U-Reporter အဖြစ် ပါဝင်ရန်

သတင်းစကားပေးပို့ခြင်း

UNICEF Myanmar
UNICEF Myanmar

မြန်မာနိုင်ငံက လူငယ်များအနေဖြင့် ၎င်းတို့၏ဘဝကို ပုံဖော်သည့် ကိစ္စရပ်များအပေါ် မည်သို့ထင်မြင်ပါသလဲ။

U-Report မှတစ်ဆင့် ၎င်းတို့၏ အသံများကို ကြားနေရသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်တည်ထောင်ခဲ့သော U-Report ဆိုသည်မှာ ဆယ်ကျော်သက်များနှင့် လူငယ်များအတွက် ဖန်တီးထားသည့် ယူနီဆက်၏ ဒစ်ဂျစ်တယ် လူမှုအသိုက်အဝန်းတစ်ခုဖြစ်ပါသည်။ ဤပလက်ဖောင်းသည် လူငယ်များအား ၎င်းတို့အတွက် အရေးအကြီးဆုံးသော ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များကို ဖော်ပြရန်၊ စစ်တမ်းကောက်ယူမှုများတွင် ပါဝင်ရန်၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ရယူရန်တို့အပြင် အစီအစဉ်များ၊ မူဝါဒများနှင့် စည်းရုံးအားပေးမှုများကို ပုံဖော်ရာတွင် အထောက်အကူဖြစ်စေမည့် အဓိပ္ပါယ်ရှိသော အပြန်အလှန်ဆွေးနွေးမှုတို့တွင်လည်း ပါဝင်နိုင်စေပါသည်။

U-Report တွင် အားလုံးအလွယ်တကူ အခကြေးငွေပေးစရာမလိုဘဲ ပါဝင်နိုင်ပါသည်။ အပြန်အလှန်အားဖြင့် U-Reporter များသည် အချက်အလက်ပြည့်ပြည့်စုံစုံ သိရှိပြီးမှ ဆုံးဖြတ်ချက်များ ချမှတ်ရန်၊ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာပေးမှု မြှင့်တင်ရန်နှင့် အပြုသဘောဆောင်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လုပ်ပိုင်ခွင့်ရရှိစေသည့် အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကိုလည်း လက်ခံရရှိကြသည်။

၎င်းကို စတင်မိတ်ဆက်ချိန်မှစ၍ ဝေးလံခေါင်ဖျားဒေသများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများနှင့် ရောက်ရှိရန် ခက်ခဲသည့်ဒေသများတွင် နေထိုင်သူများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထောင်နှင့်ချီသော ဆယ်ကျော်သက်များနှင့် လူငယ်များသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အမြင်များကို ဝေမျှရန် U-Report နှင့် ပူးပေါင်းခဲ့ကြသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ U-Reporter စုစုပေါင်း ၁.၂ သန်းသည် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုများတွင် ပါဝင်ခဲ့ကြသည်။

U-Report စစ်တမ်းများသည် မိုင်းအန္တရာယ်ပညာပေးခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ စိတ်ကျန်းမာရေး၊ ပညာရေး၊ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှု၊ ကလေးသူငယ်များအပေါ်အကြမ်းဖက်မှု၊ ဓမ္မတာဆိုင်ရာကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အွန်လိုင်းလုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှု၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ လူငယ်များပါဝင်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများအပါအဝင် ကလေးများနှင့်လူငယ်များအပေါ် သက်ရောက်မှုရှိသော ကိစ္စရပ်အမျိုးမျိုးကို လွှမ်းခြုံမှုရှိသည်။

U-Report မှတစ်ဆင့် စုဆောင်းထားသော သဘောထားအမြင်များသည် ဆုံးဖြတ်ချက်ချမှတ်သူများ၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများကို လူငယ်များ၏ ဦးစားပေးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တပြေးညီဖြစ်သည့် ခိုင်မာသော အချက်အလက်များရရှိအောင် ပံ့ပိုးပေးပါသည်။ ဤတွေ့ရှိချက်များသည် ဆယ်ကျော်သက်များနှင့် လူငယ်များ၏ လိုအပ်ချက်များကို ပိုမိုတုံ့ပြန်နိုင်သည့် မူဝါဒများ၊ အစီအစဉ်များနှင့် ထောက်ခံအားပေးမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အသိပေးရန် ကူညီပေးပါသည်။

U-Report သည် ဒစ်ဂျစ်တယ် စစ်တမ်းကောက်ယူခြင်းထက်ပို၍ အဓိပ္ပာယ်ရှိသော လူငယ်များ ထိတွေ့ဆက်ဆံမှုအတွက် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ကလေးများနေ့တွင် ပြည်ထောင်စုလွှတ်တော်၏ သမိုင်းဝင် "Take Over" (လူငယ်များတာဝန်ယူခြင်း) အစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ U-Reporter ၁၀၀ ဦးပါဝင်ခဲ့ပြီး ကလေးတိုင်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို မည်သို့တည်ဆောက်မည့်အကြောင်း ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ U-Report Myanmar သည် နိုင်ငံပေါင်းနှင့် နယ်မြေပေါင်း ၁၀၀ ကျော်ရှိ လူငယ်သန်းပေါင်းများစွာကို ချိတ်ဆက်ပေးနေသည့် ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ U-Reporter များသည် အတူတကွအားဖြင့် ၎င်းတို့၏ အသံများကို မြှင့်တင်နေပြီး ဆုံးဖြတ်ချက်များအပေါ် ဩဇာလွှမ်းမိုးနိုင်ရန် ဆောင်ရွက်ကာ ၎င်းတို့၏ လူမှုအသိုင်းအဝိုင်းများသာမက အခြားအခြားသော လူမှုအသိုင်းအဝိုင်းများတွင်ပါ အပြုသဘောဆောင်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေလျှက်ရှိပါသည်။