မိလ္လာစနစ်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး
လူ့အသက်များကို ကယ်တင်နိုင်ပြီး လူမှုစီးပွားရေး တိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု
စိန်ခေါ်မှု
မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (၂၀၃၀) အောက်ရှိ ရည်မှန်းချက်များ ပြည့်မှီရန်အတွက် မိလ္လာစနစ်နှင့် သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များတွင် များစွာသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပါသည်။
ကျေးလက်ဒေသများသည် မိလ္လာစနစ်နှင့် သန့်ရှင်းရေးဆိုင်ရာ ရရှိသုံးစွဲမှုသည် နောက်ကျကျန်ရစ်နေသည့်အပြင် မြို့ပြဒေသများတွင်လည်း မြို့ပြသို့ ကျေးလက် ဒေသများမှလူများ ပြောင်းရွှေ့လာသည်နှင့်အမျှ မိလ္လာဆိုင်ရာလိုအပ်ချက်များကို ဖြည့်စွက်ပေးရန် ကြိုးစားနေရဆဲ ဖြစ်ပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံ၏ မြို့ပြဒေသများသည် လုံခြုံ စိတ်ချရမှု မရှိသော ရေအရင်းအမြစ်များမှ ရယူသုံးစွဲနေသူ အရေအတွက် တိုးပွား လျက်ရှိသည့် အာဆီယံနိုင်ငံ အနည်းစုထဲမှ နိုင်ငံ တစ်ခုဖြစ်ပါသည်။
မိလ္လာစနစ်နှင့် သန့်ရှင်းရေးဆိုင်ရာ အချက်အလက်များသည် အကန့်အသတ်များ ရှိနေသော်လည်း တစ်နိုင်ငံလုံးရှိ ကျောင်းများ၏ ၅၀ ရာခိုင်နှုန်းနှင့် ကျန်းမာရေး အဆောက်အအုံများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ၀န်ဆောင်မှုများတွင် ကြီးမားသော ကွာဟချက်များ ရှိနေသည်ဟု သုတေသနပြုချက်က ဖော်ပြထားပါသည်။
၂၅ ရာခိုင်နှုန်းသော ကလေးသူငယ်များ (၄ သန်းကျော်) သည် ကောင်းမွန်သန့်ရှင်းသော အိမ်သာများမရှိသည့် အိမ်ထောင်စုများတွင် နေထိုင်နေပါသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စု အားလုံး၏ (၇၉.၆) ရာခိုင်နှုန်းသည် (မြို့ပြ (၈၂.၅) ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသ (၇၈.၅) ရာခိုင်နှုန်း) အခြေခံ သန့်ရှင်းရေး (အနိမ့်ဆုံး) ဝန်ဆောင်မှုကို ရရှိအသုံးပြုနေ ကြသည်ကို တွေ့ရှိရပါသည်။ အခြေခံမိလ္လာစနစ်/သန့်ရှင်းရေး ဝန်ဆောင်မှုဆိုသည်မှာ အဆိုပါအိမ်ထောင်စုများသည် ကောင်းမွန်သန့်ရှင်းသော မိလ္လာစနစ်/ အိမ်သာများကို အခြားသော အိမ်ထောင်စုများနှင့် မျှဝေသုံးစွဲခြင်းမရှိဘဲ မိမိ၏အိမ်ဝိုင်းပရဝုဏ် အတွင်းတွင် မိမိဘာသာ အသုံးပြုကြခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ (၁၁.၉) ရာခိုင်နှုန်းသည် (မြို့ပြ (၁၅.၄) ရာခိုင်နှုန်း၊ ကျေးလက်ဒေသ (၁၀.၅) ရာခိုင်နှုန်း) ကောင်းမွန်ပြီး သန့်ရှင်းသော မိလ္လာစနစ်/အိမ်သာများအား အခြားသောအိမ်ထောင်စုများနှင့် မျှဝေသုံးစွဲခြင်း ဖြစ်သော အကန့်အသတ်ဖြင့်သာရှိသည့် သန့်ရှင်းရေး၀န်ဆောင်မှုကို ရရှိနေဆဲ ဖြစ်သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ (၃.၆) ရာခိုင်နှုန်းသည် (မြို့ပြ (၁.၄) ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသ (၄.၄) ရာခိုင်နှုန်း) ကောင်းမွန် သန့်ရှင်းမှုမရှိသော အိမ်သာဝန်ဆောင်မှုကို ရရှိအသုံးပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အိမ်ထောင်စုအားလုံး၏ (၅) ရာခိုင်နှုန်းခန့်သည် (မြို့ပြ (၀.၆) ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသ (၆.၅) ရာခိုင်နှုန်း) ပတ်ဝန်းကျင်ပြင်ပ၌ အပေါ့အလေးသွားခြင်း (သို့) တောထိုင်ခြင်းဟုခေါ်သည့် ကွင်းပြင်များ၊ သစ်တောများ၊ ချုံပုတ်များ၊ မြစ်ချောင်းအင်းအိုင်များ၊ ကမ်းခြေများ သို့မဟုတ် အခြားကွက်လပ် နေရာများတွင် မစင်စွန့်ခြင်းကို ကျင့်သုံးနေကြသည်ကို တွေ့ရှိရပါသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စုအားလုံး၏ (၇၂.၃) ရာခိုင်နှုန်းသည် (မြို့ပြ (၇၅.၇) ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသ (၇၁) ရာခိုင်နှုန်း) မိမိ၏ အိမ်ခြံဝန်းအတွင်းရှိ လက်ဆေးရန်နေရာတွင် ဆပ်ပြာနှင့် ရေရှိသည့် “အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေး ၀န်ဆောင်မှု”ကို ရရှိ အသုံးပြုနေပြီး အိမ်ထောင်စုများ၏ (၂၂.၃) ရာခိုင်နှုန်းသည် လက်ဆေးရန်နေရာ သတ်သတ်မှတ်မှတ်ရှိသော်လည်း ဆပ်ပြာ သို့မဟုတ် ရေ တစ်ခုခု မရှိသည့်အတွက် “အကန့်အသတ်ရှိသော တစ်ကိုယ်ရေသန့်ရှင်းရေး ဝန်ဆောင်မှု” ရရှိအသုံးပြုနေကို တွေ့ရှိရပါသည်။ ထို့အပြင် အိမ်ထောင်စုအားလုံး၏ (၄.၉) ရာခိုင်နှုန်းတွင် (မြို့ပြ (၃.၁) ရာခိုင်နှုန်းနှင့် ကျေးလက် (၅.၆) ရာခိုင်နှုန်း) လက်ဆေးရန်နေရာ မရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။
သန့်ရှင်းမှုမရှိသော/မလုံလောက်သော မိလ္လာစနစ်သည် ကလေးသူငယ်နှင့် မိခင် သေဆုံးမှု၊ ၃၂ ရာခိုင်နှုန်းသော ကျေးလက်ဒေသရှိ ကလေးသူငယ်များနှင့် ၂၀ ရာခိုင်နှုန်းသော မြို့ပြနေ ကလေးသူငယ်များ၏ ပုညှပ်မှုကိုဖြစ်စေသည့် ဝမ်းပျက် ဝမ်းလျှောကဲ့သို့သော ဖျားနာမှုများကို လျော့ချရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုကို အတားအဆီးဖြစ်စေသည်။ ဖော်ပြပါ အချက်အလက်များအရ အသိပညာဗဟုသုတနှင့် ကောင်းမွန်သော သန့်ရှင်းရေးဆိုင်ရာ အပြုအမူများ လေ့ကျင့်ခြင်းအတွက် အကန့်အသတ်ဖြစ်နေခြင်းသည် လူမှုအသိုင်းအဝိုင်းများ အနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် ကြိုးပမ်းမှုမှ အဟန့်အတား ဖြစ်နေပါသည်။
ဖြေရှင်းနည်း
ယူနီဆက်သည် ကျေးလက်ဒေသများ၊ ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် အရေးပေါ် အခြေအနေများအတွက် မြန်မာနိုင်ငံ၏ ရေရရှိရေး၊ ပတ်၀န်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာကို အကောင်အထည် ဖော်ရန် အစိုးရနှင့် ဒေသဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအား ကူညီပံ့ပိုးပေးပါသည်။
လာမည့်နှစ်များအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) ၏ လူမှုရေးနှင့် စီးပွားရေး တိုးတက်မှု ရည်မှန်းချက်များ ပြည့်မီရန်အတွက် လိုအပ်သည့် ရေရရှိရေး၊ ပတ်၀န်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်မည့် အချက်အလက်များနှင့် စောင့်ကြည့် စစ်ဆေးမှုများကို တိုးတက်စေရန် အစိုးရအား ကျွန်ုပ်တို့ ပံ့ပိုးပေးနေပါသည်။
အဓိကကျသော အစိုးရဌာနများနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် အထူးသဖြင့် အထိအခိုက်လွယ်သော ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်မှာ တစ်နိုင်ငံလုံးဆိုင်ရာ ရေရရှိရေး၊ ပတ်၀န်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စီမံကိန်းရေးဆွဲရေးနှင့် ကွင်းဆင်းလုပ်ဆောင်ချက်များသည် ဦးစားပေးဖြစ်ပါသည်။
ပညာရေး၊ အာဟာရ၊ မိခင်နှင့် ကလေးကျန်းမာရေး စသည့် အခြားသော အရေးပါသည့် ကဏ္ဍများမှ ဆောင်ရွက်ချက်များအား ရေရရှိရေး၊ ပတ်၀န်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် လိုအပ်သော အစီအစဉ်များမှ ပံ့ပိုးကူညီရန် ခိုင်မာသည့် ပူးပေါင်းပါဝင်မှုကို ကျွန်ုပ်တို့ မြှင့်တင်ပေးပါသည်။ ကလေးသူငယ် ဆင်းရဲချို့တဲ့မှု ညွှန်းကိန်းများအရ အနာဂတ် ဆောင်ရွက်ချက်များတွင် အဓိက ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုကို ဦးတည်ထားသည့် ကဏ္ဍသုံးခုကို ဦးစားပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့သည် မိတ်ဖက်များ၊ အစိုးရနှင့်အတူ တီထွင်ဆန်းသစ်သော နည်းပညာ ဆိုင်ရာ ဖြေရှင်းနည်းများကို ရှာဖွေရန်၊ စံပြကျေးရွာများသို့ ပုံတူကူးယူနိုင်သည့် စံပြကျေးရွာ ချဉ်းကပ်မှုများကို အကောင်အထည်ဖော်ရန်နှင့် အထူးသဖြင့် စိန်ခေါ်မှု ရှိသော ဒေသများရှိ ထိခိုက်လွယ်သော ရပ်ရွာလူထုများအား အဖြေထုတ်နိုင်ရန် အကူအညီပေးနိုင်သော အသိပညာဗဟုသုတနှင့် သုတေသနပြုမှုများကို တည်ဆောက်သွားမည် ဖြစ်ပါသည်။