည်ဟု ကုလသမဂ္ဂ ကလေးသူငယ်များအေဂျင်စီက ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါသည်။
ဆယ်စုနှစ်တစ်ခု ဆုံးရှုံးခြင်းကို ကာကွယ်ခြင်း အစီရင်ခံစာ- ကလေးသူငယ်များနှင့်လူငယ်များအပေါ် COVID-19 ၏ ဆိုးရွားသောအကျိုးသက်ရောက်မှုကို နောက်ပြန်ဆုတ်ရန် အရေးပေါ်လုပ်ဆောင်မှု သည် COVID-19 ကြောင့် ဆယ်စုနှစ်များစွာ တိုးတက်မှုကို စိန်ခေါ်နေသည့် ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး၊ ပညာရေးလက်လှမ်းမီမှု၊ အာဟာရ၊ ကလေးသူငယ်ကာကွယ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စသည့် အခက်အခဲအမျိုးမျိုးကို မီးမောင်းထိုးပြထားပါသည်။ ကပ်ရောဂါဖြစ်ပွားပြီး နှစ်နှစ်နီးပါးအတွင်း COVID-19 ၏ ပျံ့နှံ့မှုအကျိုးသက်ရောက်မှုသည် ဆင်းရဲမွဲတေမှုတိုးလာကာ ဆက်လက်အမြစ်သွယ်လာသော မညီမျှမှုများကို တိုးမြင့်လာစေပြီး ယခင်က မမြင်နိုင်သောအဆင့်အထိ ကလေးသူငယ်များ၏အခွင့်အရေးများကို ခြိမ်းခြောက်နေကြောင်း သတိပေးထားပါသည်။
"ကျွန်မတို့၏ သမိုင်းတစ်လျှောက်လုံးတွင် UNICEF သည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များအတွက် ပိုမိုကျန်းမာပြီး လုံခြုံသောပတ်ဝန်းကျင်ကို ကူညီဖန်တီးပေးခဲ့ပြီး သန်းပေါင်းများစွာအတွက် ရလဒ်ကောင်းများ ရရှိစေခဲ့ပါတယ်။" ဟု UNICEF အမှုဆောင်ညွှန်ကြားရေးမှူး Henrietta Fore မှ ပြောကြားခဲ့ပါတယ်။ “ဒီအကျိူးအမြတ်တွေ အတွက် အန္တရာယ်တွေရှိနေပါပြီ။ COVID-19 ကူးစက်ရောဂါသည် ကျွန်မတို့၏ ၇၅ နှစ် သမိုင်းတစ်လျှောက် ကလေးသူငယ်များတိုးတက်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ငတ်မွတ်ခေါင်းပါးခြင်း၊ ကျောင်းထွက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ ဆင်းရဲနွမ်းပါးစွာနေထိုင်ခြင်း သို့မဟုတ် အတင်းအကြပ် အိမ်ထောင်ပြုခြင်း စသည်တို့ ကြုံတွေ့ရသည့် ကလေးသူငယ်အရေအတွက် တိုးလာနေချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ဆေး၊ လုံလောက်သောအစားအစာနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ရရှိနိုင်သည့် ကလေးသူငယ်အရေအတွက်မှာ ကျဆင်းနေပါတယ်။ ရှေ့ကိုမျှော်ကြည့်ရမယ့်နှစ်မှာ ကျွန်မတို့ဟာ နောက်ပြန်ဆုတ်နေပါတယ်။”
ကူးစက်ရောဂါကြောင့် နောက်ထပ် ထိတ်လန့်ဖွယ် ကလေးသူငယ်အရေအတွက် သန်း ၁၀၀ သည် ယခုအခါ ဘက်ပေါင်းစုံမှ ဆင်းရဲတွင်းနက်စွာ နေထိုင်ကြရသည်ဟု ခန့်မှန်းရပါသည်။ ၎င်းပမာဏသည် ၂၀၁၉ ခုနှစ်မှစ၍ ၁၀ ရာခိုင်နှုန်း တိုးလာသည်ဟု ခန့်မှန်းရပါသည်။ ဤပမာဏသည် ၂၀၂၀ ခုနှစ်၊ မတ်လလယ်မှစပြီး စက္ကန့်တိုင်း ကလေးသူငယ် ၁.၈ ဦးခန့် ဆင်းရဲနွမ်းပါးလာမှုနှင့် ညီမျှပါသည်။ ထို့အပြင် အစီရင်ခံစာအရ ဆုံးရှုံးသွားသောအကျိူးအမြတ်ရလဒ်ကို ပြန်လည်ရရှိရန်အတွက် လမ်းခရီးရှည်လျားမည်ကို သတိပေးပါသည်။ အကောင်းဆုံးအခြေအနေတွင်ပင် ကိုဗစ်ရောဂါမဖြစ်ပွားစဉ်က ကလေးသူငယ်ဆင်းရဲနွမ်းပါးမှုအဆင့်သို့ ပြန်လည်ရောက်ရှိရန် ခုနစ်နှစ်မှ ရှစ်နှစ်အထိ အချိန်ယူရမည်ဖြစ်ပါသည်။
နောက်ကြောင်းပြန်လှည့်ခြင်း၏ နောက်ထပ်အထောက်အထားများကို ကိုးကား၍ အစီရင်ခံစာအရ ကပ်ရောဂါမတိုင်မီနှင့် နှိုင်းယှဉ်ပါက ယခုအခါတွင် ကလေးသူငယ်ဦးရေ သန်း ၆၀ ခန့်သည် ငွေကြေးချို့တဲ့သော အိမ်ထောင်စုများတွင် နေထိုင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထို့အပြင် ၂၀၂၀ တွင် ကလေးသူငယ် ၂၃ သန်းကျော်သည် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများ မရရှိခဲ့ပါ။ ၎င်းအရေအတွက်သည် ၂၀၁၉ ခုနှစ်နှင့်ယှဥ်လျှင် ၄ သန်းနီးပါးတိုးလာပြီး ၁၁ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်လာပါသည်။
ကပ်ရောဂါမဖြစ်မီကပင် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ် ၁ ဘီလီယံခန့်သည် ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာ၊ အာဟာရ၊ မိလ္လာစနစ် သို့မဟုတ် သောက်သုံးရေတို့ကို လက်လှမ်းမမီဘဲ ၎င်းတို့အနက်မှအနည်းဆုံး တစ်ခုကို ဆိုးရွားစွာ ဆုံးရှုံးခဲ့ရပါသည်။ ချမ်းသာသော ကလေးသူငယ်များနှင့် ဆင်းရဲသော ကလေးသူငယ်များကြား ပြန်လည်ထူထောင်ရာတွင် မညီမျှမှု ပိုမိုများပြားလာ၍ ထိုလိုအပ်ချက်များ ဆုံးရှုံးလာသော အရေအတွက် ပိုမိုများပြားလာပြီး အပယ်ခံ နှင့် ထိခိုက်လွယ်သော ကလေးသူငယ်များမှာ ထိခိုက်မှုအများဆုံးဖြစ်ပါသည်။ အစီရင်ခံစာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်...
- တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ထားသောကြောင့် ကျောင်းသားပေါင်း ၁.၆ ဘီလီယံကျော် ကျောင်းထွက်ခဲ့ရပါသည်။ အကျပ်အတည်းဖြစ်ပွားသော ပထမနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများ၏ လူကိုယ်တိုင်သင်ကြားပို့ချမှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ရပ်ထားခဲ့ရပါသည်။
- စိတ်ကျန်းမာရေးအခြေအနေများသည် ကမ္ဘာတစ်ဝှမ်းရှိ အသက် ၁၀ နှစ် မှ ၁၉ နှစ်ကြား ဆယ်ကျော်သက်များ၏ ၁၃ ရာခိုင်နှုန်းကျော်အပေါ် သက်ရောက်မှုရှိပါသည်။ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ ၉၃ ရာခိုင်နှုန်းတွင် အရေးကြီးသည့် စိတ်ကျန်းမာရေးဝန်ဆောင်မှုများကို အနှောင့်အယှက်ရပ်တန့်မှုများ ဖြစ်စေခဲ့ပါသည်။
- COVID-19 ကပ်ရောဂါ၏ရလဒ်အနေဖြင့် ဆယ်စုနှစ်မကုန်မီ ကလေးသူငယ် ထိမ်းမြားလက်ထပ်မှု ၁၀ သန်းအထိ ဖြစ်ပွားနိုင်ပါသည်။
- ကမ္ဘာတစ်ဝှမ်းတွင် ကလေးသူငယ် လုပ်သားဦးရေသည် သန်း ၁၆၀ အထိ မြင့်တက်လာပြီး လွန်ခဲ့သည့် လေးနှစ်အတွင်း ကလေးသူငယ် ၈.၄ သန်း ပိုတိုးလာခဲ့ပါသည်။ ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးမှု တိုးလာခြင်း၏ ရလဒ်အနေဖြင့် ၂၀၂၂ နှစ်ကုန်တွင် ကလေးသူငယ်လုပ်သားအဖြစ် တွန်းပို့ခံရမည့် အန္တရာယ်တွင်းသို့ နောက်ထပ်ကလေးသူငယ် ၉ သန်း ကျရောက်နိုင်သည့် အန္တရာယ်ရှိနေပါသည်။
- ကူးစက်ရောဂါ၏ အထွတ်အထိပ်တွင် အကြမ်းဖက်မှု ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဝန်ဆောင်မှုများ ဆိုးရွားစွာ ပြတ်တောက်နေသည့် နိုင်ငံပေါင်း ၁၀၄ နိုင်ငံတွင် ကလေးသူငယ် ၁.၈ ဘီလီယံ နေထိုင်ခဲ့ပါသည်။
- ကလေးသူငယ် သန်း ၅၀ သည် အာဟာရချို့တဲ့မှု၏ အသက်အန္တရာယ်ကို အခြိမ်းခြောက်ဆုံးဖြစ်သည့် ပိန်လှီခြင်း ခံစားနေရပြီး ဤကိန်းဂဏန်းသည် ကပ်ရောဂါ၏ ကလေးသူငယ်များ၏ အစားအသောက်၊ အာဟာရဝန်ဆောင်မှုများနှင့် နို့တိုက်ကျွေးရေးအလေ့အကျင့်များအပေါ် သက်ရောက်မှုကြောင့် ၂၀၂၂ ခုနှစ်တွင် ၉ သန်းအထိ တိုးလာနိုင်ပါသည်။
ကပ်ရောဂါအပြင် ကလေးသူငယ်တို့၏ အခွင့်အရေးများကို အလွန်အမင်း အန္တရာယ်ဖြစ်စေမည့် အခြားခြိမ်းခြောက်မှုများအကြောင်း အစီရင်ခံစာက သတိပေးထားပါသည်။ တစ်ကမ္ဘာလုံးတွင် ကလေးသူငယ် ၄၂၆ သန်း (၅ ယောက်လျှင် ၁ ယောက်နီးပါး) သည် ပဋိပက္ခများ ပိုမိုပြင်းထန်လာကာ အရပ်သားများကို ပိုမိုပြင်းထန်စွာ သက်ရောက်စေသည့် ပဋိပက္ခဇုန်များတွင် နေထိုင်ကြပြီး ကလေးသူငယ်များကို အချိုးမညီမျှစွာ ထိခိုက်စေပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်နိုင်ချေအမြင့်ဆုံးရှိပါသည်။ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်အားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းသည် ပဋိပက္ခကြောင့် ဖြစ်လာပါသည်။ အလားတူ ကမ္ဘာ့ကလေးသူငယ်များ၏ ထက်ဝက်နီးပါးဖြစ်သည့် ကလေးသူငယ် ၁ ဘီလီယံခန့်သည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြောင့် အန္တရာယ် အလွန်မြင့်မားသော နိုင်ငံများတွင် နေထိုင်ကြပါသည်။
ကလေးသူငယ်တိုင်း၏ အနာဂတ်အတွက် တုံ့ပြန်ရန်၊ ပြန်လည်ရယူရန်နှင့် ပြန်လည်အကောင်အထည်ဖော်ရန်အတွက် UNICEF မှ အောက်ပါ အချက်များကို ဆက်လက်တောင်းဆိုနေပါသည်။
- လူမှုကာကွယ်စောင့်ရှောက်ရေး၊ လူသားအရင်းအနှီးနှင့် အားလုံးအကျုံးဝင်ခိုင်ခံ့သည့် ပြန်လည်ထူထောင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊
- COVID-19 ကာကွယ်ဆေးဖြန့်ဖြူးမှုတွင် UNICEF ၏ အရေးပါသောအခန်းကဏ္ဍကို အသုံးချခြင်းအပါအဝင် ကပ်ရောဂါကို အဆုံးသတ်ပြီး ကလေးသူငယ်ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ စိုးရိမ်ဖွယ်ရသည့် နောက်ပြန်ဆုတ်မှုကို ပြောင်းပြန်ဖြစ်စေရန်ဆောင်ရွက်ခြင်း၊
- ကလေးသူငယ်တိုင်းအတွက် အရည်အသွေးပြည့်မီသော ပညာရေး၊ အကာအကွယ်နှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေရေး အာမခံချက်ဖြင့် ပြန်လည် အားကောင်းလာစေရေး၊
- အငတ်ဘေးများအဆုံးသတ်ရန် ချဉ်းကပ်မှုအသစ်များ၊ ရာသီဥတုပြောင်းလဲခြင်းမှ ကလေးသူငယ်များကို ကာကွယ်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသုံးစရိတ်များကို ပြန်လည်အကောင်အထည်ဖော်ခြင်းအပါအဝင် ကလေးသူငယ်များအား အကျပ်အတည်းများမှ ကာကွယ်ရန်၊ တုံ့ပြန်ရန်နှင့် ပိုမိုကောင်းမွန်စွာ ကာကွယ်ရန် ကြံ့ကြံ့ခံနိုင်စွမ်း ကောင်းမွန်စေရန် တည်ဆောက်ခြင်း။
"ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလတွင် ကြီးထွားလာသောပဋိပက္ခများနှင့် ပိုမိုဆိုးရွားလာသောရာသီဥတုပြောင်းလဲမှုတွင် ကလေးသူငယ်ဦးစားပေးချဉ်းကပ်မှုမှာ ယနေ့အခါတွင် အရေးကြီးဖြစ်လာပါတယ်။" လို့ Fore မှပြောကြားခဲ့ပါသည်။ “ကျွန်မတို့က လမ်းဆုံမှာရှိပါတယ်။ ကျွန်မတို့လာမယ့် ၇၅ နှစ်အတွင်း ကျွန်မတို့၏ စုပေါင်းလမ်းကြောင်းကို စတင်ရေးဆွဲရန် အစိုးရများ၊ အလှူရှင်များ၊ အခြားအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရာတွင် ကလေးသူငယ်များအတွက် အကျိုးအမြတ်ကို ဦးစားပေးထားရှိရန်နှင့် ဖြတ်တောက်မှုများမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျွန်မတို့၏ အနာဂတ်အတွက် ကတိကဝတ်သည် ကျွန်မတို့လက်ရှိလုပ်ဆောင်နေသော ဦးစားပေးမှုများအပေါ်တွင် သတ်မှတ်ထားပါသည်။
တည်းဖြတ်သူများထံသို့ မှတ်ချက်များ
အစီရင်ခံစာကို ဤနေရာတွင် ဒေါင်းလုဒ်လုပ်ပါ။
UNICEF အကြောင်း
UNICEF သည် ကမ္ဘာပေါ်တွင် ချို့တဲ့မှုအရှိဆုံး ကလေးသူငယ်များထံ ရောက်ရှိရန် ကမ္ဘာ့အခက်ခဲဆုံးသောနေရာအချို့တွင် လုပ်ဆောင်နေပါသည်။ နိုင်ငံများနှင့် နယ်မြေပေါင်း ၁၉၀ ကျော်တွင် လူတိုင်းအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခု တည်ဆောက်ရန် ကျွန်ုပ်တို့သည် ကလေးသူငယ်တိုင်းအတွက် နေရာတိုင်းတွင် အလုပ်လုပ်ပါသည်။
မီဒီယာ အဆက်အသွယ်
မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း
ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်
https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar