အာဟာရမိတ်ဖက်အဖွဲ့များက မိခင်နို့အစားထိုးပစ္စည်းများ (BMS) မလိုအပ်ဘဲ အသုံးပြုခြင်းကို သတိပေးတားမြစ်ခြင်း

မိခင်နို့သည် ကလေး၏ကျန်းမာရေးနှင့် အသက်ရှင်ရပ်တည်မှုအတွက် အထိရောက်ဆုံး နည်းလမ်း

24 စက်တင်ဘာလ 2021
UNICEF Myanmar
©UNICEF Myanmar/2021/Nyan Zay Htet

ပူးတွဲထုတ်ပြန်ချက်

ကိုဗစ်-၁၉ ကပ်ရောဂါကာလအပါအဝင် အ‌ရေးပေါ်ကာလများအတွင်း မြန်မာနိုင်ငံရှိ ထိုအရေးပေါ် အခြေအနေများကြောင့် ထိခိုက်ခံစားနေကြရသူများအား မိခင်နို့အစားထိုးပစ္စည်းများ လှူဒါန်းခဲ့ကြသည်ဟု သိရှိ ရပါသည်။ မိခင်နို့အစားထိုးပစ္စည်းများကို အသုံးပြုခြင်းသည် မတတ်သာသည့်အဆုံးတွင်သာ ကလေးတစ်ဦး၏ အသက်ကိုကယ်တင်ရန် ရည်ရွယ်၍ အားကိုးအသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်တို့နားလည်သိရှိပါသည်။ သို့သော် အဆိုပါထုတ်ကုန်များကို မလိုအပ်ဘဲ ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေပေးခြင်းသည် ကလေးများ၏အသက်ကို အန္တရာယ် ဖြစ်စေနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ယူနီဆက်တို့သည် ကလေးမွေးဖွားပြီး ပထမဆုံးတစ်နာရီအတွင်း မိခင်နို့သီးသန့် ကို စတင်တိုက်ကျွေးသင့်ကြောင်းနှင့် ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ ဆက်လက် တိုက်ကျွေး သင့်ကြောင်း အကြံပြုထားပါသည်။ အာဟာရကြွယ်ဝသော ဖြည့်စွက်အစားအစာများကို ခြောက်လပြည့်မှသာ စတင်ကျွေးသင့်ပြီး မိခင်နို့ကိုလည်း ဖြည့်စွက်စာနှင့်အတူ ၂၃ လနှင့် နောက်ပိုင်းအထိ ဆက်လက်တိုက်ကျွေး သင့်ပါသည်။

မိခင်နို့သည် ကလေး၏ကျန်းမာရေးနှင့် အသက်ရှင်ရပ်တည်မှုအတွက် သေချာစေသော အထိရောက်ဆုံး နည်းလမ်းများ ထဲမှ တစ်ခု ဖြစ်ကြောင်း သက်သေအထောက်အထားများစွာရှိပြီး မိခင်နို့အစားထိုးပစ္စည်းများသည် မွေးကင်းစနှင့် နို့စို့အရွယ်ကလေးငယ်များအား အဆုတ်ရောင်ရောဂါနှင့် ဝမ်းလျှောဝမ်းပျက်ခြင်းကဲ့သို့သော အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ရောဂါများကို မိခင်နို့ကဲ့သို့ ကာကွယ်ပေးနိုင်ခြင်းမရှိပါ။

မိခင်ဖြစ်စေ၊ ကလေးဖြစ်စေ နာမကျန်းဖြစ်နေလျှင်ပင် မိခင်နို့သည်သာ အမြဲတမ်းအားဖြင့် အကောင်းဆုံး ရွေးချယ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။

မိခင်နို့တိုက်ကျွေးလိုသော COVID-19 ရောဂါရှိနေသူ အမျိုးသမီးများသည် နို့တိုက်ကျွေးစဉ်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်းတပ်ထားခြင်း၊ ကလေးကို မထိတွေ့မီနှင့် ထိတွေ့ပြီးနောက်တွင် လက်ဆေးခြင်းကဲ့သို့ အခြေခံတစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မိခင်နို့တိုက်ကျွေးနိုင်ပါသည်။ အလွန်နာမကျန်းဖြစ်နေပြီး ကိုယ်တိုင်နို့မတိုက်ကျွေးနိုင်သော မိခင်များအနေဖြင့် မိမိတို့ကလေးကို တိုက်ကျွေးရန် သန့်ရှင်းသော ခွက်တစ်ခွက်ထဲသို့ နို့ညှစ်ထည့်၍ တိုက်ကျွေးခြင်းအပါအဝင် အခြားနည်းလမ်းများဖြင့် ဘေးကင်းစွာ မိခင်နို့ တိုက်ကျွေးနိုင်အောင် စောင့်ရှောက်ပေးသူများမှ ကူညီပေးနိုင်ပါသည်။

အသက်ခြောက်လအောက်ကလေးတစ်ဦး နေမကောင်းဖြစ်ပါက - ကျန်းမာရေးပညာရှင်များ သို့မဟုတ် သင်တန်းဆင်း လူထုကျန်းမာရေးလုပ်သားများ၏ အကြံဉာဏ်နှင့် ပံ့ပိုးမှုများဖြင့် - မိခင်နို့ကို မကြာခဏတိုက်ကျွေးပေးခြင်းသည် ကလေးအား ရောဂါကို ပို၍မြန်မြန် တိုက်ထုတ်စေနိုင်ပြီး သက်သာပျောက်ကင်းလာစေရန် ကူညီပေးပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိတ်ဖက်အဖွဲ့များအားလုံးအား ၎င်းတို့၏ COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် အခြားအရေးပေါ်အခြေအနေများကို တုံ့ပြန်ဖြေရှင်းသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးနှင့် ဘေးကင်းပြီး သင့်လျော်သော ဖြည့်စွက်စာကျွေးမွေးရေးကို ဦးစားပေးမြှင့်တင်ကြပါရန် လေးလေးနက်နက် တိုက်တွန်းလိုပါသည်။

ကလေးနို့မှုန့်၊ ကလေးနို့ဘူးများနှင့် ချိုလိမ်များ လှူဒါန်းခြင်း သို့မဟုတ် အထွေထွေဖြန့်‌ဝေခြင်းများကို အောက်ပါအီးမေးလ်လိပ်စာ - myanmar.nut@humanitarianresponse.info သို့အစီရင်ခံသင့်ပါသည်။

 

မီဒီယာ အဆက်အသွယ်

Nutrition Cluster Coordination
အီးမေးလ်: myanmar.nut@humanitarianresponse.info

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar