မြန်မာနိုင်ငံရှိ စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်မှုများကြောင့် ကလေးငယ်အမြောက်အမြား အပါအ၀င် ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်

UNICEF ၏ အမှုဆောင် ညွှန်ကြားရေးမှူး Henrietta Fore ၏ ထုတ်ပြန်ချက်

29 မတ်လ 2021

နယူးယောက်၊ ၂၀၂၁ မတ်လ ၂၈ - “၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်၊ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်၊ ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ယောက်၊ ၁၃ နှစ်အရွယ်မိန်းကလေးတစ်ယောက်၊ ၁၆ နှစ်အရွယ် ယောက်ျားလေးသုံးဦးနှင့် ၁၇ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးတို့အားလုံးသည်  သတင်းများအရပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။ တစ်နှစ်အရွယ် ကလေးမလေးတစ်‌ယောက်သည် မျက်လုံးကို ရာဘာကျည်ဆံထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းချိန်မှစ၍ သွေးထွက်သံယိုအဖြစ်ဆုံးနေ့၌ ဤကလေးများ၏ အသက်ဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့သည်။

“နှစ်လမပြည့်ခင်မှာ အနည်းဆုံး ကလေးသူငယ် ၃၅ ယောက် အသက်ဆုံးရှုံးခဲ့ရပါသည်။ သတင်းများအရ မရေမတွက်နိုင်အောင် များစွာသောလူများလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး၊ ကလေးသူငယ်နှင့် လူငယ်ဦးရေ ၁,၀၀၀ နီးပါးသည် တိုင်းပြည်အနှံ့ စစ်တပ်၏ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ သန်းနှင့်ချီသော ကလေးသူငယ်များနှင့် လူငယ်များသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ခံစားမှုပိုင်းဆိုင်ရာ ကောင်းမွန်စွာနေထိုင်ရေးတို့ကို အထိအခိုက်ဖြစ်စေသော၊ စိတ်ဒဏ်ရာရစေနိုင်သော အကြမ်းဖက်မှုမြင်ကွင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တွေ့မြင်ကြုံတွေ့ခဲ့ကြရပါသည်။

“မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကလေးသူငယ်များပါအပါအဝင်  မဆင်မခြင်သတ်ဖြတ်မှုများနဲ့ ကလေးသူငယ်တွေရဲ့ လုံခြုံမှုကို သေချာစေဖို့ပျက်ကွက်နေတဲ့ စစ်တပ်ကြောင့် ကျမအနေနဲ့ များစွာထိတ်လန့်တုန်လှုပ်မိပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ပြောခဲ့သလိုပဲ ဆိုးရွားလှတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများဖြစ်တဲ့ ဤလုပ်ရပ်များအတွက် တာဝန်ရှိသူများက ခြွင်းချက်မရှိ တာ၀န်ခံယူရပါမည်။

"အကြမ်းဖက်မှု၏ သက်ရောက်မှုများအပြင် နိုင်ငံရှိကလေးငယ်များအတွက် အကျပ်အတည်း၏ ရေရှည်အကျိုးဆက်များမှာလည်း ကပ်ဘေးဆိုက်သကဲ့သို့ ဆိုးဝါးနိုင်ပါသည်။

ကလေးများအတွက် အရေးပါသော၀န်ဆောင်မှုများဆောင်ရွက်မှု ရပ်တန့်သွားပြီဖြစ်၍ ကလေးငယ် ၁ သန်းနီးပါးသည် အဓိကအရေးကြီးသော ကာကွယ်ဆေးများကိုမရရှိကြပါ။ ၅ သန်းနီးပါးသည် ဗီတာမင်အေ ဖြည့်စွက်ဆေးများကို ဆက်လက်မရရှိနိုင်လျက်ရှိနေသည်။ ၁၂ သန်းနီးပါးသည် နောက်ထပ် တစ်နှစ် ပညာသင်ယူခြင်းကို ဆုံးရှုံးနိုင်သည်။ ကလေးငယ် ၄၀,၀၀၀ကျော်သည် ပြင်းထန်အာဟာရချို့တဲ့မှုအတွက် ကုသမှုခံယူရခြင်းမရှိတော့ပါ။ အထိအခိုက်လွယ်သော မိခင်များနှင့် ကလေးငယ် ၂၈၀,၀၀၀ နီးပါးသည် ၎င်းတို့၏ အသက်တမျှအ‌ရေးကြီးသော ငွေလွှဲပြောင်းမှုများကို လက်လွတ်ဆုံးရှုံးကြပြီး ကလေးငယ်တစ်သန်း၏လေးပုံတစ်ပုံကျော်သည် အခြေခံ သုံးရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၀န်ဆောင်မှုများကို လက်လွတ်ဆုံးရှုံးကြရပါလိမ့်မည်။

“နောက်ထပ်လူပေါင်းများစွာကို ဆင်းရဲနွမ်းပါးမှု ပိုမို ဖြစ်ပွားစေသော စီးပွားရေးကျဆင်းခြင်းအပါအဝင် အဓိက၀န်ဆောင်မှုများကို လက်လှမ်းမမီခြင်းသည် ကလေးများနှင့် လူငယ်များ၏ မျိုးဆက်တစ်ခုလုံးကို ကြီးကြီးမားမားအန္တရာယ်ကျရောက်စေနိုင်ပါသည်။ ကလေးများနှင့် လူငယ်များသည် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများကို ခံစားရနိုင်သည့်အန္တရာယ်တွင် ကျရောက်နေပြီး ကျန်းမာပြီး သာယာဝပြောသောအနာဂတ်ကို သွေဖယ်စေနိုင်သည့် အလားအလာရှိသော အန္တရာယ်အတွင်း ဖြတ်သန်းနေရသည်။

စစ်တပ်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို ချိုးဖောက်နေမှုမှ ချက်ချင်းရှောင်ကြဉ်ပြီး အချိန်တိုင်းတွင် ကလေးများ၏လုံခြုံရေးနှင့်ဘေးကင်းမှုအတွက် ဆောင်ရွက်ပေးရမည်။ လုံခြုံရေးတပ်ဖွဲ့များသည် ပညာရေးအဆောက်အအုံပရိဝုဏ်များတွင် ဝင်ရောက်တပ်စွဲနေခြင်းကို ရပ်တန့်သင့်သည်။ ကလေးများနှင့် မိသားစုများအတွက် အရေးကြီးသော ၀န်ဆောင်မှုများကို ပေးသည့် ကျန်းမာရေး လုပ်သားများနှင့် ဆရာ/ဆရာမများအပါအ၀င် မရှိမဖြစ်လိုအပ်သောလုပ်သားများ အားလုံးကို အကာအကွယ်ပေးရပါမည်။

“မြန်မာနိုင်ငံရှိ ကလေးသူငယ်များအပေါ်ထားရှိသည့် ယူနီဆက်၏ ကတိကဝတ်ပြုမှုမှာလည်း မယိမ်းမယိုင်ဆက်လက်တည်ရှိနေပါသည်။ နိုင်ငံတွင်း နှစ်ပေါင်း ၇၀ကြာလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် ပဋိပက္ခနှင့်အကျပ်အတည်းကာလများအတွင်း ရိုဟင်ဂျာများနှင့် အခြားလူနည်းစုအုပ်စုများအပါအ၀င် ကလေးငယ်များအားလုံးကို အသက်ကယ်ဝန်ဆောင်မှုများ အားလုံးထံသို့ ရောက်ရှိစေခြင်းသည် ထိပ်တန်းဦးစားပေးကိစ္စတစ်ရပ်အဖြစ် ရှိနေပါသည်။

“မြန်မာပြည်ရှိ ကလေးသူငယ်တွေရဲ့ ဘဝနှင့်အနာဂတ်သည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည့် အ‌ရေးတကြီးဖြစ်နေသော ဤကာလမှာ ကလေးတွေကို စိတ်မပျက်စေရပါဘူး။ ကျွန်ုပ်တို့သည် အမြဲတမ်းကလေးသူငယ်များရဲ့ဘက်မှာ အခိုင်အမာ ရပ်တည်သွားမှာဖြစ်ပါတယ်။”

မီဒီယာ အဆက်အသွယ်

Christopher Tidey
UNICEF New York
တယ်လီဖုန်းနံပတ်: +1 917 340 3017
အီးမေးလ်: ctidey@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar