ဗုံးကြဲတိုက်ခိုက်နေချိန်အတွင်း မိမိကလေးကို ဘယ်လိုပံ့ပိုးနိုင်မလဲ
ဘေးအန္တရာယ်ကင်းဖို့နဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့အတွက် အကြံပြုချက်များ
- English
- မြန်မာ
ကမ္ဘာအရပ်ရပ်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းက ကမ္ဘာ့ဒေသများစွာက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေပါတယ်။ ပဋိပက္ခကြောင့် ထိခိုက်ခံစားကြရတဲ့ ကလေးငယ်တွေအတွက် မိသားစု၊ သူငယ်ချင်းတွေနဲ့ ခွဲခွာရတာ၊ နေအိမ်၊ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးတာတွေအပြင် ပိုပြီးဆိုးရွားတာကတော့ ချစ်ရတဲ့သူတွေကို ဆုံးရှုံးရတာတွေကြောင့် ၀မ်းနည်းကြောက်ရွံ့ပြီး မရေမရာဖြစ်ရတဲ့အချိန်ပဲ ဖြစ်ပါတယ်။
ဘေးလွတ်ရာရွှေ့ပြောင်းရခြင်းနဲ့ ဥဩဆွဲသံတွေဟာလည်း ကလေးတွေရဲ့ဘဝကို ကြီးမားတဲ့ အနှောက်အယှက်တွေပေးနေပါတယ်။ ခဏတာပဲဖြစ်ဖြစ်၊ ရေရှည်ပဲဖြစ်ဖြစ် စိတ်ဒဏ်ရာတွေဟာ ကလေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိမှာပါ။ အရွယ်ငယ်လွန်းတဲ့ကလေးတွေက ဘာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းရတာလဲဆိုတာကို နားမလည်နိုင်လောက်ပါဘူး။ ဒါပေမယ့် အသက်အရွယ် ပိုကြီးတဲ့ကလေးတွေကတော့ အရေးပေါ်အခြေအနေတွေမှာ ပြန်ခုခံခြင်း၊ ထွက်ပြေးခြင်း၊ သို့မဟုတ် ကြက်သေသေခြင်း (fight, flight or freeze) အစရှိတဲ့ တုံ့ပြန်မှုတွေကို ကြုံတွေ့တတ်ရပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ မိဘတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကိုစုစည်းထားပြီး တတ်နိုင်သမျှ အပြုသဘောဆောင်ပြီး ရှုမြင်ပေးတတ်ဖို့ လိုအပ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း စောင့်ရှောက်သူတွေ သတိထားရမယ့် အရေးကြီးတဲ့ အကြံပြုချက်တချို့ကို ဖော်ပြပေးထားပါတယ်
- ကလေးတွေဟာ လူကြီးတွေရဲ့ ခန္ဓာကိုယ်အမူအရာကိုကြည့်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို သိနိုင်ပါတယ်။ မိမိအနေနဲ့ အမြဲတမ်း ‘ကြံ့ခိုင် သန်မာ’နေဖို့မလိုပါဘူး။ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးလုပ်ထားပြီးပြီပဲ။ ကိုယ့်ကိုကိုယ် စောင့်ရှောက်ပါ၊ ကိုယ့်ကိုကိုယ် စာနာပြီး အကောင်းမြင်တဲ့ စိတ်ခံစားချက်တွေကိုပြပါ။
- ကလေး ဆန္ဒရှိရင် ပွေ့ဖက် ထွေးပိုက်ပေးထားပါ။
- ကလေး က ရင်းနီး ပြီးနားလည် လွယ်တဲ့ သီချင်းတွေကို အတူတူဆိုပါ။ ဒါက လုံခြုံတဲ့ခံစားချက်ကို ရစေပါတယ်။
- မိတ်ဆွေတွေ မိသားစုတွေကြားမှာ ရန်ဖြစ်တာ၊ စကားများ တာတွေကို ရှောင်ပါ။
- ကလေးက သူ့ရဲ့စိတ်ခံစား ချက်ကို မည်သည့်ပုံစံမျိုးနဲ့မဆို ပြသပါစေ လက်ခံပေးပါ။
- မိမိအနေနဲ့ တခြားသူတွေဆီက ပံ့ပိုးမှုပိုရလေ မိမိကလေးတွေကို ပိုပြီး စောင့်ရှောက်နိုင်လေဖြစ်ပါတယ်။
- မိမိကလေးနဲ့အတူတူ ဆုတောင်းပါ၊ ဘုရားရှိခိုးပါ။
- ကလေးတွေစိတ်ထဲမှာ ဒေါသတွေ၊ လက်စားချေဖို့တွေ ဖြစ်လာမှာကို အားမပေးပါနဲ့။ ဒါက သူတို့ကို ပိုပြီး စိုးရိမ်ပူပန်တာတွေ ဖြစ်စေပါလိမ့်မယ်။
- ဆယ်ကျော်သက်လူငယ်တွေဆိုရင် လူကြီးတွေလိုမျိုး ဆက်ဆံပေးပါ (အမှန်အတိုင်းပြောပြမယ်၊ ကိုယ့်အတွေးအမြင်ကို သူတို့နဲ့ မျှဝေမယ်၊ တာဝန်ပေးမယ်၊ စသဖြင့်)၊ သူတို့အကူအညီတောင်းခံလာရင်လည်း ပံ့ပိုးပေးပါ။
- ကလေးတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင် ကြိုးစားပါ (အစားအစာ၊ သောက်စရာ၊ အဝတ်အစား၊ အနှီး၊ အီအီးပါတာ စသဖြင့်)။
- နေ့စဉ် လုပ်နေကျပုံစံတစ်ခု တည်ဆောက်ကြည့်ပါ။ ဒီလိုလုပ်ခြင်းဖြင့် တည်ငြိမ်မှုကို ခံစားစေရပြီး တစ်ချို့အရာတွေကို ကိုယ့်မှာ ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ စိတ်ချစေတဲ့ ခံစားချက်ကို ရစေပါတယ်။
- အပြင်မှာ ဖြစ်ဖြစ်၊ ရုပ်သံ၊ ရေဒီယို ဒါမှမဟုတ် ဖုန်းကနေ တဆင့်ဖြစ်ဖြစ် ကလေးများအတွက် မသင့်တော်တဲ့ ကြမ်းတမ်းတဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ မထိတွေ့ပါစေနဲ့။
- ကလေးကို တချို့သောခံစားချက်တွေဆီ ဦးတည်ပေးခြင်းကို ရှောင်ပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာ တချို့က တည်ငြိမ် တိတ်ဆိတ် ပြီးန ရှိနေနိုင်ပေမယ့် တချို့တွေကတော့ ဒေါသထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို အတည်ပြုပြီး လက်ခံပေးပါ။
အရေးအကြီးဆုံးက ဘေးအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို မမေ့ဖို့ပါပဲ
- အနီးအနားမှာ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားနေရင် ကလေးကို သူ့ကိုယ်သူ ကာကွယ်ဖို့ ဘယ်လိုကာဗာယူရမလဲဆိုတာ ပြထားပါ - မှောက်ထားပါ၊ နားကိုအုပ်ထားပြီး ပါးစပ်ကိုအနည်းငယ် ဖွင့်ထားပါ။
- ကလေးကို ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ မထိတွေ့အောင် ဘာမှန်းမသိတဲ့ ပစ္စည်းတွေ၊ အပျက်အစီးတွေကို မထိ မကိုင်မိဖို့ သတိပေးပါ။သင့်ကလေးနဲ့အတူ လေ့ကျင့်ပါ - ဗုံးကြဲတိုက်ခိုက်တဲ့အခါ ငါတို့ဘာလုပ်ကြမလဲ။ ပြီးရင် ငါတို့ဘာလုပ်မလဲ။ ခိုစရာနေရာတစ်ခု ရနိုင်ပါက ခိုစရာနေရာသို့ ပြေးပုံကို လေ့ကျင့်ပေးပါ။ ဒီလိုမျိုး လုပ်ရိုးလုပ်စဉ်တစ်ခုအနေနဲ့ ပြုလုပ်ခြင်းက စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပြီး ကလေးတွေအတွက် တစ်ချို့အရာတွေကို သူတို့ ထိန်းချုပ်နိုင်တယ်လို့ စိတ်ချစေတဲ့ ခံစားချက်ကို ရစေပါတယ်။
- ဗုံးခိုရမယ့်နေရာတစ်ခု ဒါမှမဟုတ် မြေအောက်ခန်းတစ်ခုကို ရွှေ့ပြောင်းတဲ့အခါ မိမိနဲ့အတူ ယူသွားနိုင်ဖို့ အခြေခံအသုံးအဆောင် ပစ္စည်းတွေပါတဲ့ ‘အရေးပေါ် အိတ်’ တစ်ခု ဆောင်ထားပါ။ လက်ထဲမှာ ကိုင်စရာမလိုအောင် ကျောပိုးအိတ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်အိတ်ကိုသယ်ပြီး ပြေးနိုင်ဖို့ကို မှတ်ထားပါ။
အရေးပေါ် ပြေးဖို့အိတ်ထဲမှာ ဘာတွေထည့်ရမလဲ
- မိသားစုဝင်အားလုံးအတွက် ကြာရှည်ခံ စားစရာ သုံးရက်စာနဲ့ ရေထည့်ပါ။
- အဝတ်အစားနဲ့ တစ်ရှူးအစို၊ လက်သန့်ဆေးတို့လို တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေကို တစ်ပတ်စာထည့်ပါ။
- ဆရာဝန်ညွှန်းထားတဲ့ ဆေးတွေနဲ့ ဗီတာမင်တွေ ထည့်ပါ။ ထိခိုက်ဒဏ်ရာရရင် ကုဖို့ ရှေးဦးသူနာပြုပစ္စည်းတွေကို မမေ့ပါနဲ့။
- ကလေးငယ်လေးတွေအတွက် လိုအပ်မယ့်ပစ္စည်းတွေကို စုထားပါ၊ နို့မှုန့်၊ နို့၊ နို့ဘူး၊ ကလေးအစာ၊ အနှီးနဲ့ တစ်ရှူးအစိုတွေလို ကလေးငယ်သုံးပစ္စည်းတွေ ရနိုင်ဖို့ ခဲယဉ်းနိုင်တဲ့အတွက် လိုအပ်မယ့်ပစ္စည်းတွေကို ထုပ်ထားပါ။
- မှတ်ပုံတင်ကတ်၊ အရေးကြီးစာရွက်စာတမ်းတွေနဲ့ ကတ်တွေယူလာပါ။ ဥပဒေရေးရာ စာရွက်စာတမ်းတွေနဲ့ ငွေကြေးမှတ်တမ်းတွေကိုလည်း ယူလာလို့ရပါတယ်။
- ဓာတ်ခဲထည့်ထားတဲ့ ဓာတ်မီး၊ ဖုန်းနဲ့ အားသွင်းကြိုးထည့်ထားပါ၊ ဒေသတစ်ဝိုက်မှာ ဓာတ်အားပြတ်တောက်သွားပြီး ATM စက်မရနိုင်တဲ့အခါသုံးဖို့ လိုလိုမယ်မယ် ငွေသားအနည်းငယ် ထည့်ထားပါ။
- မိမိရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မမေ့ပါနဲ့။ မိမိရဲ့ တိရစ္ဆာန်လေးတွေ အတွက် စားစရာ၊ ရေ၊ ဆေးဝါး၊ လှောင်အိမ် (သို့) အထိန်းကြိုးနဲ့ အညစ်အကြေးစွန့်ဖို့ခွက် အစရှိတာတွေကို ထည့်ထားပါ။
- အချိန်ရှိပါက အဖိုးတန်ပစ္စည်းတွေ၊ တခြားပြန်အစားထိုးလို့ မရနိုင်တဲ့ပစ္စည်းတွေ၊ လပ်တော့ ကွန်ပျူတာ စတာတွေကို ထည့်ပါ။ အကောင်းဆုံးကတော့ အရေးကြီးတဲ့ ဒေတာတွေကို လုံခြုံတဲ့ memory stick ဖြစ်ဖြစ် အင်တာနက်မှာဖြစ်ဖြစ် ကြိုပြီးထည့်ထားတာ အကောင်းဆုံးပါ။ ဒါမှသာ ဒါတွေကို အလျင်စလို လုပ်ဖို့မလိုတော့မှာ ဖြစ်ပါတယ်။
- အချိန်ရှိမယ်ဆိုရင် ကစားစရာ အသေးလေးတွေ၊ စာအုပ်၊ ခဲတံနဲ့ စာရွက်၊ တခြား ကလေးတွေအတွက် အထောက်အကူဖြစ်မယ့် ပစ္စည်းအသေးလေးတွေလည်း ယူလာပါ။
စိတ်ဖိစီးမှု လျှော့ချဖို့ အသက်ရှူလေ့ကျင့်ခန်းနဲ့ အပြုသဘောဆောင်တဲ့ စိတ်ကူးလေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးထားပါတယ်
အသက်ရှူလေ့ကျင့်ခန်းများ -
- ပန်းများရဲ့ ရနံ့ခံခြင်း- ကလေးကို ပန်းတစ်ပွင့်ရဲ့အနံ့ကို မွှေးကြည့်နေတယ်လို့ စိတ်ကူးခိုင်းပြီး နှာခေါင်းနဲ့ ပါးစပ်ကတစ်ဆင့် အသက်ကို ပြင်းပြင်းရှူခိုင်းပါ။ သူတို့အတွေးထဲမှာလည်း ပန်းတွေကို စိတ်ကူးကြည့်နိုင်ပါတယ်။
- ယုန်လေး- ပန်းခြံထဲက ယုန်ငယ်လေးတစ်ကောင်လိုပဲ ကလေးကို နှာခေါင်းကနေ မြန်မြန် သုံးကြိမ် ရှူသွင်းခိုင်းပြီး ပါးစပ်ကတစ်ဆင့် ခပ်ရှည်ရှည် အသက်ရှူထုတ်ခိုင်းပါ။
- ဖိစီးမှုပျောက်စေတဲ့ ဘောလုံး (Stress ball) - မိမိရဲ့ စိတ်ဖိစီးတွေကို ပြေပျောက်စေတဲ့ ဘောလုံးတစ်လုံးကို အဝတ်စလေးတွေ သွပ်ပြီးဖြစ်ဖြစ်၊ ပလတ်စတစ်အိတ်လေးတွေနဲ့ဖြစ်ဖြစ်၊ ဆန် ထည့်ထားတဲ့ ဘောလုံးလေးတွေနဲ့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ ကြွက်သားတင်းမာတာတွေ လျော့စေဖို့ ဘောလုံးကို ညှစ်ပြီး ဆော့ကစားခိုင်းနိုင်ပါတယ်။
အပြုသဘောဆောင်တဲ့ စိတ်ကူးလေ့ကျင့်ခန်းများ
- ဘယ်နေရာလေးပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုကို အတူတူ တွေးကြည့်ပါ။ ကလေးကို အဲဒီနေရာမှာ သူတို့ဘာတွေ မြင်ရတယ်၊ ခံစားရတယ်ဆိုတာကို ပြောပြခိုင်းပါ။
- သင့်ကလေးကို အတိတ်က ကောင်းမွန်တဲ့အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအကြောင်း အမြဲပြောပြပေးနေပါ။