မြန်မာနိုင်ငံတွင် COVID ကာကွယ်ဆေးရရှိမှုအရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းမှုများနှင့် စပ်လျဥ်း၍ GAVI၊ UNICEF နှင့် WHO တို့၏ ပူးတွဲကြေညာချက်
ပူးတွဲကြေညာချက်
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် - အရှေ့တောင်အာရှဒေသရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ရောဂါစစ်ဆေး ထိန်းချုပ်နိုင်မှု အကန့်အသတ်ရှိခြင်းနှင့်အတူ COVID ကာကွယ်ဆေးထိုးပေးနိုင်မှု နည်းပါးခြင်းသည် COVID-19 ရောဂါအပြင်းအထန်ပျံ့နှံ့ခြင်းကို ဖြစ်ပွားစေခဲ့ပါသည်။
ကူးစက်ရောဂါဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရမှု ဖြစ်ရပ် ၄၆၀,၀၀၀ ကျော်ရှိပြီး ၁၈,၀၀၀ ကျော်ဦးရေ သေဆုံးခဲ့သည်ဟု အစီရင်ခံမှတ်တမ်းအရသိရှိခဲ့ပြီး မေလ ၁ရက်မှစ၍ ကူးစက်ခံရမှု ဖြစ်ရပ် ၃၁၈,၂၄၉ နှင့် သေဆုံးသူ ၁၄,၄၂၂ ဦးရေ ရှိခဲ့ပါသည်။ ယနေ့အထိ လူဦးရေ၏ ၆.၈ ရာခိုင်နှုန်းသာ COVID-19 ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီး နောက်ထပ် ၁၃.၁ ရာခိုင်နှုန်းသည် အနည်းဆုံး တစ်ကြိမ်ထိုးထားပါသည်။ COVID-19 ကာကွယ်ဆေးထိုးပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်းမရှိသေးလျှင် ရောဂါကူးစက်မှုကာကွယ်နိုင်ခြင်းအခြေအနေ တိုးတက်စေမှုအားနှောင့်နှေးစေနိုင်ပါသည်။
ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များ၏ COVID-19 ကာကွယ်ဆေးထိုးခြင်း အရှိန်အဟုန်မြှင့်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် COVAX1 ပံ့ပိုးမှုနှင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ၆.၂ သန်းကို ဦးစွာပဏာမခွဲဝေပေးထားခဲ့ပါသည်။ ၄င်းကာကွယ်ဆေးများကို WHO ၏ ဦးစားပေးလမ်းညွှန်ချက်များနှင့်အညီ ဖြန့်ဝေရပါမည် ဖြစ်ပါသည်။
၄င်းကာကွယ်ဆေးအထောက်အပံ့များကို မြန်မာနိုင်ငံအတွက် ခွဲဝေကူညီထောက်ပံ့ရန် နောက်ဆုံး အတည်ပြုခြင်းသည် မြန်မာပြည်သူများအားလုံးထံသို့ လူမျိုး၊ ကျားမ၊ လူမှုစီးပွားအဆင့်အတန်း၊ သို့မဟုတ် နိုင်ငံရေးနှီးနွယ်မှုအရ ခွဲခြားခြင်းမပြုဘဲ ဘက်မလိုက်သောပုံစံဖြင့် လိုအပ်သောအရှိန်အဟုန်၊ အတိုင်းအတာဖြင့် ပို့ဆောင်ပေးနိုင်ခြင်းရှိမရှိ အပေါ်တွင်မူတည်ပါသည်။ ထို့အပြင် ကာကွယ်ဆေးအတွက် သင့်လျော်သော အအေးခန်းများထားရှိနိုင်မှုနှင့် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၏ လုံခြုံရေးအတွက် အာမခံချက်များအပေါ်တွင်လည်း မူတည်မည် ဖြစ်ပါသည် ။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ GAVI, UNICEF နှင့် WHO တို့သည် လိုအပ်သောအခြေအနေများ ပြည့်မှီစေနိုင်သည့် နည်းလမ်းများအားဖော်ထုတ်ရန်အတွက် အဓိကတာဝန်ရှိသည့် သက်ဆိုင်သူများနှင့် လက်ရှိတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြပါသည်။ ၄င်းဆွေးနွေးမှုသည် လူသားချင်း စာနာမှုဆိုင်ရာအထောက်အပံ့၏ အဓိကရည်မှန်းချက်ဖြစ်သော လူ့အသက်များအားကယ်တင်ခြင်းအား ဆက်လက်လုပ်ဆောင်သွားနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ကာကွယ်ဆေးထိုးခြင်းစနစ် ပြန်လည်အသက်၀င်စေရန် အတွက် ဦးတည်သော ပထမခြေလှမ်းတစ်ခုဖြစ်ပါသည်။
________________________________________
[1] COVAX သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကာကွယ်ဆေးထိုးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့ (GAVI)၊ ကူးစက်ရောဂါကြိုတင်ပြင်ဆင်မှု ဆန်းသစ်တီထွင်မှုများအဖွဲ့ (CEPI) နှင့် ယူနီဆက်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ ၎င်းသည် COVID-19 ကာကွယ်ဆေးများအား တရားမျှတသော လက်လှမ်းမီစေမှုရရှိစေရန် ရည်ရွယ်ပါသည်။
မီဒီယာ အဆက်အသွယ်
မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း
ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်
https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar