မြန်မာနိုင်ငံ ကရင်ပြည်နယ်ကျေးရွာများတွင် ယူနီဆက်ရေပေးစီမံကိန်းနှင့်အတူ စီးဝင်လာသည့် ငြိမ်းချမ်းရေး
ယူနီဆက်နဲ့ အေဒီအာအေမြန်မာတို့ရဲ့ ကရင်ပြည်နယ်တွင်း ရေပေးစီမံကိန်းဟာ ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးရုံမက လူငယ်လူရွယ်တွေအတွက် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ချင်စိတ်တွေကိုပါ မွေးမြူပေးခဲ့ပါတယ်
- English
- မြန်မာ
မြန်မာနိုင်ငံတွင်း ပဋိပက္ခဒဏ်သင့်နေတဲ့ ကရင်ပြည်နယ်အတွင်းက တောင်တန်းအမြင့်ကြီးတွေပေါ်မှာ ဘူးဘွဲကျေးရွာ တည်ရှိပါတယ်။ လှိုင်းဘွဲ့မြို့ကနေ ၁၄ မိုင်အကွာမှာ ကတ္တရာလမ်းဆုံးတာမို့ ရွာထဲကိုရောက်ဖို့အတွက် ကျန်တဲ့ခရီးလမ်းကို ကျဥ်းမြောင်းတဲ့တောလမ်းကနေတဆင့် ၁၆ မိုင်တိုင်တိုင် တောအုပ်တွေအကြား ဖြတ်သန်းသွားလာရပါတယ်။
ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ အချိန်ကာလရှည်ကြာနေပြီဖြစ်သလို နှစ်ကာလအတန်ကြာ ရေရှားပါးရခြင်းဟာလည်း ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နည်းပါးတဲ့ ရေအရင်းအမြစ်တွေကို မျှယူသုံးစွဲရတာကြောင့် ရှိရင်းစွဲ တင်းမာမှုတွေကို ပိုမိုဆိုးစေရုံသာမက ပတ်ဝန်းကျင်အဖွဲ့အစည်းတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေကိုလည်း ဖြစ်စေပါတယ်။
ကရင်ပြည်နယ်မှာ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ဖြေရှင်းတာက ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဖော်ဆောင်ဖို့ရာ အဓိကကျတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်။
ဘူးဘွဲနဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ယူနီဆက်ဟာ ADRA မြန်မာနဲ့အတူ လက်တွဲပြီး “ငြိမ်းချမ်းရေးအတွက် ပေါင်းကူးတံတားဖြစ်တဲ့ရေရရှိရေး” (Water as Catalyst for Peace (WC4P)) စီမံကိန်းကို အောက်တိုဘာ ၂၀၂၃ မှာ စတင်ခဲ့ပါတယ်။ ရေရှားပါးမှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းကြရင်း ရပ်ရွာအတွင်း တစ်စုတစ်စည်းတည်းဖြစ်လာစေဖို့ ရည်ရွယ်ထားတာပါ။
ဒီစီမံကိန်းရဲ့ အဓိကကျတဲ့နေရာမှာ ပါဝင်တာကတော့ ရပ်ရွာလူငယ်တွေပဲ ဖြစ်ပါတယ်။ စီမံကိန်း အောင်မြင်နိုင်ခြေရှိမရှိ အကဲဖြတ်တဲ့နေရာ၊ အစီအစဉ်ရေးဆွဲတဲ့နေရာ၊ အကောင်အထည်ဖော်ဆောင်တဲ့နေရာ၊ လုပ်ငန်းလည်ပတ်တဲ့နေရာ၊ ထိန်းသိမ်းစီမံတဲ့နေရာ စသဖြင့် ကျရာနေရာမှာ လူငယ်တွေဟာ အဆင့်ဆင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီစီမံကိန်းဟာ စုပေါင်းလုပ်ဆောင်လိုစိတ်ကို တိုးမြှင့်ပေးမှာဖြစ်တဲ့အပြင် ရပ်ရွာအကြား ရေကြောင့်ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို ပြေလည်စေပြီး ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတစ်လှမ်းဖြစ်လာနိုင်မှာပါ။
ဘူးဘွဲကျေးရွာက အသက် ၂၁ နှစ်အရွယ် စောအယ်ရိုးဟာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ မိသားစုပိုင် ကျွဲနွားတွေထိန်းကျောင်းရင်း၊ လယ်ယာလုပ်ငန်းတွေမှာ ဝင်လုပ်ကိုင်ရင်း မိဘတွေနဲ့ မွေးချင်းငါးယောက်ကို ကူညီပေးခဲ့ပါတယ်။ ဒီစီမံကိန်းစတင်တဲ့အချိန်မှာ စောအယ်ရိုးဟာ ကျေးရွာရေကော်မတီရဲ့ စာရင်းကိုင်ဖြစ်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။
ဒီစီမံကိန်းဟာ စောအယ်ရိုးနဲ့ ရပ်ရွာတွင်းက အခြား လူငယ်တွေကို ဦးဆောင်ခြင်း၊ ပူးပေါင်းညှိနှိုင်းခြင်း အတတ်ပညာဆိုင်ရာ သင်တန်းတွေပေးခဲ့ပါတယ်။ အစကတော့ စောအယ်ရိုးအပါအဝင် လူငယ်တော်တော်များများဟာ ဒီသင်တန်းတွေကို တက်ရောက်ဖို့ ဝန်လေးနေခဲ့ပါတယ်။
“ကျွန်တော်တို့တွေ အစကတော့ ဒီသင်တန်းတွေကို ခက်မယ်ထင်တာနဲ့ မတက်ချင်ကြဘူး” လို့ စောအယ်ရိုးက ပြောပါတယ်။
ဒါပေမဲ့ မကြာခင်မှာတော့ သူဟာ ဒီသင်တန်းတွေတက်ရတာကို ပျော်လာပါတယ်။ သင်တန်းရှိနေတဲ့တစ်ရက်မှာ သူ့အမေက မိသားစုအချင်းချင်း ကူပေးနေကျအတိုင်း အိမ်နီးချင်းလယ်တွေမှာ ကောက်ရိတ်ကူပေးဖို့ လာပြောတုန်းက သူ့အနေနဲ့ သင်တန်းကနေ တတ်ထားတဲ့ ညှိနှိုင်းဆွေးနွေးမှုစွမ်းရည်တွေကို အသုံးချဖို့အခွင့်အရေးရလာပါတော့တယ်။
“အရင်ကဆို မိသားစုထဲမှာပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးဖို့လောက်ပဲသိခဲ့တာ” လို့ သူကပြောပါတယ်။ “မိဘတွေနဲ့ ဘယ်လိုမျိုး ပြောဆိုရမယ်မှန်းလည်း မသိခဲ့ဘူး။ အထူးသဖြင့် တစ်ခုခုလုပ်ဖို့ ခွင့်တောင်းတဲ့အချိန်မှာပေါ့နော်။ ဒီသင်တန်းမှာ ကျွန်တော်ဖြစ်ချင်တာ၊ ပြောချင်တာတွေကို တဖက်သား နားဝင်အောင် ဘယ်လိုပြောသင့်လဲဆိုတာမျိုးကို သင်ခဲ့ရတယ်၊ ဥပမာပြောရရင် လယ်သွားရိတ်ရမယ့်နေ့က သင်တန်းရှိတဲ့နေ့ဆိုတော့ အမေ့ကို ဒါကသားရဲ့အလုပ်အသစ်အတွက် လိုအပ်တဲ့သင်တန်းဖြစ်တဲ့အကြောင်း၊ သွားတက်ရင် အကျိုးရှိမှာဖြစ်ကြောင်း သေချာရှင်းပြပြီးတော့ ညီလေးကို ဒီတစ်ခါတော့ လယ်သွားရိတ်ခိုင်းလို့ရလားလို့ တောင်းဆိုတဲ့အချိန်မှာ အမေကလည်း လက်ခံခဲ့ပါတယ်။”
“WC4P စီမံကိန်းကပေးတဲ့ သင်တန်းကတဆင့် ကျွန်တော့်အနေနဲ့ ပြဿနာဖြစ်လာရင် ဘယ်လိုအေးအေးဆေးဆေးဖြေရှင်းရမလဲဆိုတာရယ် ကျွန်တော့်မိဘတွေကို တစ်ခုခု တောင်းဆိုတဲ့အခါ ဘယ်လိုပြောသင့်လဲ ဆိုတာတွေ သိလာရတယ်” လို့ စောအယ်ရိုးက ပြောပါတယ်။
ဒီလိုစီမံကိန်းတွေဟာ စောအယ်ရိုးတို့လို လူငယ်လူရွယ်တွေကို မိမိပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်စေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးလာအောင် ကူညီပေးပါတယ်။ ဒါတင်မကဘဲ စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်တစ်ခုကတော့ ရွာတွေအကြား ပိုစည်းလုံးလာခြင်းဖြင့် ပဋိပက္ခတွေအကြောင်း ပိုမိုနားလည်လာပြီး မျှမျှတတရှိတဲ့ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH) ဝန်ဆောင်မှုတွေ ပေးစွမ်းသွားနိုင်ဖို့ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ရွာ ၆ ရွာမှ လူပေါင်း ၃၀၀၀ ကျော်ကို တိုက်ရိုက်အကျိုးပြုခဲ့ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေအပါအဝင် မိသားစု ဦးရေ ၁၀၀၀၀ ကို ဘုံပိုင်ရေ လွယ်လွယ်ကူကူရယူသုံးစွဲနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ နီးစပ်ရာ ရွာပေါင်း ၂၃ ရွာက ကျန်းမာရေးဌာနတွေနဲ့ မူလတန်းကျောင်းတွေကပါ ဒီအကျိုးကျေးဇူးတွေကို ခံစားခဲ့ရပြီး ဒေသတွင်း ရေရှိမှုကိုလည်း မြှင့်တင်နိုင်ခဲ့ပါတယ်။
ဘူးဘွဲကျေးရွာမှာတွေ့ရတဲ့ ကနဦးလှုပ်ရှားမှုတွေဟာ ကရင်ပြည်နယ်နေ လူထုအတွက် မျှော်လင့်ချက်တွေဖြစ်စေပါတယ်။ ပဋိပက္ခဖြေရှင်းရေးအပြင် ကာလရှည်ကြာပဋိပက္ခသင့် ဒေသတွေ တိုးတက်ရေးအတွက် ဘက်ပေါင်းစုံကနေ ချဉ်းကပ်ဖြေရှင်းဖို့ရာ အရေးကြီးလှကြောင်းကိုလည်း သိသာထင်ရှားစေပါတယ်။
မြန်မာနိုင်ငံအတွက် WASH ယူနီဆက်ဖ်စီမံကိန်းဟာ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ရပ်ရွာတွေနဲ့အတူ လက်တွဲပြီး သန့်ရှင်းတဲ့ရေရရှိစေဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းစေဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းစေဖို့ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေနဲ့ လူငယ်တွေ မျှော်မှန်းထားတဲ့ ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင်တစ်ရပ်အတွက် သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်လာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတို့ကို ရင်ဆိုင်ဖြေရှင်းလျက်ရှိပါတယ်