မိခင်နို့သည် ကလေးများအတွက် ဘေးအကင်းဆုံးနှင့် စရိတ်စကအသက်သာဆုံး ရွေးချယ်စရာ အမြဲဖြစ်

Myanmar Nutrition Cluster ပူးတွဲထုတ်ပြန်ချက်

29 မတ်လ 2022

ရန်ကုန်မြို့၊ မတ်လ ၂၉ ရက်၊ ၂၀၂၂ ခုနှစ် - မြန်မာနိုင်ငံရှိ အာဟာရမိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ လက်ရှိအရေးပေါ်အခြေအနေကာလအတွင်း မိခင်နို့တိုက်ကျွေးခြင်းအတွက် အကာအကွယ်ပေးမှုများ၊ အားပေးတိုက်တွန်းမှုများနှင့် ပံ့ပိုးမှုများကို မြှင့်တင်ရန်အပြင် မလိုလားအပ်သော၊ ထိခိုက်နစ်နာစေနိုင်သည့် မိခင်နို့အစားထိုးပစ္စည်းများ လှူဒါန်းခြင်းများနှင့် အသုံးပြုခြင်းများကို သတိရှိကြရန် တိုက်တွန်းထားပါသည်။ မိမိတို့အနေဖြင့် အထူးသီးသန့်အကျိုးကျေးဇူးများရနိုင်သော မိခင်နို့တိုက်ကျွေးခြင်းကို အားပေးမြှင့်တင်ကြရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးကို တိုက်တွန်းပါသည်။

ကလေး နို့မှုန့်ပစ္စည်းများကို မြန်မာနိုင်ငံတွင် အဆင်သင့်ရရှိနိုင်သည့်တိုင် မိခင်များနှင့် စောင့်ရှောက်သူများသည် မိခင်နို့အစားထိုးပစ္စည်းများအသုံးပြုခြင်း၏ အန္တရာယ်များကို သိရှိထားရန် လိုအပ်ပါသည်။ အရေးပေါ်အခြေအနေများအတွင်းတွင် အသက်ငါးနှစ်အောက် ကလေးများ၏ ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းများမှာ အခြားအသက်အရွယ်အုပ်စုများထက် ပိုမြင့်လေ့ရှိပါသည်။ အသက်အရွယ်ပိုငယ်လေ အန္တရာယ်ပိုများလေဖြစ်သည်။ ကလေးနို့မှုန့်နှင့် အခြား မိခင်နို့အစားထိုးပစ္စည်းများ အသုံးပြုခြင်းသည် အာဟာရချို့တဲ့မှု၊ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အန္တရာယ်ကို တိုးစေနိုင်ပါသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် အထူးသဖြင့် သန့်ရှင်းစိတ်ချရသော ရေ၊ သန့်ရှင်းရေးဝန်ဆောင်မှုများ၊ လျှပ်စစ်နှင့် လောင်စာဆီ စသည်တို့ကို လက်လှမ်းမီရရှိနိုင်ခြေ နည်းပါးသော အနေအထားမျိုးတွင် ဘေးကင်းစိတ်ချရဆုံးနှင့် စရိတ်စကအသက်သာဆုံး ရွေးချယ်စရာဖြစ်သည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ကလေးများအား ကျန်းမာရေးပညာရှင် တစ်ဦးမှ ချွင်းချက်အခြေအနေအရ ညွှန်ကြားခြင်းမှလွဲ၍ နို့မှုန့်များ မတိုက်ကျွေးကြရန် မိခင်များနှင့် စောင့်ရှောက်သူများကို တိုက်တွန်းလိုပါသည်။

ဘဝ၏ ပထမဆုံး ခြောက်လအတွင်း မိခင်နို့မသောက်သုံးရသည့် ကလေးငယ်တစ်ဦးသည် မိခင်နို့တစ်မျိုးတည်း သောက်သုံးရသည့် ကလေးတစ်ဦးထက် သေဆုံးနိုင်ခြေ ၁၄ ဆပိုများပါသည်။ ၎င်းတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အာဟာရချို့တဲ့မှု နှင့် အခြားသော ကလေးရောဂါများ ဖြစ်နိုင်ခြေလည်း ပိုများပါသည်။

မိခင်နို့သည် ဘေးကင်းစိတ်ချရပြီး သန့်ရှင်းမှုရှိသည်။ အဖြစ်များသော ကလေးရောဂါအများစုကို ကာကွယ်ပေးနိုင်သည့် ခုခံအားကိုပေးသော အာဟာရဓာတ်များ အားလုံးပါဝင်ပါသည်။ WHO နှင့် UNICEF တို့၏ အကြံပြုချက်များနှင့်အညီ မိခင်များအနေဖြင့် ကလေးမွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးရန်နှင့် မွေးပြီးခြောက်လအထိ ရေ သို့မဟုတ် အခြားမည်သည့်အစားအစာမှ ဖြည့်စွက်ကျွေးမွေးခြင်းမရှိဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ ဆက်လက်တိုက်ကျွေးရန် တိုက်တွန်းပါသည်။ အာဟာရဓာတ်ကြွယ်ဝသော ဖြည့်စွက်အစားအစာများကို မွေးဖွားပြီး ၆ လနောက်ပိုင်းမှသာ စတင်ကျွေးမွေးသင့်ပြီး မိခင်နို့တိုက်ကျွေးခြင်းကို ၂၃ လ နှင့် နောက်ပိုင်းအထိ ဆက်လက်တိုက်ကျွေး သင့်ပါသည်။

ကိုဗစ်-၁၉ ကူးစက်ခံရခြင်းအပါအဝင် မိခင် သို့မဟုတ် ကလေး နေမကောင်းဖြစ်လျှင်ပင် မိခင်နို့တိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ ကလေးနေမကောင်းပါက မိခင်နို့ ပိုမိုတိုက်ကျွေးခြင်းသည် ရောဂါကို ခုခံတိုက်ခိုက်နိုင်ရန်အပြင် ကိုယ်အလေးချိန်တိုးပြီး ပို၍မြန်မြန် သက်သာပျောက်ကင်းစေရန်လည်း အထောက်အကူပြုပါသည်။ မိခင်နေမကောင်းဖြစ်ပါက ကိုဗစ်-၁၉ ကြောင့် နေမကောင်းလျှင်ပင် လိုအပ်သော ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်လျှက် မိခင်နို့တိုက်ကျွေးခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်းသည် ကျန်းမာရေးရလဒ်ကောင်းများရရှိစေသည့်အပြင် မိခင်နှင့်ကလေးကြား သံယောဇဉ်ကို တိုးစေပြီး ကလေး၏ အသိဉာဏ်ဖွံ့ဖြိုးရေးကိုလည်း တိုးတက်စေနိုင်ပါသည်။ ဘဝ၏ နောက်ပိုင်းအချိန်များတွင် မိခင်နို့သောက်သုံးရသော ကလေးတစ်ဦးသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် သွားပိုးစားခြင်းများ ဖြစ်ပွားနိုင်သည့်အန္တရာယ် ပို၍ နည်းပါးပါသည်။

ထို့ကြောင့် မိခင်များ၊ ကလေးစောင့်ရှောက်သူများနှင့် လူမှုအသိုက်အဝန်းများအားလုံးကို အထူးသဖြင့် အရေးပေါ်အခြေအနေများအတွင်း မွေးစမှကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါရန်နှင့် ၆ လနောက်ပိုင်းမှသာ ဆက်လက်၍ မိခင်နို့တိုက်ကျွေးခြင်းနှင့်အတူ သင့်လျော်သော ဖြည့်စွက်စာများ ကျွေးမွေးကြပါရန် တိုက်တွန်းလိုပါသည်။

အချက်အလက်များပိုမိုသိရှိလိုပါက ဆက်သွယ်ရန် - myanmar.nut@humanitarianresponse.info

 

မီဒီယာ အဆက်အသွယ်

Saw Wai Moe
Communication Officer
UNICEF Myanmar
အီးမေးလ်: swaimoe@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar