ကလေးသူငယ်များ၏ စိတ်ဒဏ်ရာကို ရိုးရှင်းသော crayons တစ်ဘူးဖြင့် ကုသခြင်း

ကလေးတစ်ယောက်ပြန်ဖြစ်ဖို့ အခွင့်အရေးပေးခြင်း

UNICEF
UNICEF Myanmar
Danish Church Aid
09 ဒီဇင်ဘာလ 2021

ပုံထဲကကလေးတွေကိုကြည့်လျှင် တခြားကလေးတွေလိုပဲထင်ရပါတယ်။ သူတို့တွေဟာ ပျော်ရွှင်နေပြီး သူတို့ရဲ့ ဆေးရောင်စုံစာအုပ်တွေအပေါ် အာရုံရောက်နေကြပါတယ်။

သို့သော် ဤကလေးသူငယ်များသည် မြန်မာနိုင်ငံရှိ မျိုးဆက်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခများ ကြုံတွေ့နေရသော အသိုက်အဝန်းမှ ကလေးသူငယ်များ ဖြစ်ကြပါသည်။

သူတို့သည် ၎င်းတို့၏ စိတ်ကျန်းမာရေးကို ပံ့ပိုးပေးသည့် အစီအစဉ်တစ်ခုတွင် ပါဝင်ပြီး ကချင်ဒေသရှိ အကူအညီပေးရေး တာဝန်ခံတစ်ဦးက “ဒီအစီအစဉ်က ကလေးသူငယ်တွေကို ကလေးတစ်ယောက်ပြန်ဖြစ်ဖို့ အခွင့်အရေးပေးတယ်”လို့ပြောပါတယ်။

USAID လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးရေးဗျူရို၊ UNICEF နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် အဆိုပါလုပ်ငန်းကို ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤအစီအစဥ်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) အတွက် စခန်းများတွင် ကလေးသူငယ်များ သင့်လျော်အဆင်ပြေစေမည့် နေရာ (၄၇၈) နေရာကို တည်ထောင်နိုင်ခဲ့ပြီး ကလေးသူငယ်များ အပန်းဖြေခြင်းနှင့် အဖွဲ့လိုက် လှုပ်ရှားမှုများတွင် ပါဝင်နိုင်မှာဖြစ်ပါတယ်။

အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် UNICEF သည် ပြုစုစောင့်ရှောက်သူများ/မိဘများအား ကလေးသူငယ်များနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကို ထူထောင်နိုင်စေရန် အပြုသဘောဆောင်သော မိဘအုပ်ထိန်းမှု အစပျိုး လုပ်ဆောင်မှုများ အတွက်လည်း ပံ့ပိုးပေးခဲ့ပါသည်။

UNICEF Myanmar
Danish Church Aid ရှမ်းပြည်က ကလေးတွေဟာ သူတို့ရဲ့ စာအုပ်တွေကို ဆေးရောင်စုံခြယ်ကြပုံ

ကုသမှုထံသို့ တံခါးပေါက်

ဤအစီအစဥ်မှ ပေါ်ပေါက်လာသော ကလေးသူငယ်များအတွက် သင့်လျော်အဆင်ပြေစေသည့် နေရာတိုင်းသည် ကလေးငယ်များ ပုံမှန်ဘဝနှင့် ဘေးကင်းသောခံစားချက်ကို စတင်တည်ဆောက်နိုင်မည့် တန်ဖိုးမဖြတ်နိုင်သော နေရာတစ်ခုပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (MHPSS) ကို ဗဟိုပြုသည့် လှုပ်ရှားမှုများသည် ကလေးသူငယ်များအား ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန်နှင့် ပြဿနာများကြုံလာလျှင် အပြုသဘောဆောင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်စေရန် အထောက်အကူဖြစ်စေပါတယ်။

ရောင်စုံစာအုပ်ကဲ့သို့ ရိုးရှင်းသောအရာသည် ကလေးတစ်ယောက်အပေါ် လေးနက်သောအကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ ရှမ်းပြည်မြောက်ပိုင်းရှိ စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းတစ်ဦးက IDP စခန်းတွင် အဖွဲ့လိုက် အနုပညာလှုပ်ရှားမှုတစ်ခု၏ အရေးပါပုံကို မြင်တွေ့ခဲ့ရသည့် အခိုက်အတန့်ကို ပြန်ပြောပြပါသည်။

“ကျွန်မစရောက်တုန်းက ကလေးသူငယ်တွေအများစုက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကစားဖို့ ချိတုံချိတုံဖြစ်နေကြပေမယ့် အတူတူ အရောင်ခြယ်ပြီးတာနဲ့ စပြီးစကားပြောလာကြတယ်။ အဲဒီကလေးသူငယ်တွေထဲမှ အများစုဟာ သူတို့ရဲ့လုံခြုံရေးအတွက် နေအိမ်များမှ ထွက်ခွာခဲ့ကြပြီး ထွက်ပြေးခဲ့ကြရပါတယ်။ ဒါပေမယ့် အဲဒီကာလမှာ သူတို့မှာ နောက်ဆုံးတော့ အာရုံစိုက်ဖို့ အရာတစ်ခု ရှိလာပါတယ်။ အတူတူ ဆွေးနွေးစရာတွေ ရှိလာပါတယ်။”

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကလေးသူငယ်များအတွက် သင့်လျော်အဆင်ပြေသော နေရာများသည် ဆေးရောင်ခြယ်ခြင်းနှင့် အပန်းဖြေခြင်း လှုပ်ရှားမှုများထက် ပိုမိုလုပ်ဆောင်ပေးပါသည်။ ကလေးသူငယ်များစွာအတွက် ၎င်းအစီအစဉ်တို့သည် လက်နက်ကိုင်ပဋိပက္ခများရှိသော ပတ်ဝန်းကျင်များတွင် တွေ့ကြုံခဲ့ရသော စိတ်ဒဏ်ရာများမှ စတင်ကုစားရန် တံခါးပေါက်တစ်ခုဖြစ်ပါသည်။

UNICEF Myanmar
Kachin Baptist Convention ကချင်ပြည်နယ်မှ ကလေးငယ်များ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြောပြနေစဥ်

တောက်ပသောဥပမာများ

ဤအစီအစဉ်မှ ကူညီပေးနိုင်ခဲ့တဲ့ ကလေးသူငယ်များသည် ခံနိုင်ရည်ရှိမှုနှင့် သတ္တိရှိမှု၏ တောက်ပသော ဥပမာများဖြစ်ပါသည်။ ဒေသတိုင်းမှာ UNICEF နှင့် မိတ်ဖက်ဝန်ထမ်းများ၊ ပဋိပက္ခပုံစံတူများသက်ရောက်ခံရ၍ ကြီးပြင်းလာခဲ့ကြရသူများ၊ ၎င်းတို့၏ ရပ်ရွာအသိုက်အဝန်းများကို ကူညီပံ့ပိုးရန် တက်ကြွကြသူများသည် ကလေးသူငယ်များနှင့် လှုပ်ရှားမှုများမှတစ်ဆင့် စိတ်ကျန်းမာရေးနှင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းဆိုင်ရာ အဖိုးတန်သင်ခန်းစာများကို သင်ယူခဲ့ကြပါသည်။

ဤလှုပ်ရှားမှုများသည် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ၏ မိသားစုများအပေါ်တွင်လည်း အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိခဲ့ပါသည်။ ကချင် ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်း (IDP) မှ MHPSS ရှေ့တန်း ဝန်ထမ်းတစ်ဦးက “ကိုယ့်ဒေသမှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့သူတစ်ဦးအနေနဲ့ပြောရရင် ကိုယ့်ရဲ့ကျန်းမာရေးက ကိုယ်လုပ် လုပ်နေတဲ့ အလုပ်တွေအပေါ် အကျိုးသက်ရောက်မှုရှိလို့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့နဲ့ ဂရုစိုက်ဖို့က အရေးကြီးပါတယ်” လို့ပြောပါတယ်။

ကချင်မှ MHPSS ရှေ့တန်း ဝန်ထမ်း နောက်တစ်ဦးကလည်း “ဒီအစီအစဥ်နဲ့ အလုပ်လုပ်ရတာက ကိုယ့်စိတ်ဖိစီးမှုနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းကို ပိုပြီး သတိထားလာစေပါတယ်။ လူတစ်ယောက်က စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူတိုင်းအပေါ် သက်ရောက်မှုရှိတာကြောင့် ဒါက ကျွန်တော့်မိသားစုဘဝကိုလည်း အထောက်အကူဖြစ်စေပါတယ်။”

ကလေးသူငယ်စိတ်ကျန်းမာရေးအတွက် မကြုံစဖူးအန္တရာယ်

ယနေ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ်များသည် ၎င်းတို့၏ စိတ်ကျန်းမာရေးနှင့် သုခချမ်းသာအတွက် မကြုံစဖူးသော အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

COVID ကာကွယ်ရေးအစီအမံများ၊ သွားလာမှု ကန့်သတ်ချက်များနှင့် ကျောင်းများပိတ်ခြင်းသည် ကလေးသူငယ်များ သင်ယူနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုပေါင်းသင်းဆက်ဆံနိုင်သည့် နေရာအရေအတွက်ကို တဖြည်းဖြည်း လျှော့ချလာသည်မှာ ယခုဆိုလျှင် နှစ်နှစ်ရှိပြီဖြစ်ပါသည်။

UNICEF Myanmar
Danish Church Aid MHPSS အဖွဲ့၏ လှုပ်ရှားမှုများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကလေးများ

"ကျွန်ုပ်တို့၏အနာဂတ်နှင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်''

လွန်ခဲ့သည့် လများအတွင်း လက်ရှိအကျပ်အတည်းမှဖြစ်ပေါ်လာသော ဆန္ဒပြမှုများနှင့် ပဋိပက္ခများသည် ဆက်လက်ဖြစ်ပွားနေပြီး ကလေးသူငယ်များသည် အကြမ်းဖက်မှုများကို မြင်တွေ့မှုများ ပိုများလာသောကြောင့် ယခုအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။ အကျိုးဆက်များသည် နိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ်များ၏ စိတ်ကျန်းမာရေးနှင့် သုခချမ်းသာအပေါ် ကြာရှည်စွာ သက်ရောက်ထိခိုင်နိုင်ဖွယ်ရှိပါသည်။ ငွေကြေးဆိုင်ရာ ဖိအားများသည် မိသားစုများကို ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်လက်ရှိနေပြီး ကျောင်းများနှင့် လှုပ်ရှားမှုများ ပိတ်ထားဆဲဖြစ်သောကြောင့် တိုးလာသော စိတ်ဓာတ်ကျခြင်း၊ အွန်လိုင်းဂိမ်းကစားခြင်းကို စွဲလန်းခြင်းနှင့် မူးယစ်ဆေးသုံးစွဲမှု တိုးလာကြောင်း ရှေ့တန်းမှ ဝန်ထမ်းများက အစီရင်ခံကြပါသည်။

ရှမ်းပြည်က ဝန်ထမ်းတစ်ဦးက ကလေးငယ်များ ကောင်းမွန်စွာ ကြီးပြင်းတိုးတက်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်အောင် အထောက်အပံ့များစွာလိုအပ်နေသေးကြောင်းကို အခုလို ပြောပြပါတယ်။ “ဒီက ကလေးတွေက ဉာဏ်ကောင်းကြတယ်။ တီထွင်ကြံတတ်ပြီးတော့ သန်မာတယ်။ သူတို့အတွက် ခိုင်မာတဲ့ ပံ့ပိုးမှုစနစ်တစ်ခုလိုအပ်ပါတယ်။”

ရခိုင်ပြည်နယ်ရှိ မိတ်ဖက်အဖွဲ့အစည်းတစ်ခုမှ အခြားဝန်ထမ်းတစ်ဦးကလည်း “ကလေးသူငယ်တွေဟာ ကျွန်တော်တို့ လူမှုအသိုက်အဝန်းရဲ့ နှလုံးသားဖြစ်ပါတယ်။ သူတို့တွေက ကျွန်ုပ်တို့ရဲ့ အနာဂတ်နှင့် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက် ဖြစ်ပါတယ်” လို့ဆိုပါတယ်။