ဦးသန့်အိမ်ရာတွင် နေ့စဉ်ထိတွေ့ခံစားရမည့် ငြိမ်းချမ်းရေး
မြန်မာနိုင်ငံတွင် ကျင်းပသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတည်ဆောက်မှု ရက်သတ္တပတ် လှုပ်ရှားမှုများအတွင်း ကျောင်းသား၊ ကျောင်းသူများက ငြိမ်းချမ်းရေးတည်ဆောက်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် ဦးသန့်၏ အမွေအနှစ်များကို လေ့လာရှာဖွေခဲ့ကြခြင်း
- English
- မြန်မာ
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တတိယမြောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နေအိမ်ဟောင်းသည် ဆွေးနွေးတိုင်ပင်ခြင်းနှင့် အတွေးအမြင် ဖလှယ်ခြင်းတို့ ပြုလုပ်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ဗဟိုပြု ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ အယောက် ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် နေ့စဉ်လူမှုဘဝ၌ ငြိမ်းချမ်းရေးတည်ဆောက်မှု၏ အဓိပ္ပာယ်နှင့် ပိုမိုခိုင်မာ၍ အပြန်အလှန် ချိတ်ဆက်မှုရှိသော လူမှုအသိုက်အဝန်းများ ဖြစ်လာစေရန် လူငယ်များ မည်သို့ပါဝင် ဆောင်ရွက်နိုင်မည်နည်း ဆိုသည်ကို ရှာဖွေဖော်ထုတ်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များ စုစည်းတွေ့ဆုံခဲ့ကြသည်။
ဤအခမ်းအနားအတွက် ယခုထက် ပိုမိုသင့်တော်သည့်နေရာ မရှိနိုင်တော့ပါ။ ဦးသန့်အိမ်ရာသည် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့၏ သမိုင်းတွင် ထူးခြားသော နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ဦးသန့်သည် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တစ်လျှောက်လုံးတွင် စိတ်ရှည်သည်းခံမှု၊ သံတမန်ရေးရာ ကျွမ်းကျင်မှုနှင့် တွေ့ဆုံဆွေးနွေးရေးအပေါ် ခိုင်မာစွာ ကတိကဝတ်ပြုမှုတို့ဖြင့် ကမ္ဘာ့တင်းမာမှုများနှင့် အကျပ်အတည်း ကာလများကို ဖြတ်ကျော်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းကို လမ်းညွှန်ပြသခဲ့သည်။ ယနေ့အချိန်တွင်လည်း သူ၏ အမွေအနှစ်များသည် ကွဲပြားခြားနားမှုများကြားမှ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရန် မျိုးဆက်သစ်လူငယ်များကို ဆက်လက်၍ ခွန်အားပေး လှုံ့ဆော်လျက်ရှိသည်။
ဤအခမ်းအနားသည် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပဋိပက္ခ ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှု အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အစပြုမှုတစ်ခုဖြစ်သည့် ပထမဆုံးသော “ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်မှု ရက်သတ္တပတ်” (United Nations Peacebuilding Week) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများက ငြိမ်းချမ်းရေး၏ အရေးပါမှုနှင့် အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်နေကြချိန်တွင် မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ငြိမ်းချမ်းရေးဆိုသည်မှာ ညှိနှိုင်းဆွေးနွေးမှုများဖြင့်သာ စတင်သည်မဟုတ်ဘဲ ကြင်နာမှု၊ လေးစားမှု၊ စာနာထောက်ထားမှုနှင့် အားလုံးပါဝင်နိုင်မှုတို့အပေါ် အခြေခံသည့် ရိုးရှင်းသော လုပ်ဆောင်ချက်များမှတစ်ဆင့် စတင်ခြင်းဖြစ်ကြောင်း စဉ်းစားတွေးခေါ်နိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများသည် ဦးသန့်အိမ်ရာအတွင်းသို့ လိုက်လံကြည့်ရှုလေ့လာခြင်း၊ မှတ်တမ်းတင်ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ပညာပေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းတို့မှတစ်ဆင့် ဦးသန့်၏ ဘဝဖြတ်သန်းမှု၊ တန်ဖိုးထားမှုများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သူ၏ ပေးဆပ်ဆောင်ရွက်မှုများကို လေ့လာခွင့်ရရှိခဲ့ကြသည်။
ထိုနေ့၏ ထူးခြားသောအစီအစဉ်တစ်ခုမှာ “ကုလသမဂ္ဂ ငြိမ်းချမ်းရေး ပတ်စ်ပို့” (UN Peace Passport) လှုပ်ရှားမှု ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကိုယ်ပိုင် ပတ်စ်ပို့စာအုပ်ငယ်များကို လက်ခံရရှိခဲ့ပြီး၊ လှုပ်ရှားမှုများတွင် ပါဝင်ရင်း မတူညီသော ကုလသမဂ္ဂ ပြခန်းအသီးသီးမှ တံဆိပ်တုံးများနှင့် စတစ်ကာများကို စုဆောင်းခဲ့ကြသည်။ ဤငြိမ်းချမ်းရေးပတ်စ်ပို့သည် ပျော်ရွှင်စရာ သင်ယူမှုအထောက်အကူပြု ကိရိယာတစ်ခု ဖြစ်ရုံသာမက၊ စူးစမ်းလိုစိတ်၊ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုနှင့် ရှာဖွေလေ့လာမှုတို့ကိုလည်း မြှင့်တင်ပေးခဲ့ပြီး ထိုနေ့၏ အဓိပ္ပာယ်ရှိသော အမှတ်တရလက်ဆောင်တစ်ခုလည်း ဖြစ်ခဲ့သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများသည် ပုံပြောခြင်းအစီအစဉ်များတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့အပြင် ဤအခမ်းအနားတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းကြောင်း၏ အရေးကြီးသော အခိုက်အတန့်များကို ဖော်ပြထားသည့် ကုလသမဂ္ဂနှင့် ဦးသန့်အထိမ်းအမှတ် တံဆိပ်ခေါင်းများကိုလည်း ပြသခဲ့သည်။ ဦးသန့်၏ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျှဝေရန် ဦးသန့်အိမ်ရာ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုသောအားဖြင့် ယာယီဌာနေညှိနှိုင်းရေးမှူး (Acting Resident Coordinator) က အထိမ်းအမှတ်တံဆိပ်ခေါင်းများ စုစည်းမှုကို ဦးသန့်အိမ်ရာသို့ လှူဒါန်းခဲ့သည်။ အဖွင့်အမှာစကား ပြောကြားရာတွင် ယာယီဌာနေညှိနှိုင်းရေးမှူးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငြိမ်းချမ်းရေးကို ဒြပ်မဲ့အယူအဆတစ်ခုအဖြစ် မရှုမြင်ဘဲ မိမိတို့၏ နားထောင်ပေးမှု၊ နားလည်ပေးမှုနှင့် လူသားအချင်းချင်းကြားနှင့် ကွဲပြားခြားနားမှုများကြားတွင် ပေါင်းကူးတံတားများ တည်ဆောက်ခြင်းကဲ့သို့သော “နေ့စဉ် ရွေးချယ်မှုများမှတစ်ဆင့် တည်ဆောက်ရသောအရာ” အဖြစ် စဉ်းစားတွေးခေါ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆရာ၊ ဆရာမများနှင့် တက်ရောက်လာသူများ၏ တုံ့ပြန်မှုများမှာ များစွာအပြုသဘောဆောင်ခဲ့ပြီး၊ အခမ်းအနား၏ စိတ်ဝင်စားဖွယ်ကောင်းမှုနှင့် အပြန်အလှန် တုံ့ပြန်ဆောင်ရွက်နိုင်မှု သဘာဝတို့ကို အလေးပေး ပြောကြားခဲ့ကြသည်။ ယခုအခမ်းအနားသည် လူငယ်များအား သင်ယူမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် လူမှုအသိုက်အဝန်းတွင် ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ခေါင်းစဉ်များအောက်၌ စည်းရုံးလှုံ့ဆော်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်း အသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှု၏ တန်ဖိုးကိုလည်း မီးမောင်းထိုးပြနိုင်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့သင်ယူခဲ့ရသည်များကို ပြန်လည်သုံးသပ်ကြစဉ်၊ ဦးသန့်၏ အမွေအနှစ်ကို အခြေခံထားသည့် လေးနက်သော မေးခွန်းတစ်ခုဖြစ်သည့် “မောင်တို့၊ မယ်တို့အနေနဲ့ ဘယ်လိုမျိုး ပေါင်းကူးတံတားကို တည်ဆောက်နိုင်မလဲ။” ဆိုသည့် မေးခွန်းကို စဉ်းစားတွေးခေါ်ရန် တိုက်တွန်းခြင်းခံခဲ့ရသည်။ ဤမေးခွန်းသည် ပိုမိုငြိမ်းချမ်းပြီး စည်းလုံးညီညွတ်သော အနာဂတ်ကို ဖန်တီးရာတွင် လူတိုင်း၌ တာဝန်ရှိသည်ကို သတိပေးနှိုးဆော်ချက်တစ်ခု ဖြစ်သည်။
ဤအခမ်းအနားကို ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံး (UNRCO)၊ ယူနီဆက် (UNICEF)၊ ယူအန်အက်ဖ်ပီအေ (UNFPA)၊ ယူနက်စကို (UNESCO)၊ ကုလသမဂ္ဂ ပြန်ကြားရေးဌာန (UNIC) နှင့် ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းအဖွဲ့ (UN Volunteers) တို့မှ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် ပါဝင်တက်ရောက်ပြီး ဤပွဲကို အဓိပ္ပာယ်ရှိ၍ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံတစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဦးသန့်အိမ်ရာတို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။