ပဋိပက္ခဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှ ကလေးသူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေသော စေတနာ့ဝန်ထမ်း
စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီများပေးနေသော စေတနာ့ဝန်ထမ်းတစ်ဦးအကြောင်း

- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ရာသီဥတု အတော်အေးတဲ့ ဖေဖော်ဝါရီလရဲ့ နံနက်ခင်းတစ်ခုမှာ စေတနာ့ဝန်ထမ်း ကိုအောင်၁ဟာ အခြား စေတနာ့ဝန်ထမ်းများနှင့် အတူ ကယားပြည်နယ်၊ ဖရူဆိုမြို့အပြင်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို အကူအညီတွေနဲ့ အထောက်အပံ့ပစ္စည်းတွေ ပေးပို့ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို သွားရောက်ခဲ့ကြပါတယ်။
သွားရတဲ့ စခန်းက အတော်လေး ဝေးလံခေါင်သီတဲ့နေရာမှာရှိပါတယ်။ ရာသီဥတုကောင်းမွန်တဲ့အချိန်မှာတောင် လမ်းမကြီးကနေထွက်ပြီး သုံးနာရီကျော်ကြာ ခြေလျင်လျှောက်ရပါတယ်။ ဒါပေမယ့် ဒီခရီး အန္တရာယ်များရခြင်း အကြောင်းရင်းက ရာသီဥတုနဲ့ ခက်ခဲကြမ်းတမ်းတဲ့လမ်းကြောင်းကြောင့်တင်ပဲ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်လခန့်လောက်က ဒီလမ်းကြောင်းမှာပဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းနှစ်ဦးအပါအဝင် လူ ၃၅ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရလို့ပဲဖြစ်ပါတယ်။၂
ဒီလို အန္တရာယ်များစွာရှိနေသည့်တိုင်အောင် ကိုအောင်က ဝေးလံလှတဲ့စခန်းကို မရောက်ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်ကပဲ ဒီစစ်ဘေးရှောင်စခန်းဟာ လေကြောင်းမှ တိုက်ခိုက်တာခံခဲ့ရပြီး အကူအညီ အလွန်အမင်း လိုအပ်နေတဲ့အကြောင်း သူ သတင်းကြားထားခဲ့လို့ပဲဖြစ်ပါတယ်။
စခန်းကို ရောက်သွားတဲ့အချိန် ဘယ်လိုခံစားရလဲလို့မေးတော့ “ပြောပြဖို့တောင် စကားလုံးတွေမရှိတော့ပါဘူး”လို့ ကိုအောင်က ဆိုပါတယ်။ ဒီစခန်းကို သူ အရင်က တစ်ခေါက်ရောက်ဖူးခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ မမှတ်မိနိုင်တော့လောက်အောင်ပဲ ပြောင်းလဲနေပါပြီ။ စစ်ရှောင်စခန်းရဲ့ မပျက်စီးသေးတဲ့ အစွန်အဖျားနေရာလေးတွေမှာတော့ မိသားစုတွေက ယာယီတဲထိုးပြီး နေနေကြရပါတယ်။ တော်တော်များများကတော့ နောက်ထပ်တိုက်ခိုက်ခံမှာကို ကြောက်လန့်ပြီး ထွက်ခွာသွားကြပါပြီ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညီအစ်မနှစ်ဦး သေဆုံးခဲ့ရပြီး တခြားမိန်းကလေးတစ်ယောက်ကတော့ သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့တာကို ကိုအောင် သိခဲ့ရပါတယ်။ ဒီဖြစ်ရပ်က စခန်းမှာရှိတဲ့ တခြားကလေးတွေအပေါ်မှာလဲ သက်ရောက်မှုတွေရှိတာကိုလည်း သူမြင်ခဲ့ရပါတယ်။ “အရင်တစ်ခေါက်ခရီးတုန်းက ကလေးတွေက အရမ်းတက်ကြွပြီး စူးစမ်းလိုစိတ်ရှိကြတယ်။ စေတနာ့ဝန်ထမ်းတွေဆီ ပြေးလာပြီး မေးခွန်းတွေမေးကြတယ်။ သူတို့ ဘာတွေယူလာလဲမေးကြတယ်။ ပါလာတဲ့ပစ္စည်းတွေကို တူတူကြည့်ကြတယ်။ အခုတော့ သူတို့က မိသားစုတွေနားမှာပဲ တိုးဝှေ့ပူးကပ်နေပြီး ရောက်လာတဲ့ဧည့်သည်တွေကို သံသယစိတ်နှင့် ထိတ်လန့်စွာပဲ ကြည့်နေကြပါတယ်။” ဒါဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာသက်သက်မဟုတ်တော့ပါဘူး။

ဒီလိုကြုံပြီးတဲ့အချိန်ကစပြီး ကိုအောင်က ယူနီဆက်က ပံ့ပိုးပေးထားတဲ့ ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း စိတ်တည်ငြိမ်ရေးနှင့် သက်သာရေးသင်တန်းကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီသင်တန်းက လက်တွေ့ကွင်းဆင်းပြီးတုံ့ပြန်ဆောင်ရွက်ရသူတွေအတွက် စိတ်ဖိစီးမှုရှိနေတဲ့ ကလေးတွေကို ခွဲခြားသိရှိနိုင်စေဖို့နဲ့ ပြင်းထန်တဲ့ ဖိစီးမှုတွေကို လျှော့ချဖို့ စိတ်တည်ငြိမ်စေမယ့်နည်းစနစ်တွေ သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။
ကလေးသူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း (Psychological Frist Aid/ PFA) သင်တန်းက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လက်တွေ့သင်တန်းအစီအစဉ်တစ်ခု လိုအပ်နေရာကနေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒီသင်တန်းအစီအစဉ်ကို မူလက သက်ကြီးအုပ်စုတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို ပံ့ပိုးပေးဖို့အတွက် ယူနီဆက်က နိုင်ငံတွင်းအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ခဲ့ပါတယ်။ စိတ်တည်ငြိမ်မှု ရရှိဖို့ နည်းလမ်းတွေ အသုံးပြုတာနဲ့ပတ်သက်ပြီး မိဘတွေကို လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေပေးဖို့လည်း ပါဝင်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ PFA သင်တန်းတွေမှာ အများအားဖြင့် ထည့်သွင်းလေ့မရှိတဲ့ စိတ်တည်ငြိမ်မှု ရရှိဖို့ နည်းလမ်းတွေကို အဓိကအလေးပေးတာကလည်း မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း အလွန်အမင်း အကန့်အသတ်တွေရှိနေပြီး မကြာခဏဆိုသလို စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေရရှိဖို့ လက်တွေ့ကျကျ လွှဲပို့ပေး (refer) နိုင်တဲ့ ဝန်ဆောင်မှုတွေလည်း ရှိမနေကြပါဘူး။ ကလေးတစ်ဦးကို အထူးပြုဝန်ဆောင်မှုတွေဆီ လွှဲပို့နိုင်ဖို့ ရက်နဲ့ချီပြီး၊ ရက်သတ္တပတ်နဲ့ချီပြီးတောင် ကြာမြင့်တတ်ပါတယ်။ ဒါကြောင့် အကျပ်အတည်းတစ်ခုဖြစ်ပြီးနောက်မှာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချနိုင်အောင် စိတ်တည်ငြိမ်မှု ရရှိဖို့ နည်းလမ်းတွေ သိပ်ကိုလိုအပ်ပါတယ်။

PFA သင်တန်းက မတူညီတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်တာ တွေ့ရတယ်လို့ ကိုအောင်က ပြောပြပါတယ်။
“စခန်းက ကလေးတွေကို ကျွန်တော်သွားကြည့်တဲ့အခါ တချို့က ဧည့်သည်ကိုစူးစမ်းကြတယ်၊ ဝိုင်းပြီး မေးခွန်းတွေ မေးကြတယ်၊ တချို့ကတော့ ထောင့်မှာကပ်ပြီး ပုန်းနေကြတယ်။ တချို့ကလေးတွေဆို လိုအပ်ချက်တွေရှိနေတာ ပိုပြီးသိသာတယ်၊ ဥပမာ ညစ်ပေနေတဲ့၊ စုတ်ပြဲနေတဲ့ အဝတ်အစားတွေ ဝတ်ထားတာမျိုး၊ အကောင်းဆုံး စောင့်ရှောက်မှု မရကြတာမျိုး ဖြစ်မှာပေါ့။ သူတို့မှာ မတူညီတဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေကြတယ်။ ယူနီဆက်ရဲ့ သင်တန်းက ဒါတွေအားလုံးကို ရှာဖွေဖော်ထုတ်ပြီး ကူညီဖြေရှင်းပေးဖို့ လေ့ကျင့်ပေးထားပါတယ်” လို့ သူက ပြောပြပါတယ်။
ဒီသင်တန်းက မတူညီတဲ့ အသက်အရွယ်အုပ်စုက ကလေးတွေအတွက် မတူညီတဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်ဆိုတာ သူနားလည်လာအောင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ "အခုတော့ ကျွန်တော်က ကလေးတွေကို အသက်အရွယ်အလိုက် အုပ်စုတွေခွဲပေးပါတယ်။ မတူညီတဲ့ အုပ်စုတွေအလိုက် ဘယ်လိုမျိုး စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးရမလဲကိုတော့ PFA သင်တန်းကနေ သင်ခဲ့ရပါတယ်။”
ကိုအောင်က 'ပြင်ဆင်၊ ကြည့်၊ နားထောင်၊ ချိတ်ဆက်' ဆိုတဲ့ သင်တန်းရဲ့ ကြွေးကြော်သံကို အသုံးချတဲ့အကြောင်း ပြောပြပါတယ်။
“အခု ကျွန်တော် စခန်းတွေသွားကြည့်ဖို့အတွက် ပိုကောင်းအောင် ပြင်ဆင်ထားတယ်၊ စခန်းကော်မတီနဲ့ ဆက်သွယ်ပြီး သေသေချာချာ ကြိုတင်စီစဉ်တယ်။ ကလေးတွေနဲ့အတူတူ ပျော်ဖို့ကောင်းတဲ့ဂိမ်းတွေ ကစားဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သေချာဝယ်ပြီးမှ သွားဖြစ်တယ်” လို့ သူက ပြောပြပါတယ်။
ကိုအောင်က ကလေးတစ်ယောက်ကိုတော့ ထူးထူးခြားခြား အမှတ်ရနေမိပါတယ်။ “ကျွန်တော် စစ်ရှောင်စခန်းကို စရောက်ရောက်ချင်းပဲ ဒီကလေးမှာ စိတ်ဖိစီးနေတဲ့ လက္ခဏာတွေရှိနေတာ ချက်ချင်းသိလိုက်တယ်။ သူက အဝေးမှာ တစ်ယောက်တည်း ထိုင်နေတယ်။ ကျွန်တော် သူနဲ့စကားပြောဖို့ကြိုးစားတဲ့အခါ တော်တော်လေး ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောတယ်။ ကျွန်တော် သူ့ကို ပုံတစ်ခုခုဆွဲပြဖို့ ပေးလိုက်တဲ့အခါ သူက သေနတ်ကိုင်ထားတဲ့ ယောက်ျားတစ်ယောက်ပုံကို ဆွဲပြတယ်။ အဲဒါသူ့အစ်ကိုလို့ ပြောတယ်။" ကိုအောင်က သူလာတဲ့အခါတိုင်း ဒီကလေးကို တတ်နိုင်သလောက် အချိန်ပေးပြီး အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ “တတိယအကြိမ် လာတဲ့အခါမှာတော့ သူက သူ့မိသားစုနဲ့ စခန်း ပုံကိုဆွဲပြလာခဲ့တယ်။ အခုဆို ကျွန်တော်သွားတဲ့အခါတိုင်း ကျွန်တော့်နောက်ကို လိုက်လာပြီး 'ဒီနေ့ ကျွန်တော်တို့ ဘာလုပ်မှာလဲ' လို့ မေးတတ်နေပြီ။”

PFA သင်တန်းက ကလေးတွေကို အဓိက အာရုံစိုက်တယ်ဆိုပေမယ့် ပြုစုစောင့်ရှောက်သူတွေနဲ့ ဆက်စပ်တဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးပါတယ်။
“မိဘအတော်များများဟာ အရာအားလုံးဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့အိမ်တွေ၊ ရွာတွေမီးလောင်ပျက်စီးသွားတာကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရတယ်။ တခါတရံမှာ သူတို့ရဲ့ ဒုက္ခတွေနဲ့ စိတ်ဒဏ်ရာတွေကို သားသမီးတွေအပေါ် ပေါက်ကွဲတတ်ကြတယ်” လို့ သူက ပြောပြပါတယ်။ ကိုအောင်က ဒီလိုမိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေကို သူ့ဆီလာပြီး သူတို့အခြေအနေအကြောင်း ရင်ဖွင့်ပြောခွင့်ပေးပြီး စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါတယ်။ “ကျွန်တော်က သူတို့ကို အိမ်ဆိုတာ ပြန်တည်ဆောက်လို့ရတယ်၊ သားသမီးဆိုတာ ပြန်တည်ဆောက်လို့မရဘူးလို့ ပြောပြတယ်” လို့ သူကဆိုပါတယ်။ ဖြစ်နိုင်ရင် သူက မိဘတွေကို အခြားလုပ်ဖော်ကိုင်ဖက်တွေဆီ လွှဲပေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးပါတယ်။

ဒီသင်တန်းက ကိုအောင်ရဲ့ ကိုယ်ပိုင်ဘဝအပေါ်မှာလဲ ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။
“ဒီသင်တန်းက ကျွန်တော့် သားသမီးတွေကို သွန်သင်ဆုံးမတဲ့ နည်းစနစ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ ကလေးတွေကို ပိုပြီး အပြုသဘောဆောင်တဲ့ စည်းကမ်းတွေကိုပဲ ပေးဖြစ်ပါတယ်။ တခြားသူတွေကို ကျွန်တော်ကူညီပေးနိုင်ဖို့အတွက် အရင်ဆုံးကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းရဲ့ အရေးပါမှုနဲ့ တန်ဖိုးကိုလည်း ဒီသင်တန်းကနေ သိခွင့်ရခဲ့ပါတယ်။
“အခုဆိုရင် တစ်ပတ်ကို တစ်ကြိမ် ကျွန်တော် တစ်ယောက်တည်း ငါးမျှားထွက်ဖြစ်နေပြီ"လို့ ပြောပြပါတယ်။ ဒီအချိန်က ကျွန်တော် တကယ်တန်ဖိုးထားရတဲ့ ကျွန်တော့် ကိုယ်ပိုင်အချိန်ပါ၊ ဒီအချိန်ရှိတာက ကျွန်တော့်အတွက် အများကြီး ကွာခြားသွားအောင် လုပ်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကဆို ကျွန်တော် ငါးကြီးနှစ်ကောင်တောင် ဖမ်းမိသေးတယ်” လို့ သူက ရယ်မောရင်း ပြောပြပါတယ်။
၁.အတွင်းရေးလျှို့ဝှက်ထားရန်အတွက် ဤဆောင်းပါးပါ အမည်အားလုံးကို ပြောင်းလဲထားပါသည်။၂.https://www.unicef.org/press-releases/grave-violations-childrens-rights-conflict-rise-around-world-warns-unicef