ပဋိပက္ခနဲ့စစ်ပွဲအကြောင်း မိမိတို့ ကလေးတွေကို ဘယ်လိုပြောပြမလဲ
မိမိကလေးကို ပံ့ပိုးပေးဖို့နဲ့ ဂရုစိုက်ပေးဖို့ အကြံပြုချက် ၈ ခု
- English
- မြန်မာ
ပဋိပက္ခတွေ၊ စစ်ပွဲတွေကို သတင်းတွေမှာဖတ်ရတဲ့ အခါ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း ၊ ဒေါသထွက်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း အစရှိတဲ့ ခံစားချက်တွေကို ခံစားရနိုင်ပါတယ်။
သားသမီးတွေဟာ ဘေးကင်းလုံခြုံတဲ့ စိတ်ခံစားချက်ကိုရဖို့ မိဘတွေရဲ့ အမူအကျင့်တွေကို အမြဲ အတုခိုးလေ့ရှိပါတယ်။
မိမိရဲ့ကလေးကို စကားပြောဖို့ ဘယ်လိုချဉ်းကပ်ရမလဲ၊ ကလေးတွေကို ပံ့ပိုးဖို့၊ စိတ်သက်သာရာရစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အကြံပြုချက်တချို့ကို ဖော်ပြပေးထားပါတယ်။
၁။ သူတို့ဘာတွေသိထားလဲ၊ ဘယ်လိုခံစားနေရလဲဆိုတာ သိအောင်လုပ်ပါ
ကလေးအတွက် လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ စကားပြောနိုင်မယ့် အချိန်၊ နေရာတစ်ခုကို ရွေးပါ၊ ဥပမာဆိုရင် မိသားစုထမင်းစားချိန်လိုမျိုးပေါ့။ ဒါပေမယ့် အိပ်ရာဝင်ခါနီးအချိန်မှာတော့ ဒီအကြောင်းအရာကို မပြောပါနဲ့။
ကလေးကို သူတို့ဘာသိထားလဲ၊ ဘယ်လိုခံစားနေရလဲဆိုတာ စမေးကြည့်တာ ကောင်းပါတယ်။ တချို့ကလေးတွေက ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သိပ်မသိတာမျိုး၊ ဒီအကြောင်းကိုပြောဖို့ စိတ်မဝင်စားတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေကတော့ အသံတိတ် ပူပန်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပိုငယ်တဲ့ကလေးတွေနဲ့ဆိုရင်တော့ အတူတူ ပုံဆွဲရင်း၊ ပုံပြင်ပြောရင်းဖြစ်ဖြစ်၊ တခြား လှုပ်ရှားမှုလေးတွေ လုပ်ရင်းနဲ့ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။
ကလေးတွေဟာ သတင်းတွေကို နည်းမျိုးစုံနဲ့ ရှာဖွေတွေ့ရှိနိုင်တာကြောင့် သူတို့ ဘာတွေမြင်နေတယ်၊ ကြားနေတယ်ဆိုတာကို သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါက သူတို့ကို စိတ်မပူအောင် နှစ်သိမ့်ဖို့နဲ့ အွန်လိုင်းတွေ၊ တီဗီတွေ၊ ကျောင်းနဲ့ သူငယ်ချင်းတွေဆီကတစ်ဆင့် ကြားရနိုင်တဲ့ မမှန်ကန်တဲ့ အချက်အလက်တွေကို ပြုပြင်ပေးနိုင်မယ့် အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။
စိတ်မကောင်းစရာ ပုံတွေ၊ ခေါင်းကြီးပိုင်းတွေကို မပြတ်မြင်တွေ့နေရတာက ပဋိပက္ခတွေက ကိုယ့်ပတ်ပတ်လည်မှာ ဝိုင်းနေသလို ခံစားရစေပါတယ်။ ပိုငယ်တဲ့ကလေးတွေက စခရင်မ်ပေါ်က ပုံရိပ်တွေနဲ့ သူတို့ရဲ့ လက်တွေ့ဘဝကြား မခွဲခြားတတ်သေးဘဲ ပဋိပက္ခက အဝေးကြီးမှာဖြစ်နေရင်တောင် သူတို့ချက်ချင်း အန္တရာယ်ကျတော့မယ်လို့ ယုံကြည်နေနိုင်ပါတယ်။ ပိုကြီးတဲ့ကလေးတွေက လူမှုမီဒီယာပေါ်က စိုးရိမ်စရာသတင်းတွေကို မြင်ပြီး အခြေအနေတွေ ပိုဆိုးလာမှာကို ကြောက်ရွံ့နေနိုင်ပါတယ်။
သူတို့ရဲ့ စိုးရိမ်မှုတွေကို လျစ်လျူရှုတာ သို့မဟုတ် အရေးမကြီးဘူးလို့ သဘောထားတာ မလုပ်သင့်ပါဘူး။ မိမိအတွက် အစွန်းရောက်နေတယ်လို့ ထင်ရနိုင်တဲ့ မေးခွန်းမျိုး ဥပမာ "သားတို့အားလုံး သေရတော့မှာလား" လို မေးခွန်းမျိုး မေးလာရင်တောင်၊ အဲဒီလို မဖြစ်နိုင်ကြောင်း အရင်ဆုံး စိတ်သက်သာရာ ရအောင် ပြောပြပါ။ ဒါ့အပြင် သူတို့ ဘာတွေ ကြားထားလဲ၊ ဘာကြောင့် အဲဒီလို ဖြစ်မှာကို စိုးရိမ်နေတာလဲဆိုတာကိုလည်း သိအောင် ကြိုးစားပါ။ ဒီစိုးရိမ်မှုက ဘယ်ကလာလဲဆိုတာ နားလည်နိုင်ရင် ကလေတွေအတွက် ပိုပြီးစိတ်အေးလာအောင် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
သူတို့ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီး သူတို့ခံစားနေရတဲ့ အရာတွေဟာ သဘာဝကျတဲ့ ခံစားချက်တွေဖြစ်ကြောင်း ပြောပြပါ။ သူတို့ပြောတာကို အာရုံစိုက်နားထောင်ပေးခြင်းဖြင့် သင်ဂရုတစိုက်နားထောင်နေကြောင်း ပြသပါ။ ပြီးတော့ သူတို့အနေနဲ့ သင့်ကိုဖြစ်ဖြစ်၊ သူတို့ယုံကြည်စိတ်ချရတဲ့ အခြားအရွယ်ရောက်ပြီးသူတစ်ယောက်ကိုဖြစ်ဖြစ် အချိန်မရွေး ပြောပြနိုင်တယ်ဆိုတာ သတိပေးပါ။
၂ ။ တည်ငြိမ်စွာနဲ့ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ပြောပြပါ
လောကကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကလေးတွေသိခွင့်ရှိပါတယ်၊ ဒါပေမဲ့ သူတို့တွေ စိတ်ဖိစီးမှုမဖြစ်အောင်ထားဖို့လည်း လူကြီးတွေမှာ တာဝန်ရှိပါတယ်။ မိမိကလေးအကြောင်း မိမိကအသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်အလိုက် လိုက်ဖက်တဲ့အသုံးအနှုန်းတွေကို သုံးပါ၊ သူတို့ရဲ့ တုံ့ပြန်ပုံတွေကို ကြည့်ပါ။ ပြီးတော့ သူတို့ရဲ့ စိုးရိမ်မှုအခြေအနေကို သတိရှိပါ။
မိဘတစ်ယောက်၊ လူကြီးတစ်ယောက်အနေနဲ့လည်း လက်ရှိဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းတာ၊ စိုးရိမ်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကလေးတွေက လူကြီးတွေဆီကနေ စိတ်ခံစားချက် အရိပ်အမြွက်တွေကို လက်ခံယူတတ်ကြတာကို သိထားပါ၊ ဒါမှ ကလေးတွေကို အကြောက်တရားတွေ အလွန်အကျွံ မမျှဝေမိမှာ ဖြစ်ပါတယ်။ စကားကို တည်တည်ငြိမ်ငြိမ် ပြောပါ၊ မျက်နှာအမူအရာလို ခန္ဓာကိုယ် အမူအရာတွေကို သတိထားဖို့လည်းလိုပါတယ်။
အသက်အရွယ်အလိုက် သင့်တော်တဲ့အသုံးအနှုန်းကို သုံးပါ၊ သူတို့ရဲ့ တုံ့ပြန်ပုံတွေကို ကြည့်ပါ။ ပြီးတော့ သူတို့ရဲ့ စိုးရိမ်မှုအခြေအနေကို သတိရှိပါ။
သင့်ကလေးတွေကို အန္တရာယ်ကင်းကြောင်း၊ ဘေးကင်းလုံခြုံကြောင်း တတ်နိုင်သလောက် အာမခံချက်ပေးပါ။ ပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ ကမ္ဘာတစ်ဝန်းကလူအများကြီးက ကြိုးစားနေကြတဲ့အကြောင်း သတိပေးပြောပြပါ။
မေးခွန်းတိုင်းရဲ့ အဖြေကို မသိတာ ဖြစ်နိုင်ပါတယ်။ အဲဒီအကြောင်း သေချာသိအောင် လုပ်လိုက်ဦးမယ်လို့ ပြောလို့ရသလို၊ အသက်ကြီးတဲ့ ကလေးတွေဆိုရင် အဖြေကို အတူတကွ ရှာဖွေဖို့ အခွင့်အရေးတစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းအဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုက်တွေ၊ ယူနီဆက်နဲ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုပါ။ အင်တာနက်ပေါ်မှာ အချက်အလက်တချို့က မှန်ကန်မှု မရှိကြောင်းနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို ရှာဖွေဖို့ အရေးကြီးကြောင်း ရှင်းပြပါ။
၃။ ခွဲခြားဆက်ဆံမှုအစား မေတ္တာကို ဖြန့်ဝေပါ
ပဋိပက္ခတွေက လူတွေ သို့မဟုတ် နိုင်ငံတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖြစ်လေ့ရှိပါတယ်။ သင့်ကလေးတွေနဲ့ ပြောဆိုတဲ့အခါ "ဆိုးတဲ့လူတွေ" သို့မဟုတ် "မကောင်းတဲ့သူတွေ" လို့ အမည်တပ်ပြောဆိုတာကို ရှောင်ကြဉ်ပါ။ ဒီအစား သူတို့ရဲ့အိမ်တွေကနေ ထွက်ပြေးခဲ့ရတဲ့ မိသားစုတွေအပေါ် ကရုဏာထားတတ်အောင် အခွင့်အရေးတစ်ခုအဖြစ် အသုံးချပါ။
ပဋိပက္ခက ဝေးလံတဲ့နိုင်ငံမှာ ဖြစ်နေပေမယ့် သင့်အနီးအနားမှာလည်း ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ကလေးတွေ နှောင့်ယှက်ခံနေရခြင်း သို့မဟုတ် နှောင့်ယှက်မှုတွေမှာ ပါဝင်နေခြင်း ရှိမရှိ စစ်ဆေးပါ။ သူတို့ကို နာမည်ခေါ်ခံရတာ သို့မဟုတ် ကျောင်းမှာ နှောင့်ယှက်ခံရတာတွေ ရှိခဲ့ရင် သင့်ကို သို့မဟုတ် သူတို့ယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးကို ပြောပြဖို့ တိုက်တွန်းပါ။လူတိုင်းဟာ ကျောင်းမှာရော လူ့အဖွဲ့အစည်းထဲမှာပါ လုံခြုံစိတ်ချခွင့် ရှိကြောင်း သင့်ကလေးတွေကို သတိပေးပါ။ နှောင့်ယှက်မှုနဲ့ ခွဲခြားဆက်ဆံမှုဟာ မှားယွင်းတဲ့အရာဖြစ်ပြီး ကျွန်တော်တို့အားလုံး ကြင်နာမှုတွေ ဖြန့်ဝေပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီထောက်ပံ့သင့်ကြောင်း ပြောပြပါ။
ပဋိပက္ခက ဝေးလံတဲ့နိုင်ငံမှာ ဖြစ်နေပေမယ့် မိမိအိမ်တံခါးဝမှာတင် ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ကလေးတွေ န အနိုင်ကျင့်ခံနေရလား၊ သူတို့က အနိုင်ကျင့်တဲ့ထဲ ပါနေလားဆိုတာ သိအောင်လုပ်ပါ။ သူတို့ကို ကျောင်းမှာ အနိုင်ကျင့်ခံရရင် မိမိကိုဖြစ်ဖြစ်၊ သူတို့ယုံကြည်ရတဲ့ လူကြီးတစ်ယောက်ယောက်ကို ဖြစ်ဖြစ် ပြောပြဖို့ တိုက်တွန်းပါ။
လူတိုင်းဟာ ကျောင်းမှာရော လူ့အဖွဲ့အစည်းထဲမှာပါ ဘေးကင်းကင်းနဲ့ လုံလုံခြုံခြုံ နေရသင့်တယ်လို့ ကလေးတွေကို ပြောပြပါ။ အနိုင်ကျင့်တာ၊ ခွဲခြားဆက်ဆံတာဟာ မှားယွင်းတဲ့အရာဖြစ်ပြီး ကြင်နာတတ်တဲ့စိတ်ကို ပြန့်ပွားစေဖို့၊ အချင်းချင်းပံ့ပိုးကူညီဖို့ လုပ်ရမှာက မိမိတို့ တာဝန်ဖြစ်ပါတယ်။
၄။ အကူအညီပေးသူတွေအပေါ် အာရုံစိုက်ပါ
လူတွေဟာ ရဲရင့်ပြီး ကြင်နာတတ်တဲ့ အပြုအမူတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီနေကြတယ်ဆိုတာ ကလေးတွေ သိဖို့ အရေးကြီးပါတယ်။ အပြုသဘောဆောင်တဲ့ ဇာတ်ကြောင်းတွေကို ရှာပါ၊ အရေးပေါ်ကူညီရေးသမားတွေက လူတွေကို ကူညီနေတာ၊ လူငယ်တွေက ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေတာတို့လို အပြုသဘောဆောင်တဲ့ ဇာတ်လမ်းတွေကို ဥပမာအနေနဲ့ ပြောပေးနိုင်ပါတယ်။
သေးငယ်တဲ့အလုပ်ပဲဖြစ်ပါစေ တစ်ခုခုလုပ်နေတယ်ဆိုတဲ့အသိက စိတ်သက်သာရာ ရစေပါတယ်။
သင့်ကလေးက အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ချင်လားဆိုတာ မေးကြည့်ပါ။ ဥပမာ - ငြိမ်းချမ်းရေးအတွက် ပိုစတာတစ်ခု ဆွဲဆိုတာမျိုး၊ ကဗျာတစ်ပုဒ် ရေးတာမျိုး၊ ဒါမှမဟုတ် ဒေသတွင်း ရန်ပုံငွေရှာတဲ့ပွဲမှာ ပါဝင်တာမျိုး၊ မေတ္တာရပ်ခံချက်တွေမှာ ပါဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေးငယ်တဲ့အလုပ်ပဲဖြစ်ပါစေ တစ်ခုခုလုပ်နေတယ်ဆိုတဲ့အသိက စိတ်သက်သာရာ ရစေပါတယ်။
>> ပိုမိုလေ့လာရန် : Poems for peace in Myanmar
၅။ စကားဝိုင်းကို ဂရုတစိုက် အဆုံးသတ်ပါ
သင့်ကလေးနဲ့ စကားဝိုင်းကို အဆုံးသတ်တဲ့အခါ၊ သူတို့ကို စိတ်ပူပန်မှု အခြေအနေနဲ့ မထားခဲ့မိဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် အမူအရာကိုကြည့်သလို သူတို့ ပုံမှန်လေသံနဲ့ ပြောနေရဲ့လား၊ ပြီးတော့ သူတို့ရဲ့ အသက်ရှူပုံစတာတွေကို ကြည့်ပြီး သူတို့ရဲ့ စိတ်ပူပန်မှု အဆင့်ကို အကဲဖြတ်နိုင်ပါတယ်။
မိမိက သူတို့ကို အလေးထားကြောင်း၊ သူတို့ပြောတာကို နားထောင်ပေးမယ့်အကြောင်းနဲ့ သူတို့စိုးရိမ်ပူပန်တဲ့အခါတိုင်း ပံ့ပိုးပေးမှာဖြစ်ကြောင်း သူတို့ကိုသိအောင် ပြောပြပါ။
>> ဖတ်ရှုရန် : ကလေးများမှာ ဖြစ်တတ်သည့် ပူဆွေးသောကရောက်မှု လက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ
၆။ ဆက်လက်ပြီး အခြေအနေကို စောင့်ကြည့်ပါ
ပဋိပက္ခသတင်းတွေ ဆက်လက်ကြားနေရချိန်မှာ ကလေးတွေအခြေအနေ ဘယ်လိုရှိလဲဆိုတာ မပြတ်သိအောင်လုပ်ရပါမယ်။ သူတို့ဘယ်လိုခံစားနေရလဲ။ သူတို့မှာ မိမိနဲ့ မေးချင်တာတွေ၊ ပြောချင်တာတွေရှိလား အစရှိသဖြင့်ပေါ့။
သင့်ကလေးက ဖြစ်ပျက်နေတာတွေအပေါ် စိုးရိမ်ပူပန်နေပုံရရင် သူတို့ရဲ့ အပြုအမူ သို့မဟုတ် ခံစားချက်တွေမှာ ပြောင်းလဲမှုတွေ ရှိလာသလားဆိုတာ သတိထားကြည့်ပါ။ ဥပမာ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ အိပ်မက်ဆိုးမက်တာ သို့မဟုတ် အိပ်ရခက်တာတွေ ဖြစ်လာသလား။
ကလေးတွေမှာ ဆိုးရွားတဲ့အဖြစ်အပျက်တွေအပေါ် တုံ့ပြန်ပုံတွေ မတူညီကြပါဘူး။ တချို့စိတ်ဖိစီးမှု လက္ခဏာတွေက မသိသာပါဘူး။ ပိုငယ်တဲ့ကလေးတွေက ပုံမှန်ထက်ပိုပြီးတွယ်ကပ်တာ ဖြစ်လာနိုင်သလို ဆယ်ကျော်သက်တွေက ပြင်းပြင်းထန်ထန် ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေ ပြနိုင်ပါတယ်။ ဒီတုံ့ပြန်မှုအတော်များများက ခဏတာပဲ ကြာမြင့်တတ်ပြီး စိတ်ဖိစီးစရာ ဖြစ်ရပ်တွေအပေါ် ပုံမှန်တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေက ကာလရှည်ကြာလာရင်တော့ သင့်ကလေးအတွက် အထူးကုအကူအညီ လိုအပ်နိုင်ပါတယ်။
ဝမ်းဗိုက်နဲ့အသက်ရှူခြင်းလို လှုပ်ရှားမှုတွေလုပ်ခြင်းကတစ်ဆင့် သူတို့စိတ်ဖိစီးမှုလျော့ကျအောင် ကူညီပေးနိုင်ပါတယ်-
- အသက်ပြင်းပြင်း ၅ ကြိမ်ရှူပါ၊ ၅ စက္ကန့်ကြာ အသက်ရှူသွင်းပြီး ၅ စက္ကန့်ကြာ အသက်ရှူထုတ်ပါ၊ နှာခေါင်းကတစ်ဆင့် အသက်ရှူသွင်းပြီး ပါးစပ်ကနေ ရှူထုတ်ပါ
- အသက်ရှူသွင်းတဲ့အခါ ဗိုက်က ဘောလုံးလို ဖောင်းလာပြီး အသက်ရှူထုတ်တဲ့အခါ ဘောလုံးထဲကလေ တဖြည်းဖြည်းထွက်သွားသလိုဖြစ်ကြောင်း ကလေးကိုရှင်းပြပါ
သင့်ကလေးက ဒီအကြောင်းအရာကို ပြောလာရင် စကားပြောဖို့ အသင့်ရှိနေပါ။ အိပ်ယာဝင်ခါနီးမှ ပြောလာရင်တော့ သူတို့ကောင်းကောင်းအိပ်ပျော်နိုင်အောင် သူတို့ကြိုက်တဲ့ ပုံပြင်တစ်ပုဒ်ဖတ်ပြတာလို အပြုသဘောဆောင်တဲ့အရာတစ်ခုနဲ့ အဆုံးသတ်ပါ။
>> ဖတ်ရှုရန် : ကလေးများမှာ ဖြစ်တတ်သည့် ပူဆွေးသောကရောက်မှု လက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ
၇။ သတင်းအမြောက်အမြားစီးဆင်းမှုကို ကန့်သတ်ပါ
သတင်းတွေမှာ စိုးရိမ်စရာခေါင်းစီးတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံတွေ ပြည့်နေတဲ့အတွက် ကလေးတွေ သတင်းနဲ့ထိတွေ့ပုံကို သတိထားပါ။ ပိုငယ်တဲ့ကလေးတွေအနားမှာဆိုရင် သတင်းနားမထောင်ဖို့၊ တီဗီ ပိတ်ထားလို့ရပါတယ်။ ပိုကြီးတဲ့ကလေးတွေနဲ့ဆိုရင်တော့ သတင်းတွေအတွက် သူတို့အချိန်ဘယ်လောက်သုံးမယ်၊ ဘယ်သတင်းရင်းမြစ်တွေကို သူတို့ယုံကြည်တယ်ဆိုတာကို ဆွေးနွေးဖို့ အခွင့်အရေးတစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။ ပြီးတော့ သင့်ကလေးတွေ ကြားနိုင်တဲ့နေရာမှာ အခြားလူကြီးတွေနဲ့ ပဋိပက္ခအကြောင်း ပြောဆိုတဲ့အခါလည်း သတိထားဖို့လိုပါတယ်။
အတူတူဆော့ကစားတာမျိုး လမ်းလျှောက်ထွက်တာလိုမျိုး အပြုသဘောဆောင်တဲ့ အာရုံလွှဲစရာတွေ ဖန်တီးပေးဖို့ ကြိုးစားပါ။
၈။ မိမိကိုယ်ကိုဂရုစိုက်ပါ
သင်ကိုယ်တိုင် ကြံ့ကြံ့ခံနိုင်နေမှ သင့်ကလေးတွေကိုလည်း ပိုကောင်းအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ကလေးတွေက မိဘတွေရဲ့သတင်းတွေအပေါ် တုံ့ပြန်ပုံကို ခံစားမိတတ်တဲ့အတွက် သင်က တည်ငြိမ်ပြီး ထိန်းချုပ်နိုင်စွမ်းရှိနေတယ်ဆိုတာ သိစေဖို့ အရေးကြီးပါတယ်။
သင်က စိုးရိမ်ပူပန်နေတယ် သို့မဟုတ် စိတ်ဓာတ်ကျနေတယ်ဆိုရင် ကိုယ့်အတွက် အချိန်ယူပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ ယုံကြည်ရတဲ့သူတွေဆီ ချဉ်းကပ်ပါ သတင်းတွေကို ရယူပုံကို သတိထားပါ - အွန်လိုင်းပေါ်မှာ တချိန်လုံးရှိနေမယ့်အစား တစ်နေ့တာအတွင်း ဖြစ်ပျက်နေတာတွေကို လေ့လာဖို့၊ တတ်နိုင်သမျှ သင့်ကို အပန်းဖြေစေပြီး ပြန်လည်ကောင်းမွန်လာစေမယ့် အရာတွေလုပ်ဖို့ အချိန်ယူပါ။