နှစ်သစ်၏ ကလေးငယ်များ - မြန်မာနိုင်ငံတွင် နှစ်သစ်ကူးနေ့၌ ကလေးငယ် ၂,၆၈၈ ဦးကျော်မွေးဖွားလာမည်
၂၀၂၁ ခုနှစ်သို့ ကူးပြောင်းလာသည်နှင့်အတူ ယူနီဆက်သည် ၎င်း၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်နှစ်ကို ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတစ်ခုကို ပြန်လည်ပုံဖော်ပေးရန်အတွက် ရည်မှန်းဆောင်ရွက်သွားပါမည်

- ရရှိနိုင်ပါသည်:
- English
- မြန်မာ
နယူးယော့ခ်မြို့၊ ရန်ကုန်မြို့၊ ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် - ယူနီဆက်၏မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နှစ်သစ်ကူးနေ့၌ ကလေးငယ်ပေါင်း ၂,၆၈၈ ဦးခန့်မွေးဖွားလာမည်ဟု ခန့်မှန်းသိရှိထားပါသည်။
၂၀၂၁ ခုနှစ်သို့ ကူးပြောင်းလာချိန်တွင် ယူနီဆက်က ဇန်နဝါရီလ ၁ ရက်နေ့၌ ကမ္ဘာကြီးထဲသို့ ရောက်ရှိလာကြမည့် ကလေးငယ်များကို ထပ်မံ၍ ဂုဏ်ပြုကြိုဆိုလိုပါသည်။ ပစိဖိတ်ဒေသတွင်းရှိ ဖီဂျီနိုင်ငံတွင် ၂၀၂၁ ခုနှစ်၏ ပထမဆုံးကလေးငယ်မွေးဖွားလာမည်ဖြစ်ပြီး တစ်နှစ်တာ၏ နောက်ဆုံးရက်တွင် မွေးဖွားလာမည့်ကလေးငယ်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ မွေးဖွားမှုများ၏ ထက်ဝက်ကျော်မှာ ဤနိုင်ငံ (၁၀) ခုမှ ဖြစ်မည်ဟု ခန့်မှန်းထားပါသည် - အိန္ဒိယ (၅၉,၉၉၅)၊ တရုတ် (၃၅,၆၁၅)၊ နိုင်ဂျီးရီးယား (၂၁,၄၉၃)၊ ပါကစ္စတန် (၁၄,၁၆၁)၊ အင်ဒိုနီးရှား (၁၂,၃၃၆)၊ အီသီယိုပီးယား (၁၂,၀၀၆)၊ အမေရိကန်ပြည်ထောင်စု (၁၀,၃၁၂)၊ အီဂျစ် (၉,၄၅၅)၊ ဘင်္ဂလားဒေ့ရှ် (၉၂၃၆)၊ နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (၈၆၄၀)။
မြန်မာနိုင်ငံတွင် မွေးဖွားလာမည့်ကလေးငယ်ဦးရေမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှစ်သစ်ကူးနေ့တွင်မွေးဖွားလာမည်ဟု ခန့်မှန်းထားသည့် ကလေးငယ်ဦးရေ ၃၇၁,၅၀၄ ဦးအနက်မှ ၀.၇ ရာခိုင်နှုန်းဖြစ်သည်။ ၎င်းတို့၏ ပျမ်းမျှမျှော်မှန်းသက်တမ်းမှာ ၇၅.၇ နှစ် ဖြစ်ပါသည်။
“ဒီနှစ်က ကျွန်မတို့အားလုံးအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။ အခက်အခဲတွေကိုထားခဲ့ပြီး အသစ်ပြန်စတင်ဖို့အတွက် ကမ္ဘာကြီးထဲရောက်ရှိလာမယ့် ကလေးငယ်တွေကိုကြိုဆိုတာထက် ပိုကောင်းတဲ့နည်းလမ်းမရှိနိုင်ပါဘူး” ဟု ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi က ဆိုသည်။ “၂၀၂၀ ရဲ့ စိန်ခေါ်မှုတွေက ကျွန်မတို့နောက်မှာ ကျန်ခဲ့ပြီ၊ ၂၀၂၁ ရဲ့ အခွင့်အလမ်းတွေက ကျွန်မတို့ရှေ့မှာရှိနေပြီ၊ အခုချိန်က ပိုကောင်းတဲ့ကမ္ဘာကြီးကို တည်ဆောက်ဖို့ အချိန်ကျပါပြီ။ ဒီနေ့မှာ မွေးဖွားလာတဲ့ကလေးငယ်တွေက ဒီနေ့မှာ သူတို့အတွက်ကျွန်မတို့စတင်တည်ဆောက် ကာကွယ်ပေးမယ့် ကမ္ဘာကြီးကို အမွေဆက်ခံကြရမှာပါ။”
၂၀၂၁ခုနှစ်သည် ယူနီဆက်၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်နှစ်ဖြစ်ပါသည်။ ယူနီဆက်နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ကလေးများအား ပဋိပက္ခများ၊ အနာရောဂါများနှင့် ဖယ်ထုတ်ခံထားရမှုများမှ ကာကွယ်ပေးခဲ့သည့်အပြင် ကလေးငယ်များ၏ ရှင်သန်ရပ်တည်ခွင့်၊ ကျန်းမာရေးနှင့် ပညာရေး အခွင့်အလမ်းများ ရရှိစေရန် ရာစုနှစ်တစ်ခု၏ လေးပုံသုံးပုံခန့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူသည့်အနေဖြင့် ယခုနှစ်ပတ်လည်နှစ်အား အခမ်းအနားပွဲများ၊ ကြေညာချက်များဖြင့် အမှတ်တရ ဂုဏ်ပြုကျင်းပသွားမည်ဖြစ်ပါသည်။
ယနေ့ ကမ္ဘာကြီးသည် ကမ္ဘာ့ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် တန်းတူညီမျှမရှိမှုများ မြင့်တက်လာခြင်းတို့ကြောင့် မကြုံစဖူးသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယူနီဆက်၏လုပ်ဆောင်ချက်များကို မည်သည့်အခါနှင့်မှမတူဘဲ အလွန်တရာ လိုအပ်လာကြောင်း သတိပေးလိုက်ခြင်းဖြစ်ပါသည်။
“ကျွန်မတို့ တစ်ဦးနဲ့တစ်ဦးအပြင် ကျွန်မတို့ ချန်ထားရစ်မယ့် ကမ္ဘာကြီးကို အမွေဆက်ခံမယ့်ကလေးငယ်တွေအတွက် ကျွန်မတို့ရဲ့ သန္နိဋ္ဌာန်တွေကို ပြန်လည်အသစ်ပြင်ဆင်ဖို့ ယူနီဆက်ရဲ့ ၇၅နှစ်မြောက် နှစ်ပတ်လည်နှစ်ဖြစ်တဲ့ ဒီနှစ်ထက် ပိုပြီးသင့်တော်တဲ့နှစ် မရှိတော့ပါဘူး” ဟု Kunugi က ပြောကြားခဲ့သည်။ “၂၀၂၁ ခုနှစ်က ကလေးတွေအတွက် သိပ်ကိုအရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်မှာပါ။ ဒါပေမဲ့ ယူနီဆက်ရဲ့ ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေအတွက် ရာစုနှစ် လေးပုံသုံးပုံကြာ ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ ရလဒ်တွေက ကျွန်မတို့ အတူတကွ အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ အရာတွေအတွက် သက်သေအထောက်အထားတစ်ခုပဲ ဖြစ်ပါတယ်။”
မီဒီယာ အဆက်အသွယ်
UNICEF in Myanmar
UNICEF has been working with the Government and the people of Myanmar since 1950. In partnership with the Government and the civil society, UNICEF’s current focus of work aims at reducing child mortality, improving access and quality of education and protecting children from violence, abuse and exploitation.
For more information about UNICEF and its work in Myanmar:
Please visit: https://www.unicef.org/myanmar
Follow us on Facebook: https://www.facebook.com/unicefmyanmar