ကလေးအာဟာရဓာတ်များ မှန်ကန်ပြည့်ဝစွာရရှိစေရန် လိုအပ်သည့် မွေးကင်းစကလေး နို့မှုန့်နှင့်အာဟာရဖြည့်စွက် အစားအစာများဆိုင်ရာ ပိုမိုခိုင်မာသော ဥပဒေအရ ထိန်းသိမ်းမှုများ
မြန်မာနိုင်ငံရှိ အာဟာရမြှင့်တင်ရေး (SUN) ကုလသမဂ္ဂကွန်ရက်မှ ပူးတွဲသတင်းထုတ်ပြန်ချက်
- English
- မြန်မာ
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်၊ ရန်ကုန်မြို့ - မြန်မာနိုင်ငံရှိ အာဟာရမြှင့်တင်ရေး (SUN) ကုလသမဂ္ဂကွန်ရက် (UNN) သည် UNICEF ၊ FAO ၊UNFPA ၊ UNOPS ၊ UN Women ၊ WFP နှင့် WHO တို့နှင့် လက်တွဲပူးပေါင်းလျက် မကြာမီက ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ စင်္ကာပူနိုင်ငံ MS Nutrition Pte Ltd မှ ထုတ်လုပ်သည့် အရည်အသွေးမမီသော Nutrilatt ကုန်အမှတ်တံဆိပ် မိခင်နို့အစားထိုး(BMS) ကလေးနို့မှုန့်များအား စားသုံးခြင်းကို တားမြစ်ကြောင်း ထုတ်ပြန်ကြေညာချက်ကို အထူးဝမ်းမြောက်စွာဖြင့် ကြိုဆိုအပ်ပါသည်။ အဆိုပါကလေးနို့မှုန့်တွင် သံဓာတ်နှင့် သွပ်ဓာတ်အပါအဝင် ကလေးငယ် ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အဓိက အာဟာရဓာတ်များ ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပါသည်။
အရည်အသွေးမမီသော မိခင်နို့အစားထိုး BMS ထုတ်ကုန်များ အသုံးပြုခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံရှိ ကလေးငယ်များသည် အလွန်အမင်း သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်ရသည့် သွေးအားနည်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသည်အထိ ပြင်းထန်သော ရောဂါဖြစ်ပွားမှု အန္တရာယ်များ ဖြစ်ပွားစေခဲ့သောကြောင့် ဤအစီအမံများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်အစိုးရ၏ တရားဝင်ညွှန်ကြားချက်ဖြင့် Nutrilatt ကလေးအာဟာရနို့မှုန့်ကို စစ်ဆေးရာမှ ကလေးများ အသက်ရှင်သန်ရပ်တည်ရေးနှင့် ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အဓိက အာဟာရဓာတ်များဖြစ်သော သံဓာတ်နှင့် သွပ်ဓာတ်ပါဝင်မှု ပမာဏသည် ဤထုတ်ကုန်များအတွင်း မပါဝင်သလောက်နီးပါးဖြစ်နေပြီး Codex Alimentarius စံနှုန်းပြဌာန်းချက်များအရနှင့် အဆိုပါထုတ်ကုန် အညွှန်းတွင် ကြော်ငြာထားသည့် သံဓာတ်ပမာဏ၏ ၅ရာခိုင်နှုန်းအောက်နှင့် သွပ်ဓာတ်ပမာဏ၏ ထက်ဝက်အောက်သာ ပါဝင်နေကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ အစိုးရသည် MS Nutrition Pte Ltd မှ ထုတ်လုပ်သည့် Nutrilatt BMS ထုတ်ကုန်များ တင်သွင်းခြင်းနှင့် ဖြန့်ချီခြင်းကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မချင်း ချက်ချင်းရပ်ဆိုင်းရန်နှင့် သက်ဆိုင်ရာ BMS ထုတ်ကုန် အုပ်စုနံပါတ်အချို့ကို ဈေးကွက်တွင်းမှ ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
မိခင်နို့သည် ကလေးများအတွက် ဘဝတွင် အကောင်းဆုံးစတင်မှုကို ရရှိစေပြီး မွေးကင်းစကလေးများအတွက် အသင့်လျော်ဆုံးအစားအစာဖြစ်သည်။ မိခင်နို့သည် သန့်ရှင်း ဘေးကင်းပြီး အဖြစ်များသည့် ကလေးသူငယ်ရောဂါများကို ကာကွယ်ပေးနိုင်သော ခုခံအားရရှိစေသည့် ပဋိပစ္စည်းများ ပါဝင်သည်။ မိခင်နို့တိုက်ကျွေးခြင်းသည် မွေးစကလေးများနှင့် ကလေးငယ်များ၏ ကျန်းမာရေး၊ အထူးအားဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုဖွံ့ဖြိုးရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးတို့အတွက် သိသိသာသာ တိုးတက်ကောင်းမွန်စေသည်။ ယင်းသည် ရေတိုသာမက ရေရှည်အားဖြင့်ပါ မိခင်၏ ကျန်းမာရေးနှင့် ချမ်းသာသုခကိုလည်း တိုးတက်စေပါသည်။ မိခင်နို့သောက်သုံးရသည့် ကလေးငယ်များသည် ဉာဏ်ရည်စစ်ဆေးမှုများတွင် ပို၍ကောင်းမွန်စွာ စွမ်းဆောင်နိုင်ပြီး ဘဝနောက်ပိုင်းအချိန်များတွင် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြင်း ပိုနည်းပါသည်။ အတိုချုပ်ဆိုရလျှင် မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များအတွက် သဘာဝနှင့်ညီညွတ်ပြီး စရိတ်စကနည်းပါးသည့် အကောင်းဆုံး အစာကျွေးမွေးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ စနစ်တကျပြုစုထားသည့် သုတေသနများပေါ် အခြေခံထားသည့် WHO ၏ အကြံပြုချက်များအရ ကလေးငယ်များကို အသက်ခြောက်လအထိ ရေ သို့မဟုတ် အခြား မည်သည့်ဖြည့်စွက်စာမှ မကျွေးဘဲ မိခင်နို့တစ်မျိုးတည်းသာ သီးသန့်တိုက်ကျွေးသင့်သည်။ ထူးခြားသည့် အခြေအနေများရှိမှသာလျှင် မိခင်နို့အစားထိုးပစ္စည်းများကို စဉ်းစားသင့်သည်။ ကလေး အသက် ခြောက်လအရွယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သော အမျိုးအစားစုံလင်သည့် သန့်သန့်ရှင်းရှင်း အန္တရာယ်ကင်းကင်းဖြင့် ကလေးငယ် စားသုံးနိုင်ရန် သင့်လျော်စွာ ပြင်ဆင်ထားသည့် ဖြည့်စွက်အစားအစာများ စတင်ကျွေးမွေးသင့်သည်။ လိုအပ်ပါက ကျန်းမာရေး ပညာရှင်များ၏ အကြံဉာဏ်ကိုရယူကာ သင့်လျော်သော ဖြည့်စွက်စာနှင့် အားဖြည့်အစားအစာများကိုလည်း ကျွေးမွေးနိုင်ပါသည်။
မြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၄ ခုနှစ်တွင် “နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်” (OMFFIYC) ကိုအတည်ပြုခဲ့ပြီး မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များအတွက် အကောင်းဆုံး အစားအစာကျွေးမွေးမှု အလေ့အထများကို ပံ့ပိုးပေးရန်နှင့် မိခင်နို့အစားထိုးထုတ်ကုန် (BMS) ကုမ္ပဏီများ၏ ကျင့်ဝတ်နှင့်မညီသော ဈေးကွက်ရှာဖွေမှုနှင့် အရောင်းမြှင့်တင်မှုများမှ ကလေးငယ်များနှင့် မိခင်များအား ကာကွယ်ပေးရန် ရည်ရွယ်ပါသည်။ ဤညွှန်ကြားချက်t& သတ်မှတ်ထားသော အစားအစာနှင့် ထုတ်ကုန်များ၊ အစာကျွေးမွေးသည့် တွဲဖက် အသုံးအဆောင်ပစ္စည်းများသည် မွေးကင်းစကလေးများနှင့် ကလေးငယ်များအတွက် ကျန်းမာသန့်ရှင်းသော အစားအစာ ကျင့်သုံးမှုဆိုင်ရာ Codex ကျင့်ဝတ်များ၊ Codex Alimentarius ကော်မရှင် စံနှုန်းများနှင့် လမ်းညွှန်ချက်များအပါအဝင် သက်ဆိုင်ရာ မြန်မာနိုင်ငံ စံနှုန်းများ၊ လမ်းညွှန်ချက်များနှင့် နိုင်ငံတကာ စံနှုန်းများနှင့် လမ်းညွှန်ချက်များကို လိုက်နာရန်လည်း လိုအပ်သည်။
ကမ္ဘာ့ကျန်းမာရေးညီလာခံ(WHA) ဆုံးဖြတ်ချက်အမှတ် ၆၉.၉ က နိုင်ငံများအနေဖြင့် မွေးကင်းစနှင့် အသက် ၃၆ လအထိ ကလေးငယ်များအား ကျွေးမွေးရန်အတွက် သီးသန့်ဈေးကွက်တင်ရောင်းချသည့် မိခင်နို့အစားထိုးပစ္စည်းများကို (နောက်ဆက်တွဲ ဖြည့်စွက်အာဟာရနို့မှုန့်နှင့် ကြီးထွားဖွံ့ဖြိုးစေသည့် နို့များအပါအဝင်) အရည်ပုံစံဖြင့်ဖြစ်စေ၊ အမှုန့်ပုံစံဖြင့်ဖြစ်စေ မည်သည့်နို့အမျိုးအစားမဆို (သို့မဟုတ် အားဖြည့် ပဲနို့ကဲ့သို့ နို့အစားထိုးရန် အသုံးပြုနိုင်သည့် ထုတ်ကုန်အမျိုးအစားကိုမဆို) အား မိခင်နို့အစားထိုးပစ္စည်းအဖြစ် အဓိပ္ပါယ်သတ်မှတ်ရန် အကြံပြုထားသည်။
အာဟာရမြှင့်တင်ရေး SUN ကုလသမဂ္ဂကွန်ရက် (UNN) သည် ကုမ္ပဏီများအား မြန်မာနိုင်ငံ၏ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့် နှင့် အကျုံးမဝင်သည့် နောက်ဆက်တွဲ ဖြည့်စွက်အာဟာရနို့မှုန့်များ သို့မဟုတ် ကြီးထွားဖွံ့ဖြိုးစေသည့် အာဟာရနို့မှုန့် ထုတ်ကုန်များကို အရောင်းမြှင့်တင်ရန် မသင့်လျော်သော ဈေးကွက်ရှာဖွေမှုများ ပြုလုပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူ ပညာရှင်များ၊ နာမည်ကျော်ကြားသူများ၊ လူမှုကွန်ရက်များမှ ဩဇာလွှမ်းမိုးသူများကို ကျင့်ဝတ်နှင့်မညီဘဲ ပါဝင်စေခြင်းများကို ရှောင်ကြဉ်ကြရန် တိုက်တွန်းပါသည်။
ရောင်းချနေသော ကလေးနို့မှုန့်များသည် ‘မိခင်နို့ကဲ့သို့ ကောင်းမွန်ကြောင်း’ သို့မဟုတ် ‘ဒုတိယအကောင်းဆုံးဖြစ်ကြောင်း’ လွဲမှားသည့် အချက်အလက်များဖြင့် နောက်ဆက်တွဲဖြည့်စွက် အာဟာရမှုန့်များနှင့် ကြီးထွားဖွံ့ဖြိုးစေသည့် နို့များအား ကျယ်ကျယ်ပြန့်ပြန့် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိဘဲ အရောင်းမြှင့်တင်ခြင်းများသည် မိဘများနှင့် မိသားစုဝင်များ၏ ဆုံးဖြတ်ချက်များအပေါ် အနုတ်သဘောဆောင်သည့် သက်ရောက်မှုများ ရှိစေသည်။
ထို့ကြောင့် မြန်မာနိုင်ငံတော် အစိုးရ၏ ကာလရှည်ကြာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် မိတ်ဖက်များဖြစ်သည့် အာဟာရမြှင့်တင်ရေး SUN ကုလသမဂ္ဂကွန်ရက် (UNN) ၏ အဖွဲ့ဝင်အေဂျင်စီများအနေဖြင့် ဤအခွင့်အရေးကို အရယူလျက် ကလေးငယ်များ မှန်ကန်သော အာဟာရဓာတ် ရရှိစေရေးနှင့် ကလေးငယ်များ၏ ဘဝများကို ကာကွယ်ပေးရေးအတွက် အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်ကြပါရန် အကြံပြုတိုက်တွန်းလိုပါသည် -
- မြန်မာနိုင်ငံ၏ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့် လုပ်ပိုင်ခွင့်အရ အထက်ဖော်ပြပါ အာဟာရနို့မှုန့်ထုတ်ကုန် အုပ်စုအမှတ်များကို ဆက်လက်ခြေရာခံပြီး အဆိုပါထုတ်ကုန်များအား ဈေးကွက်အတွင်းမှ တရားဝင်ပြန်သိမ်းရေးအတွက် ဖြန့်ချီသူများအား ညွှန်ကြားရန်
- နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်အား လိုက်နာမှုရှိမရှိ အခြေအနေကို လျင်လျင်မြန်မြန် စိစစ်သုံးသပ်မှုပြုလုပ်ရန်
- မြန်မာနိုင်ငံ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာ အမိန့်အတိုင်း လိုက်နာစေမည့် လုပ်ဆောင်ချက်များကို သွက်လက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်
- လက်ရှိ အမိန့်တွင် WHA 69.9 ကို ထည့်သွင်းအတည်ပြုရန်
ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အားပေးအပ်ထားသည့် ကျွန်ုပ်တို့၏ ကတိကဝတ်နှင့် လုပ်ငန်းများကိုလည်း ထပ်လောင်းအတည်ပြုလိုက်ပြီး၊ အထူးသဖြင့် ကလေးငယ်များနှင့် မိသားစုများအနေဖြင့် မှန်ကန်သော သတင်းအချက်အလက်များကို သိရှိပြီး သင့်လျော်သည့်ရွေးချယ်မှုများ ပြုလုပ်နိုင်ကာ ပိုမိုဘေးကင်း၍ တန်ဖိုးမျှတသော အာဟာရပြည့်ဝသည့် အစားအစာများကို လက်လှမ်းမီ စားသုံးခွင့် ရရှိစေရန်အတွက် BMS ထုတ်ကုန်များ၊ မွေးစကလေးများအတွက် အားဖြည့် ဆီရီယယ်(cereal)နှင့် သွားရည်စာများအပါအဝင် မြန်မာနိုင်ငံအတွက် ဈေးကွက်တင်ရောင်းချပြီး ကလေးငယ်များ ရရှိစားသုံးနေသည့် အစားအစာများထုတ်ကုန်များနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာနှင့်စည်းကမ်းထိန်းသိမ်းရေး မူဘောင်များ ပိုမိုအားကောင်းခိုင်မာစေရန်နှင့် အဆိုပါဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မြန်မာနိုင်ငံအစိုးရအား ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
မီဒီယာ အဆက်အသွယ်
မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း
ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်
https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar