အဆင့်မြှင့်ထားသော ရေကန်ကြောင့် ဘေးကင်းသန့်ရှင်းသော ရေသန့်ရရှိ
ကလေးတိုင်းအတွက် သန့်ရှင်းသောရေ
- English
- မြန်မာ
မဥမ္မာရွှေတစ်ယောက် သူ့ဘဝ ဒီလောက်ဆိုးဆိုးရွားရွား ပြောင်းလဲသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် အစောပိုင်း သူတို့ရွာလေးမှာ ပဋိပက္ခတွေအပြင်းအထန် ဖြစ်ပွားလာချိန်မှာတော့ သူက ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေချခဲ့ရပါတော့တယ်။ ဘေးကင်းရာမှာ ခိုလှုံဖို့အတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက အတော်လေးဝေးလံတဲ့ ဝင်္ကကျေးရွာကို မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
ဝင်္ကကျေးရွာမှာ သူ့မိသားစုအပါအဝင် အိမ်ထောင်စုပေါင်း ၅၀ ခန့် နေထိုင်ကြပါတယ်။ သူစရောက်ကာစမှာ သန့်ရှင်းတဲ့သောက်ရေရဖို့က ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
သူတို့အားလုံး သောက်ရေအတွက် အဓိကအားထားကြရတဲ့ ရေကန်က ရွာသားတွေမွေးထားတဲ့ ကြက်တွေကြောင့် ရောဂါပိုးမွှားတွေနဲ့ ညစ်ညမ်းပြီး မသန့်ရှင်းတော့ဘဲ ရွာသားတွေမှာ အရေပြား ပြဿနာဖြစ်သူကဖြစ်၊ ဝမ်းလျှောဝမ်းပျက်ဖြစ်သူကဖြစ် ဖြစ်ခဲ့ကြပါတယ်။ နွေရာသီရဲ့ ပူပြင်းတဲ့ မတ်၊ ဧပြီ၊ မေလတွေ ရောက်လာတဲ့အခါမှာ ရေကန်ကရေခမ်းလာပြီး လူ ၂၃၉ ဦးနီးပါးအတွက် ရေပြတ်လပ်လုနီးပါး ဖြစ်လာခဲ့ပါတယ်။
ယူနီဆက်က စိန်ခေါ်မှုတွေကို ကြားသိရချိန်မှာ ရေကန်ကိုပြန်ပြင်ဆင်ဖို့ ကူညီပေးခဲ့သလို ရေကန်ကို ထိန်းသိမ်းဖို့နဲ့ ဘယ်လိုသန့်ရှင်းအောင်ထားရမလဲဆိုတဲ့ ကျန်းမာရေးအသိ မြှင့်တင်ဖို့အတွက် ဒေသခံဝန်ထမ်းတွေ၊ ကျေးရွာ ရေနှင့်သန့်ရှင်းရေး (WASH) ကော်မတီဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကို သင်တန်းပို့ချပေးခဲ့ပါတယ်။
ကျောင်းနေအရွယ်ကလေးငါးယောက်ရှိတဲ့ မိခင်တစ်ဦးဖြစ်သူ မဥမ္မာရွှေက ကရင်ပြည်နယ်က ဒီ WASH အစီအစဉ်ကနေ အကျိုးခံစားခွင့်ရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့မိသားစုက အရင်က လယ်စိုက်ပျိုးတဲ့အလုပ်ကို လုပ်ခဲ့ကြပြီး နေထိုင်စားသောက်စရိတ်နဲ့ ကလေးတွေအတွက် ပညာရေးစရိတ် ကာမိရုံလောက်သာ ဝင်ငွေရှိခဲ့ပါတယ်။ သူတို့က မကြာခဏဆိုသလို အခြေခံကျတဲ့ တစ်ကိုယ်ရေကျန်းမာရေး ပစ္စည်းတွေအတွက် အသုံးစရိတ်ကို မသုံးနိုင်ခဲ့ကြပါဘူး။
ဒါပေမဲ့လည်း ယူနီဆက်က ပံ့ပိုးတဲ့ သင်တန်းနဲ့ ငွေသားထောက်ပံ့မှုတွေကြောင့် မဥမ္မာရွှေတစ်ယောက် သူ့မိသားစုရဲ့ တစ်ကိုယ်ရေ ကျန်းမာရေး အသိကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာ သိရှိလာခဲ့ပြီး သူ့မိသားစုအတွက် လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံနဲ့ ရေပုံးတွေကိုလည်း ဝယ်နိုင်ခဲ့ပါတယ်။
မဥမ္မာရွှေအတွက်တော့ ဒီအပြောင်းအလဲတွေက အံ့ဖွယ်ဖြစ်ရပ်တစ်ခုလိုပါပဲ။ “ရေကန်ကို ပြန်ပြင်လိုက်တာက ကျေးရွာကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ” လို့ သူကဆိုပါတယ်။ အခုဆိုရင် ရေကပိုကြည်လာပြီး အရင်လို နောက်ကျိမနေတော့ဘူး။ ဒီစီမံချက်က ကျွန်မတို့မိသားစုရဲ့ နေထိုင်မှုအခြေအနေတွေကို အများကြီးတိုးတက်ပြောင်းလဲသွားစေခဲ့ပါပြီ- အခုဆို ရေသုံးရတာ ဘေးကင်းစိတ်ချရတယ်လို့ ခံစားရတယ်။”
အလှူရှင်များထံမှ ရက်ရောလှတဲ့ လှူဒါန်းမှုတွေကြောင့် ယူနီဆက်က ဒေသခံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မဥမ္မာဆွေတို့ မိသားစုအပါအဝင် ကရင်ပြည်နယ်က ရွှေ့ပြောင်းနေထိုင်သူ ၁၃,၀၀၀ နီးပါးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ပေးနိုင်ခဲ့ပါတယ်။ ဒီပံ့ပိုးမှုတွေထဲမှာ သန့်ရှင်းတဲ့ ရေ၊ ကျားမခွဲခြားထားတဲ့အိမ်သာတွေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေအပြင် ငွေသားထောက်ပံ့မှုတွေ ပါဝင်ပါတယ်။