အတူတကွတည်ဆောက်ခြင်း
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နှစ်ရှည် ရေရှားပါးမှုကို လူမှုအသိုင်းအဝိုင်းများက ဖြေရှင်းပေး
- English
- မြန်မာ
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့ မောင်တောမြို့ တောင်ဘက်ခြမ်းမှာတည်ရှိတဲ့ ဒူညောင်ပြင်ကြီးကျေးရွာမှာ ရိုဟင်ဂျာ ၆၂၁ ဦး နေထိုင်ပြီး မသန်စွမ်းသူ ၂၂ ဦး ပါဝင်ပါတယ်။ ဒီကျေးရွာငယ်ဟာ ဘေးကင်းစိတ်ချရတဲ့ သောက်သုံးရေရင်းမြစ်မရှိတဲ့ အရေးတကြီး ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိအများသုံး အဝီစိတွင်းနဲ့ မြေအောက်ရေထွက်ပင်ရင်းတွေက ယုံကြည်စိတ်ချရတဲ့ သောက်သုံးရေတစ်ခုအတွက် လိုအပ်တဲ့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ ဒီအခက်အခဲကို ပိုဆိုးစေခဲ့တာကတော့ ၂၀၂၃ ခုနှစ် မေလမှာ မြန်မာနိုင်ငံအနောက်ပိုင်းကို တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လက်ရှိအသုံးပြုနေတဲ့ ရေကန်ငယ်လေးတွေရဲ့ ခြံစည်းရိုးတွေ လှေကားတွေ ပျက်စီးပြီး အကာအကွယ်မဲ့သွားခဲ့တဲ့အတွက် ဆားငန်ရေတွေ ဝင်ရောက်ပြီး ရေကန်ထဲကရေတွေ ညစ်ညမ်းသွားခဲ့ပါတယ်။ ဒါက ရွာသူရွာသားတွေရဲ့ ကျန်းမာရေးကောင်းကျိုးတွေအပေါ် ပြင်းထန်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေ မရှိခြင်းက ရပ်ရွာလူထု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုပြီးဆိုးရွားစေခဲ့ပါတယ်။
အဓိကအားဖြင့် တောင်သူ၊ တံငါနဲ့ လက်လုပ်လက်စားများဖြစ်ကြတဲ့ ဒူညောင်ပင်ကြီးကျေးရွာသားတွေဟာ မီတာ ၄၀၀ ကနေ ၆၀၀ လောက်ဝေးတဲ့ အနီးအနား ကျေးရွာတွေအထိသွားပြီး ပင်ပန်းတကြီး ရေခပ်ကြရပါတယ်။ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေအဖြစ်များလာပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးအားလုံးကို ထိခိုက်စေလာတဲ့အတွက် အခြေအနေက ပိုဆိုးလို့လာခဲ့ပါတယ်။ တချို့အိမ်ထောင်စုတွေအနေနဲ့ သန့်ရှင်းတဲ့ ရေရရှိဖို့ စိတ်မချရတဲ့အတွက် သန့်ရှင်းတဲ့သောက်သုံးရေကို သိုလှောင်ထားဖို့ ရေဘူးတွေကို ဝယ်သုံးခဲ့ကြရပါတယ်။ နှစ်ရှည်ရေရှားပါးမှုနဲ့အတူ စားဝတ်နေရေးဖြည့်ဆည်းဖို့ကိုပင် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ အိမ်ထောင်စုအများစုအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း ကြီးမားတဲ့အခက်အခဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဒူညောင်ပြင်ကြီးကျေးရွာသားတွေရဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) ဝန်ဆောင်မှုတွေ အရေးတကြီး လိုအပ်နေတာကို တွေ့ရှိခဲ့တဲ့အတွက် ယူနီဆက်ရဲ့ပံ့ပိုးမှုနဲ့အတူ Community and Family Services International (CFSI) က အရေးပေါ်ပံ့ပိုးမှုတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ယူနီဆက်အနေနဲ့ CFSI က ဦးဆောင်တဲ့ ရပ်ရွာအခြေပြုချဉ်းကပ်နည်းကို ပံ့ပိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ ရင်းမြစ်တွေနဲ့ နည်းပညာကျွမ်းကျင်မှုတွေ ပံ့ပိုးပေးခဲ့ပါတယ်။ CFSI က ကျေးရွာသားတွေရဲ့ အရေးကြီးဆုံး WASH လိုအပ်ချက်တွေကို ဆန်းစစ်ဖို့အတွက် အစည်းအဝေးတွေ ခေါ်ယူပြီး အသင့်တော်ဆုံး အစီအစဉ်တွေကို ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ ဒီချဉ်းကပ်မှု အစိတ်အပိုင်းအဖြစ် ရေရှည်တည်တံ့ပြီး ရပ်ရွာဦးဆောင်တဲ့ ဖြေရှင်းနည်းတွေ ရရှိဖို့ ဒူညောင်ပြင်ကြီး ကျေးရွာက ကိုယ်စားလှယ်သုံးဦးကို ရွေးချယ် သင်တန်းပေးခဲ့ပါတယ်။ ဒီသင်တန်းမှာ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း အသိပညာပေးခြင်း၊ အိမ်သာတည်ဆောက်ခြင်းနဲ့ ပြုပြင်ဖို့လိုအပ်တဲ့ ရေရင်းမြစ်တွေကို သတ်မှတ်ဖော်ထုတ်ခြင်း စတာတွေကို ပို့ချခဲ့ပါတယ်။
သင်တန်းဆင်းကိုယ်စားလှယ်တွေက အခုဆိုရင် CFSI နဲ့ ပူးပေါင်းပြီး ပေါ်ပေါက်လာတဲ့ WASH စိန်ခေါ်မှုတွေ၊ ပံ့ပိုးမှုတွေ ရေရှည်တည်တံ့စေဖို့ အတွက် ကောင်းမွန်တဲ့ကျင့်သုံးမှုတွေနဲ့ပတ်သက်ပြီး ရပ်ရွာအစည်းအဝေးပွဲတွေကို ဦးဆောင်ကျင်းပရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေကြပါတယ်။
CFSI က မိသားစုတွေအတွက် သန့်ရှင်းစိတ်ချရတဲ့ရေ ပုံမှန်ရရှိနိုင်စေဖို့ဆောင်ရွက်ပေးပြီး သောက်ရေသန့် လီတာ ၁,၂၀၀ ဖြန့်ဝေပေးခဲ့ပါတယ်။ CFSI က ဆားငန်ရေနဲ့ ညစ်ညမ်းနေတဲ့ ရေကန်တွေကနေ ရေဆိုးထုတ်ခြင်းကို လုပ်ဆောင်ခဲ့ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာပေးလှုပ်ရှားမှု၊ ပတ်ဝန်းသန့်ရှင်းရေး တိုးတက်စေပြီး ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် ဘေးကင်းစိတ်ချရတဲ့ အလေ့အကျင့်တွေ ကျင့်သုံးဖို့ သတင်းစကားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။
"မိုခါမုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ ကျွန်မတို့အတွက် သောက်ရေသန့်ရဖို့ တော်တော်ခက်ခဲခဲ့တယ်။ ကျွန်မတို့ ရတဲ့ရေကိုပဲ သုံးကြရတော့ ကျွန်မကလေးတချို့ဆို နေမကောင်းတောင်ဖြစ်တဲ့အထိပဲ" လို့ အိမ်ရှင်မတစ်ဦးဖြစ်သူ မခင်မာက ပြောပြပါတယ်။
ဒီအစီအစဉ်က ရေရှည်ခိုင်မာပြီး အကာအကွယ်ရှိတဲ့ ရေရင်းမြစ်တစ်ခု ထူထောင်ဖို့ ကျေးရွာမှာရှိတဲ့ ရေကန်တစ်ခုကို ပြန်လည်ပြုပြင်ရေးကို အသားပေးလုပ်ဆောင်ခဲ့ပါတယ်။ CFSI က ခြံစည်းရိုးတွေ၊ လှေကားတွေနဲ့ လက်ရန်းတွေလို မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ဖို့အတွက် ပစ္စည်းတွေ ထောက်ပံ့ပေးပြီး ဦးဆောင်ခဲ့ပါတယ်။ ပြန်လည်ပြုပြင်တဲ့နေရာမှာ ရေရှည်ခိုင်မာပြီး ကျွမ်းကျင်သပ်ရပ်မှုရှိအောင် ကျွမ်းကျင်ပန်းရံဆရာတစ်ဦးကို ငှားရမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ရပ်ရွာလူထုရဲ့ ဦးဆောင်မှုနဲ့ ကြိုးပမ်းအားထုတ်မှုက ဒီစီမံချက် အောင်မြင်စေဖို့အတွက် အဓိကကျခဲ့ပါတယ်။ ကျေးရွာသားတွေက ရေကန်ဧရိယာတဝိုက်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ တူးဆွခြင်း၊ အလုပ်သမားစရိတ်၊ ဝါးနဲ့ အလုပ်သမားနဲ့ စေတနာ့ဝန်ထမ်းတွေကို ကျွေးမွေးဧည့်ခံခြင်းစတာတွေကို အားတက်သရော ပါဝင်အားဖြည့်ခဲ့ကြပါတယ်။
“ရေသန့်ရဖို့အတွက် မိုင်ပေါင်းများစွာ လမ်းလျှောက်ရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားလို့ ကျွန်မ သိပ်ဝမ်းသာတယ်။ ရေကန်က ကျွန်မတို့အိမ်နဲ့ မိနစ်ပိုင်းလောက်လျှောက်ရင် ရောက်ပြီ။ အခုတော့ မိသားစုက စိုးရိမ်စရာမရှိဘဲ ရေကို အသုံးပြုနိုင်ပါပြီ" လို့ မခင်မာက ပြောပြပါတယ်။
ရပ်ရွာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းက "ဒီလိုဖြစ်လာအောင် တစ်ရွာလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ အကျိုးရှိတာက မိသားစုတစ်ခုတည်းအတွက်မဟုတ်ဘူး ၊ ရပ်ရွာလူထုတစ်ရပ်လုံးအတွက်ပါပဲ၊ ပြီးတော့ စုပေါင်းစိတ်ဓာတ်ကို ကျွန်တော်တကယ်ခံစားမိတယ်။"
ရပ်ရွာခေါင်းဆောင် အီမန်ဟူဆန်က “CFSI ကျေးဇူးကြောင့် ရပ်ရွာထဲက လူတိုင်း ရေကို သန့်သန့်ရှင်းရှင်းနဲ့ အခမဲ့ အလွယ်တကူ ရနိုင်ပါပြီ" လို့ ရပ်ရွာကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကိုကိုက "တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကနေ ကာဘော်လစ်ဆပ်ပြာ၊ ရေစစ်၊ ရေပုံးစတဲ့ အခြေခံလိုအပ်ချက်တွေအထိ ပံ့ပိုးပေးခဲ့တဲ့ CFSI ကို ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းအတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ရေက အဝေးကြီး သွားခပ်စရာမလိုတော့တဲ့အတွက် မိသားစုရဲ့ ဝင်ငွေရရှိရေးကို ပိုပြီးအာရုံစိုက်နိုင်သွားပြီ၊ ရေကြောင့်ဖြစ်တဲ့ရောဂါနဲ့ ဆေးကုသစရိတ်တွေအတွက်လည်း စိုးရိမ်စရာမလိုတော့ဘူး။"
UNICEF-CFSI-WASHIE စီမံကိန်းက ဒူညောင်ပြင်ကြီးကျေးရွာက ရေရှားပါးမှု ပြဿနာတစ်ခုတည်းကို ဖြေရှင်းပေးလိုက်တာမဟုတ်ပဲ ရပ်ရွာလူထုကို စိတ်ကူးသစ်ရစေတဲ့၊ ခွန်အားပေးနိုင်တဲ့၊ ကျန်းမာရေးနဲ့ ကောင်းကျိုးကို မြှင့်တင်နိုင်တဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းက ရခိုင်ပြည်နယ်က တောင်သူအိမ်ထောင်စု ၈၀ ရာခိုင်နှုန်းကျော်ရဲ့ ဘဝတွေနဲ့ အသက်မွေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ အနောက်ပိုင်းဒေသကို ထိခိုက်စေခဲ့ပါတယ်။ UNICEF-CFSI-WASHiE စီမံချက်က ရခိုင်ပြည်နယ်ထဲက အပြင်းထန်ဆုံး မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ မရှိမဖြစ်လိုအပ်တဲ့ WASH ဝန်ဆောင်မှုတွေ ပေးခဲ့ပြီး အဆိုပါ ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ ရေရှားပါးမှု ပြဿနာတွေကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။