နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ မိသားစုသုံးအိမ်သာသစ်များ အသုံးပြုနိုင်လာတဲ့အတွက် ဝမ်းမြောက်
ယူနီဆက် စီမံချက်က မိသားစုတွေအတွက် သန့်ရှင်းလုံခြုံမှုကို ယူဆောင်ပေးခဲ့
- English
- မြန်မာ
မိသားစုသုံး အိမ်သာသစ်တစ်လုံးက အသက် ၆၂ နှစ်အရွယ် ဒေါ်နော်ဦးနဲ့ မိသားစုဝင်တွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲပေးလိုက်ပါပြီ။ “အခု ကျွန်မတို့အိမ်နားမှာတင် ကိုယ်ပိုင်အိမ်သာတစ်လုံးရှိပြီဆိုတော့ အများကြီး အဆင်ပြေသွားတာပေါ့” လို့ ဒေါ်နော်ဦးက ဆိုပါတယ်။
ဒေါ်နော်ဦးနဲ့အတူ အသက် ၂၅ နှစ်အရွယ် မသန်စွမ်း သားတစ်ဦးအပါအဝင် မိသားစုဝင်ရှစ်ဦးတို့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့က ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူ (IDP) များ နေထိုင်ရာ စခန်းတစ်ခုအတွင်းမှာ နေထိုင်ကြပါတယ်။ ဒီစခန်းက အဆိုပါနယ်မြေအတွင်းမှာ အကြီးဆုံးစခန်းတစ်ခုလည်း ဖြစ်ပါတယ်။
“ကျွန်မတို့ ဒီကိုစစရောက်ချင်းတုန်းက အများသုံးအိမ်သာကိုပဲ သုံးခဲ့ရတယ်။ အိမ်သာကိုရောက်ဖို့ ငါးမိနစ်ကျော်ကျော်လောက်သွားရတယ်။ တစ်ခါတလေ ကိုယ့်အလှည့်ရောက်ဖို့ တန်းစီပြီး စောင့်ရတတ်တယ်” လို့ ဆက်ပြောပြပါတယ်။ “အများသုံးအိမ်သာဆိုတော့ ဘယ်သူမှတာဝန်မယူချင်ကြဘူးလေ။ ဒီတော့ သန့်ရှင်းမှုလည်းမရှိဘူးပေါ့”
ဒေါ်နော်ဦးတို့မိသားစုက ၂၀၁၆ ခုနှစ်မှာ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားမှုကြောင့် လှိုင်းဘွဲ့မြို့က မိမိတို့ရဲ့နေ့အိမ်ကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရသူတွေဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ထောင်ပေါင်းများစွာသော မိသားစုတွေထဲကတစ်ခုဖြစ်ပါတယ်။
သူတို့မိသားစုက ၂၀၁၉ ခုနှစ်မှာတော့ မြိုင်ကြီးငူစခန်းကို ရောက်ရှိခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ UNICEF နဲ့ Adventist Development and Relief Agency (ADRA) Myanmar တို့က အများသုံးအိမ်သာတွေပဲရှိခဲ့တဲ့ ဒီစခန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံချက်သစ်တစ်ခုကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
စခန်းကော်မတီဝင်တစ်ဦးက “မိသားစုတစ်စုချင်းစီအတွက် အိမ်သာသစ်တစ်လုံးစီ ဆောက်ပေးထားပါတယ်။ ဒီအိမ်သာတွေက ပိုကြာကြာသုံးလို့ရသလို လူနည်းနည်းပဲအသုံးပြုရတဲ့အတွက် အများသုံးအိမ်သာတွေထက် ပိုပြီးသန့်ရှင်းတာပေါ့” လို့ ရှင်းပြပါတယ်။
“အိမ်သာအသစ်နဲ့ဆိုတော့ ကျွန်မတို့အတွက် သီးသီးသန့်သန့် လုံလုံခြုံခြုံရှိတာပေါ့” လို့ ဒေါ်နော်ဦးက ဆိုပါတယ်။
UNICEF က ပံ့ပိုးပေးထားတဲ့ WASH စီမံချက်က အခုဆိုရင် ဒေါ်နော်ဦးနဲ့ မိသားစုဝင်တွေအပါအဝင် လူဦးရေ ၁၈၇၇ ယောက်ခန့်ကို အကျိုးကျေးဇူးရနိုင်မယ့် မိသားစုသုံး အိမ်သာ ၂၄၈ လုံးကို ဆောက်လုပ်ပေးထားပြီးဖြစ်ပါတယ်။