ကလေးသူငယ်များအား အသုံးပြုခြင်းနှင့် တပ်သားအဖြစ် စုဆောင်းခြင်းကို အဆုံးသတ်ရန် UN CTFMR နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်တို့ ပူးတွဲလုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့် ပူးတွဲလုပ်ငန်းအစီအစဉ် (JAP) လက်မှတ်ရေးထိုးခြင်း

20 နိုဝင်ဘာလ 2020

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့် ပူးတွဲလုပ်ငန်းအစီအစဉ် (JAP) လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုများကို အဆုံးသတ်ရန်နှင့် တားဆီးကာကွယ်ရန် အားထုတ်မှုများအတွက် အရေးပါသောအခန်းအသစ်တစ်ခုကို ကိုယ်စားပြုသည် အွန်လိုင်း လက်မှတ်ရေးထိုးပွဲအခမ်းအနား ဗီဒီယိုကို ဤနေရာတွင် ဒေါင်းလုတ် ရယူနိုင်ပါမည် - https://uni.cf/35Kxcon

ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် - ယနေ့တွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်ရေးနှင့် အစီရင်ခံတင်ပြရေးဆိုင်ရာ နိုင်ငံအဆင့် အထူးတာဝန်အဖွဲ့ (CTFMR) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုနှင့် ရေးထိုးသည့် ပထမဆုံးသော နှစ်ဦးနှစ်ဖက်ပူးတွဲလုပ်ငန်းအစီအစဉ် (JAP)ကို ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)နှင့် အွန်လိုင်းအခမ်းအနားတစ်ခုဖြင့် လက်မှတ်ရေးထိုးခဲ့သည်။ DKBA သည် ကလေးသူငယ်များကို တပ်သားအဖြစ်စုဆောင်းခြင်းနှင့် အသုံးပြုခြင်းအတွက် ၂၀၁၃ ခုနှစ်မှစ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် စာရင်းဖေါ်ပြခြင်းခံရသည်။ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Virginia Gamba သည်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပူးတွဲလုပ်ငန်းအစီအစဉ်တွင် မျက်မြင်သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ဤသမိုင်းဝင်အခမ်းအနားသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မြန်မာနိုင်ငံရှိ သံတမန်များနှင့် ကုလသမဂ္ဂအေဂျင်စီများလည်း တက်ရောက်ခဲ့သည်။  

"ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်းနှင့်အသုံးပြုခြင်းကို အဆုံးသတ်ရန်နှင့် ကာကွယ်တားဆီးရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၏ ယနေ့ပြုခဲ့သည့် ကတိကဝတ်ကို CTFMR က ချီးကျူးပါသည်။ လက်နက်ကိုင်ပဋိပက္ခဒဏ်ခံနေရသော ကလေးသူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်” ဟု CTFMR ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် ကုလသမဂ္ဂဌာနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ola Almgren နှင့် ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi တို့က ပြောကြားခဲ့သည်။

 ပူးတွဲလုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုးခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းသည် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်အား နောက်ဆုံးတွင် စာရင်းမှ ပယ်ဖျက်ရန် အရေးကြီးသောခြေလှမ်းများကို ကိုယ်စားပြုပါသည်။ DKBA သည် ၂၀၁၃ ခုနှစ်မှ စတင်၍ စာရင်းဖော်ပြခြင်းခံခဲ့ရသော်လည်း နောက်ပိုင်း နှစ်ပတ်လည်အစီရင်ခံစာများတွင် ကြီးလေးသောချိုးဖောက်မှုများနှင့်ပတ်သက်၍ DKBA က ကျူးလွန်သည်ဟု အစီရင်ခံမှုများ မရှိခဲ့ပါ။ သို့သော် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းအရ ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ငန်းအစီအစဉ်တစ်ခုကို လက်မှတ်ရေးထိုးခြင်းနှင့် ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ခြင်းမပြုမီ စာရင်းမှပယ်ဖျက်ရန် မဖြစ်နိုင်သည့်အတွက် ၎င်းတို့သည် စာရင်းတွင်ဆက်လက်ကျန်ရှိနေခြင်းဖြစ်သည်။

“ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်သည် ပူးတွဲလုပ်ငန်းအစီအစဉ်ကို လက်မှတ်ရေးထိုးရန်နှင့် အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်မှစ၍ CTFMR နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ မိမိတပ်ဖွဲ့ဝင်များအတွင်း ကလေးသူငယ်များမရှိတော့ကြောင်းနှင့် အခြားကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်မှုမရှိကြောင်း ပြသရန် စိတ်အားထက်သန်လျက်ရှိသည်။” ဟု DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောခဲ့သည်။ “အစီအစဉ်ကို လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်ခြင်းအားဖြင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ နှစ်ပတ်လည် အစီရင်ခံစာမှ မိမိတို့အဖွဲ့အစည်း၏ အမည်ကို ရှင်းလင်းရန်နှင့် စာရင်းမှပယ်ဖျက်ရန် ကြိုးစားလျက်ရှိပါသည်။”

အထူးသဖြင့် ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ကာကွယ်တားဆီးရန် ရည်ရွယ်လျှက် ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နှင့် ရေရှည်တည်တံ့စွာ ကာကွယ်တားဆီးသွားရန်လည်း ပူးတွဲလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြင့် ကြိုးပမ်းသွားမည်ဖြစ်သည်။ ပူးတွဲလုပ်ငန်းအစီအစဉ်တွင် အောက်ပါ အဓိကအဆင့်များ ပါဝင်သည် - စောင့်ကြည့်လေ့လာခြင်း - ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နှင့် ပူးပေါင်း၍ တပ်ဖွဲ့ဝင်များအတွင်း ကလေးသူငယ်များမရှိကြောင်း ပူးတွဲတိုက်ဆိုင်စစ်ဆေးအတည်ပြုခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်း- အကယ်၍ တပ်ဖွဲ့ဝင်များအတွင်း ကလေးသူငယ်များအား တွေ့ရှိပါက နုတ်ထွက်ခွင့်ပေး၍ ၎င်းတို့ကို သာမန်အရပ်သားဘဝသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရန်အတွက် ပံ့ပိုးပေးခြင်း၊ ကာကွယ်တားဆီးခြင်း- နောင်အနာဂတ်တွင် ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်းမရှိရန် သေချာစေခြင်း၊ တာဝန်ခံမှု - ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် အခြားကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်သည်ဟု တွေ့ရှိရသည့် တပ်ဖွဲ့များကို အရေးယူနိုင်ရန် စနစ်ကျ၍ သင့်လျော်သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအစီအမံများ ချမှတ်ခြင်း။ ပူးတွဲလုပ်ငန်းအစီအစဉ်တစ်ခု၏ အကောင်အထည်ဖော်ဆောင်မှု ကာလသည် အနည်းဆုံး ၁၈ လအထိကြာမြင့်နိုင်သည်။

“ပူးတွဲလုပ်ငန်းအစီအစဥ်ကို ပထမဆုံး လက်မှတ်ရေးထိုးရန် ရဲရင့်စွာ ဆုံးဖြတ်ချက်ချသည့်အတွက် ဗိုလ်ချုပ်ကြီးစောမူးရှေနှင့် DKBA အဖွဲ့သားများအားလုံးကို ဂုဏ်ပြုကြောင်းပြောကြားလိုပါသည်။ ဤသို့ လက်မှတ်ရေးထိုးခြင်းသည် လက်နက်ကိုင်ပဋိပက္ခဒဏ်ခံနေကြရသော ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ယင်းကိစ္စနှင့်စပ်လျဉ်းသည့် ပြည်တွင်းနှင့် နိုင်ငံတကာစံချိန်စံနှုန်းများကို လိုက်နာရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်” ဟု အထူးကိုယ်စားလှယ် Gamba ကပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “လက်နက်ကိုင်ပဋိပက္ခဒဏ်ခံနေကြရတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးဟာ ဘယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာမဆို မရှိမဖြစ်အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပါတယ်။ ဒါကို အပြည့်အဝ အသိအမှတ်ပြုတဲ့အနေနဲ့ ပဋိပက္ခအခြေအနေများထဲ ကျရောက်နေတဲ့ ကလေးငယ်တွေအပေါ် ကြီးလေးသော ချိုးဖောက်မှုတွေကို ကာကွယ်ဖို့ ခိုင်မာတဲ့ ပြဌာန်းချက်များကို ကျွန်တော်တို့ရဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ ထည့်သွင်းထားပါတယ်" ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြဌာန်းခြင်း သမိုင်းမှတ်တိုင်နှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ ၏ အခွင့်အရေးများ (CRC) ဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (OPAC) ကို မြန်မာနိုင်ငံမှ အတည်ပြုခြင်းဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခဲ့ရသော ကလေးသူငယ်များအား ကာကွယ်ပေးမည့် နိုင်ငံတော်၏ ဥပဒေရေးရာမူဘောင်ကို ခိုင်မာအားကောင်းစေခဲ့သည်။

ကြီးမားသောတိုးတက်မှုများရှိလင့်ကစား ကလေးသူငယ်များသည် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၏ အဆိုးဝါးဆုံးဒဏ်ကို ခံနေကြရဆဲဖြစ်သည်။ ဤအခမ်းအနားသည် အရေးပါသော သာဓကတစ်ရပ်ဖြစ်လာ၍ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ပါဝင်လာကာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ၏ နောက်ဆက်တွဲများတွင်ဖော်ပြထားသည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ဆက်လက်၍ ပူးတွဲလုပ်ငန်းအစီအစဉ်များအား လက်မှတ်ရေးထိုးရန်နှင့် အကောင်အထည်ဖော်ရန်တို့ကို အားပေးတိုက်တွန်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

"ကလေးသူငယ်များကို လက်နက်ကိုင်တပ်ဖွဲ့များနှင့် လက်နက်ကိုင်အုပ်စုများမှ ကာကွယ်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် အရေးကြီးသောအခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ ဤပူးတွဲလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် မိမိတို့အနေဖြင့် DKBA နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်” ဟု CTFMR ၏တွဲဖက်ဥက္ကဋ္ဌများက ဖြည့်စွက်ပြောကြားခဲ့သည်။


နောက်ခံအကြောင်းအရာ

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းမှုနှင့် အသုံးပြုခြင်းကို ကျူးလွန်သူများစာရင်းတွင် ထည့်သွင်းထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ရှိသည်။ ၎င်းတို့မှာ -

  • ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)
  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
  • ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU / KNLA-PC)
  • ကရင်နီတပ်မတော် (KA)
  • ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S)
  • ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)

တပ်သားစုဆောင်းမှုနှင့်အသုံးပြုမှုအတွက် ယခုနှစ်အစီရင်ခံစာတွင် စာရင်းမှ ယာယီပယ်ဖျက်ပေးခြင်းခံရသော မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် တပ်မတော်သည် ၂၀၀၃ ခုနှစ်မှစ၍ ဤချိုးဖောက်မှုအတွက် စာရင်းသွင်းခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သည် အခြား ကြီးလေးသော ချိုးဖောက်မှုနှစ်ခုဖြစ်သည့် - သတ်ဖြတ်ခြင်းနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်း၊ နှင့် အဓမ္မပြုကျင့်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် ဆက်လက်စာရင်းသွင်း ခံထားရဆဲဖြစ်သည်။ ပဋိပက္ခဖြစ်နေသောအဖွဲ့များအား စာရင်းသွင်းခြင်းနှင့် စာရင်းပယ်ဖျက်ခြင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ဖြစ်သည်။


ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ နိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံရေလုပ်ငန်းအဖွဲ့ (CTFMR) အကြောင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဆုံးဖြတ်ချက် ၁၆၁၂ တွင် ကုလသမဂ္ဂအား ကလေးသူငယ်များအပေါ် လက်နက်ကိုင်တပ်ဖွဲ့များမှဖြစ်စေ နှင့်/သို့မဟုတ် လက်နက်ကိုင်အုပ်စုများမှဖြစ်စေ ပဋိပက္ခတွင်ပါဝင်သော အဖွဲ့အစည်းများမှ ကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်ကြောင်း သက်သေအထောက်အထားများရှိသည့် နိုင်ငံများတွင် ကုလသမဂ္ဂ ဦးဆောင်သည့် CTFMR ကိုတည်ထောင်ရန် တာဝန်ပေးထားသည်။ CTFMR သည် ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများနှင့် ပတ်သက်၍ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် UNSC သို့ အစီရင်ခံခြင်းများပြုလုပ်သော စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံရေးယန္တရား (MRM) ကိုတည်ထောင်ရန် တာဝန်ရှိသည်။ စောင့်ကြည့် အစီရင်ခံတင်ပြသည့် ကြီးလေးသော ချိုးဖောက်မှုခြောက်ခုမှာ -

  • ကလေးသူငယ်များအား သတ်ဖြတ်ခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါချို့ယွင်းစေခြင်း
  • လက်နက်ကိုင်တပ်ဖွဲ့များနှင့် လက်နက်ကိုင်အုပ်စုများတွင် ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့်အသုံးပြုခြင်း
  • ကျောင်းများ သို့မဟုတ် ဆေးရုံများကို တိုက်ခိုက်ခြင်း
  • အဓမ္မပြုကျင့်မှု သို့မဟုတ် အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ
  • ကလေးသူငယ်များအား ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း
  • ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ငြင်းပယ်ခြင်း

CTFMR အား ထိုကဲ့သို့ ကြီးလေးသော ချိုးဖောက်မှုများကို ညှိနှိုင်းတုံ့ပြန်ရန်လည်း တာဝန်ပေးထားသည်။ CTFMR ကို မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ola Almgren နှင့် ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံရှိ CTFMR တွင် သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများ (UN RCO၊ UNICEF၊ ILO၊ UNFPA၊ UNHCR ၊ UN OCHA နှင့် WFP)၊ Save the Children နှင့် World Vision တို့ပါဝင်သည်။

PRESS RELEASE in ENGLISH 👉 https://uni.cf/3kQagZ7 

မီဒီယာ အဆက်အသွယ်

Aye Win
National Information Officer
UNIC
အီးမေးလ်: wina@un.org
Frehiwot Yilma
Communication Specialist
UNICEF Myanmar
အီးမေးလ်: fyilma@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar