စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုပေးခြင်း

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုပေးတဲ့ အခါ သင့်အနေနဲ့လုပ်ဆောင်ချက် အခြေခံမူသုံးခုကို သတိပြုသင့်ပါတယ် - ကြည့်ပါ ၊ နားထောင်ပါ ၊ ချိတ်ဆက်ပါ

UNICEF
UNICEF Myanmar
UNICEF Myanmar/2022/Naing Lin Soe
26 ဇွန်လ 2023

စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုပေးခြင်း (PFA) ပေးတဲ့အခါ သင့်အနေနဲ့လုပ်ဆောင်ချက် အခြေခံမူသုံးခုကို သတိပြုသင့်ပါတယ် - ကြည့်ပါ ၊ နားထောင်ပါ၊ ချိတ်ဆက်ပါ။

 

ကြည့်ပါ

ပထမဦးဆုံးအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့ လုံခြုံရေး အခြေအနေတွေကို အကဲဖြတ်ဖို့လိုပါမယ်။ ပြီးရင်တော့ ဖြစ်ပွားနေတဲ့ (သို့) ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအပြင် အကူအညီလိုအပ်နေသူတွေမှာ  ထိခိုက်ဒဏ်ရာရရှိထားလား၊ ဘယ်လိုအကူအညီတွေလိုအပ်နေလဲ၊ စိတ်ခံစားမှုအရ ဘယ်လိုတုံ့ပြန်မှုရှိလဲ အစရှိတဲ့ အချက်အလက်တွေ ရယူဖို့လိုအပ်ပါတယ်။

 

နားထောင်ပါ

  1. အကူအညီလိုအပ်နေတဲ့ လူကို ချဉ်းကပ်ပါ။
  2. မိမိကိုယ်ကို မိတ်ဆက်ပါ။
  3. အာရုံစိုက်ပြီး တက်တက်ကြွကြွ နားထောင်ပါ။
  4. အခြားသူရဲ့ ခံစားချက်ကို နားလည်ပေးပါ။
  5. အကျပ်အတည်းကြုံနေရသူကို စိတ်ငြိမ်အောင်နှစ်သိမ့်ပါ။
  6. သူတို့ရဲ့ လိုအပ်ချက်တွေ ၊ စိုးရိမ်ရတဲ့ကိစ္စတွေကို မေးမြန်းပါ။
  7. အကျပ်အတည်းကြုံနေရသူကို သူတို့ရဲ့လက်ငင်း လိုအပ်ချက်တွေကို ကူညီပေးပြီး သူတို့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားပါ။

 

ချိတ်ဆက်ပါ

  1. သက်ဆိုင်ရာ သတင်းအချက်အလက်တွေ၊ ဝန်ဆောင်မှုတွေနဲ့ အခြားအကူအညီ ရင်းမြစ်တွေ ရရှိနိုင်အောင်လုပ်ဆောင်ပါ။
  2. ဆွေမျိုးသားချင်းတွေနဲ့ ချိတ်ဆက်နိုင်အောင် ဒါမှမဟုတ် ပြန်တွေ့နိုင်အောင် ကူညီပေးပါ။
  3. လူမှုရေးအကူအညီတွေ ပေးပါ။
  4. ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ တက်တက်ကြွကြွ ကြိုးစားပါ။

 

PFA ပေးတဲ့အခါ ဒီစည်းမျဉ်းတွေကို လိုက်နာပါ။ အကျပ်အတည်းကြုံနေရသူအကြောင်း သိထားခြင်းက သူတို့ကို မထိခိုက်စေဘဲ သေသေချာချာကူညီပေးနိုင်ဖို့ အထောက်အကူပြုပါတယ်-

 

  1. အကူအညီမပေးခင် အခြေအနေကို နားလည်အောင်လုပ်ပါ။ သင့်အကူအညီကို အတင်းမပေးပါနဲ့။
  2. သင် ဘယ်လိုကူညီနိုင်မလဲဆိုတာ နားလည်အောင် ရိုးရှင်းတဲ့မေးခွန်းတွေကို လေးလေးစားစား မေးမြန်းပါ ။
  3. အကျပ်အတည်းကြုံနေရသူနဲ့ အပြန်အလှန် ဆက်ဆံရေး တည်ဆောက်ပါ။ ဆက်ဆံရေးစတင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးတာပဲဖြစ်ပါတယ် (အစားအစာ၊ ရေ၊ အဝတ်အစား၊ စောင်)။
  4. ပြင်ဆင်ထားပါ - အကျပ်အတည်းကြုံနေရသူက သင့်ကို ရှောင်နေနိုင်ပါတယ်၊ ဒေါသတကြီး ပြုမူနိုင်ပါတယ် ဒါမှမဟုတ် သင့်အကူအညီကို ငြင်းဆန်နိုင်ပါတယ်။
  5. ဆုံးဖြတ်ချက်ချရာမှာ လူတွေရဲ့ အခွင့်အရေးကို လေးစားပါ ။
  6. အကျပ်အတည်းကြုံနေရသူက သင့်အကူအညီကို ငြင်းပယ်လိုက်ရင်တောင် နောင်တစ်ချိန်မှာ သူတို့ကို ကူညီဖို့ သင်ဆန္ဒရှိကြောင်း ပြပါ။
  7. စိတ်ရှည်ပါ၊ တာဝန်ယူမှုရှိပါ၊ တက်တက်ကြွကြွ တုံ့ပြန်ပါ၊ စာနာစိတ်ထားပါ။
  8. စကားကို ရှင်းလင်းတဲ့ အသုံးအနှုန်းနဲ့ အေးအေးဆေးဆေး ရိုးရိုးရှင်းရှင်းပြောပါ။ မှန်ကန်တိကျပြီး သင့်လျော်တဲ့ အသက်အရွယ်နဲ့ကိုက်ညီတဲ့ အချက်အလက်တွေ ပေးပါ။
  9. လူတစ်ဦးရဲ့ ယဉ်ကျေးမှုနောက်ခံ ၊ လိင်၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးတို့ကို ထည့်သွင်းစဉ်းစားပါ။
  10. ယူဆချက်တွေ၊ ဝေဖန်မှုတွေ၊ အကဲဖြတ်တာတွေနဲ့ ကတိကဝတ်တွေကို ရှောင်ပါ။
  11. အကျပ်အတည်းကြုံနေရသူက စကားပြောချင်ရင် နားထောင်ဖို့ အသင့်ဖြစ်နေပါစေ ။
  12. အကျပ်အတည်းကြုံနေရသူနဲ့ အဆက်မပြတ်စကားပြောနေဖို့ မလိုပါဘူး ။ လူကိုယ်တိုင်ရှိနေပေးရုံနဲ့တင် သူတို့ကို ပိုပြီး စိတ်ချစေ၊ ယုံကြည်မှုရှိစေပါတယ်။
  13. လူတစ်ဦးထံက ရရှိလာတဲ့ အချက်အလက်အားလုံးကို လျှို့ဝှက်ထားပါ။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဘယ်တော့မှ မဝေမျှပါနဲ့။