မိခင်နို့တိုက်ကျွေးခြင်းနဲ့ပတ်သက်တဲ့ ယုံတမ်းစကား ၁၄ မျိုး
"ကိုယ်ဝန်ဆောင်ချိန်မှာ အဖြူထည်အစားအစာတွေကိုပဲ စားသင့်တယ်" ဆိုတာတကယ်လား?
- English
- မြန်မာ
၁။ ယုံတမ်းစကား - မိခင်နို့ကို စနစ်ကျစရာမလို အဆင်ပြေသလို တိုက်လို့ရတယ်။
မွေးကင်းစကလေးတွေဟာ မွေးဖွားလာချိန်မှာ မိခင်ရဲ့နို့ကို အလိုအလျောက် ရှာဖွေတတ်ကြပါတယ်။ ဒါပေမဲ့လည်း မိခင်အများစုက ကိုယ့်ကလေးကို နို့တိုက်ကျွေးဖို့ အနေအထားမှန်အောင် ပွေ့ချီနိုင်ဖို့နဲ့ ကလေးရဲ့ပါးစပ်နဲ့ မိခင်ရဲ့နို့ ထိကပ်မှုမှန်စွာ နို့စို့နိုင်စေဖို့ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ လိုအပ်ကြပါတယ်။ နို့တိုက်ကျွေးတယ်ဆိုတာ မိခင်နဲ့ကလေး နှစ်ဦးစလုံးအတွက် အချိန်ယူရသလို အလေ့အကျင့်လည်း လိုပါတယ်။ နို့တိုက်ကျွေးတယ်ဆိုတာ အချိန်အများကြီးယူရတဲ့ အလုပ်ဖြစ်တာကြောင့် မိခင်တွေအနေနဲ့ အိမ်မှာရော အလုပ်မှာပါ နေရာနဲ့ ပံ့ပိုးမှုတွေလိုအပ်ပါတယ်။
၂။ ယုံတမ်းစကား- မိခင်နို့တိုက်ကျွေးတဲ့အခါ နို့သီးခေါင်းနာကျင်ရခြင်းကို မလွဲမသွေကြုံရပါလိမ့်မယ်။
မိခင်များစွာဟာ ကလေးမွေးပြီး အစပိုင်းရက်တွေဖြစ်တဲ့ နို့တိုက်ကျွေးဖို့ကို သင်ယူနေတဲ့အချိန်မှာ မသက်မသာဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ကလေးကို နို့တိုက်ကျွေးဖို့ အနေအထားမှန်အောင် အနေအထားမှန်စွာ ပွေ့ချီပြီး ထိကပ်မှုမှန်စွာ နို့တိုက်နိုင်စေဖို့အတွက် သင့်တော်တဲ့ ပံ့ပိုးမှုသာရရင် နို့သီးခေါင်းနာကျင်တာကို ရှောင်လွှဲနိုင်ပါတယ်။ မိခင်တစ်ယောက်က နို့တိုက်ကျွေးတဲ့အခါ နို့သီးခေါင်းနာတာလို အခက်အခဲတွေ ရင်ဆိုင်နေရရင် နို့တိုက်ကျွေးတာနဲ့ပတ်သက်တဲ့ အကြံပေး ဒါမှမဟုတ် တခြားကျွမ်းကျင်ပညာရှင်တွေထံကနေ အကူအညီရယူနိုင်ပါတယ်။
၃။ ယုံတမ်းစကား- မိခင်နို့မတိုက်ခင် နို့သီးခေါင်းတွေကို ဆေးကြောသင့်တယ်။
မိခင်နို့မတိုက်ခင် နို့သီးခေါင်းတွေကို ဆေးကြောဖို့မလိုပါဘူး။ ကလေးတွေက မွေးလာကတည်းက သူတို့မိခင်ရဲ့ အနံ့နဲ့အသံကို ရင်းနှီးပြီးသားဖြစ်ပါတယ်။ နို့သီးခေါင်းပါတ်ပါတ်လည်က အမဲကွင်းက ကလေးတွေ မိခင်သားမြတ်ကို အနံ့ခံပြီး အလွယ်အကူ လိုက်ရှာလို့ရအောင် အဆီတစ်မျိုး ထုတ်ပေးပါတယ်၊း ၊ ပြီးရင် ဘဝအတွက် ကျန်းမာတဲ့ ခုခံအားစနစ်တည်ဆောက်ရာမှာ အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေ အရေပြားပေါ်မှာ ရှိနေပါတယ်။
သင်သိပါသလား။ မိခင်နို့တိုက်ကျွေးခြင်းက သင့်ကလေးကို နားပိုးဝင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ တခြားကလေးရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
၄။ ယုံတမ်းစကား - မိခင်အနားရအောင် မွေးကင်းစကလေးနဲ့ မိခင်ကို ခွဲထားသင့်တယ်။
ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေက ကလေးမွေးပြီးပြီးချင်းမှာ မိခင်နဲ့ကလေးကို အရေပြားချင်းထိတွေ့စေပါတယ်။ သားပိုက်ကောင်မိခင်စောင့်ရှောက်ပုံနဲ့လည့်း ထိတွေ့ပေးလို့ရပါတယ်။ ကလေးကို မိခင်ဆီ တိုက်ရိုက်ထိတွေ့နိုင်အောင်ခေါ်လာပေးပြီး မိခင်နဲ့ ကလေးအသားချင်းထိတွေ့ဖို့က သိပ်ကို အရေးကြီးတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ဒါက ကလေးက မိခင်ရဲ့နို့ကို ရှာပြီး သူ့ပါးစပ်နဲ့ အနေအထားမှန်စွာ ထိကပ်မိစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒီအလေ့အကျင့်ကို မွေးပြီး တစ်နာရီအတွင်း ပြုလုပ်နိုင်ပြီး နောက်ပိုင်းမှာမကြာခဏ ပြုလုပ်ပေးရင်တော့ မိခင်နို့တိုက်ကျွေးဖို့ အထောက်အကူပြုပါတယ်။ မိခင်က ဒီလိုမလုပ်နိုင်တဲ့အခါ ဖခင် ဒါမှမဟုတ် တခြားမိသားစုဝင်တစ်ယောက်က လုပ်ဆောင်ပေးနိုင်ပါတယ်။
၅။ ယုံတမ်းစကား - မိခင်နို့တိုက်ကျွေးနေချိန်မှာ အဖြူထည် အစားအစာတွေကိုပဲ စားသင့်တယ်။
မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေဟာ တခြားသူတွေလိုပဲ အာဟာရမျှတတဲ့အစားအစာတွေ စားသုံးဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် စားသောက်ပုံအလေ့အကျင့်ကို ပြောင်းလဲဖို့ မလိုပါဘူး။ ကလေးတွေက သူတို့မိခင်နှစ်သက်တဲ့ အစားအစာတွေကို မိခင်ဗိုက်ထဲမှာ ရှိနေတဲ့အချိန်ကတည်းက ရင်းနှီးခဲ့ပြီးသားဖြစ်ပါတယ်။ မိခင်ဖြစ်သူက ကိုယ်စားလိုက်တဲ့ စားစရာတစ်မျိုးမျိုးကို ကလေးက မတည့်ဘူးလို့ယူဆရင်တော့ အထူးကုဆရာဝန်တစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၆ ။ ယုံတမ်းစကား - လေ့ကျင့်ခန်းလုပ်တာက သင့်နို့ရဲ့ အရသာကို ထိခိုက်စေတယ်။.
လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးနဲ့ညီညွတ်သလို မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေအတွက်လည်း ကျန်းမာရေးကောင်းမွန်စေပါတယ်။ ဒါက သင့်နို့အရသာကို ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။
၇။ ယုံတမ်းစကား - သင်ချက်ချင်း မိခင်နို့မတိုက်ရင် နောက်ပိုင်းတိုက်နိုင်တော့မှာ မဟုတ်ဘူး။
မွေးပြီးပြီးချင်း ပထမတစ်နာရီအတွင်း မိခင်နို့စတိုက်ရင် ပိုပြီးလွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးရဲ့ အလိုအလျောက်တုံ့ပြန်နိုင်စွမ်းက မွေးပြီးပထမတစ်နာရီအတွင်းမှာ အတော်အားကောင်းနေတာကြောင့် ဖြစ်ပါတယ်။ သူတို့က မိခင်နို့စို့ဖို့ကို သင်ယူဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သင့်ကလေးကို မွေးပြီးပြီးချင်း နို့မတိုက်ကျွေးနိုင်ဘူးဆိုရင် တတ်နိုင်သမျှ အမြန်ဆုံး မြန်မြန်တိုက်ကျွေးပါ။ သင့်ကလေးကို မိခင်နို့အနားမှာထားပေးဖို့ အကူအညီလိုအပ်ပါက ကျွမ်းကျင်တဲ့ နို့တိုက်ကျွေးတာနဲ့ပတ်သက်တဲ့ အကြံပေး ဒါမှမဟုတ် တခြားကျွမ်းကျင်ပညာရှင်ထံကနေ အကူအညီရယူနိုင်ပါတယ်။ မကြာခဏ အရေပြားချင်းထိတွေ့ပေးဖို့နဲ့ သင့်ကလေးကို မိခင်နို့နားမှာ ထားပေးခြင်းက နို့တိုက်တာအဆင်ပြေစေဖို့ အထောက်အကူပြုပါတယ်။
သင်သိပါသလား။ မိခင်နို့တိုက်ကျွေးတာက မိခင်ကို ဆီးချိုရောဂါ ၊ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ၊ နှလုံးရောဂါနဲ့ မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။
၈။ ယုံတမ်းစကား - မိခင်နို့တိုက်ချင်တယ်ဆိုရင် နို့မှုန့်တိုက်လို့မရဘူး။
မိခင်တွေအနေနဲ့ အသက် ၆-လ ပြည့်ပြီးတဲ့နောက် မိခင်နို့လည်းဆက်တိုက်ရင်း နို့မှုန့်လည်းတိုက်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်တတ်ကြပါတယ်။ နို့မှုန့်နဲ့ တခြားမိခင်နို့အစားထိုး ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး မှန်ကန်တိကျစွာ ဖေါ်ပြထားတဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာဖို့ အရေးကြီးပါတယ်။ မိခင်နို့ဆက်ထွက်နေစေဖို့အတွက် ကလေးကို မကြာခဏ မိခင်နို့ဆက်တိုက်ပေးပါ။ မိခင်အတွက် မိခင်နို့ဆက်တိုက်ကျွေးဖို့ အဆင်ပြေဆုံးဖြစ်မယ့် အစီအစဉ်တစ်ခု ပြုလုပ်နိုင်အောင် နို့တိုက်ကျွေးတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
၉။ ယုံတမ်းစကား - မိခင်တော်တော်များများက မိခင်နို့ လုံလောက်အောင် မထွက်ဘူး။
မိခင်တိုင်းနီးပါးက ကလေးအတွက် သင့်တော်တဲ့ နို့ပမာဏထွက်ကြပါတယ်။ မိခင်နို့ထွက်တာကို ကလေးရဲ့ နို့စို့ပုံစို့နည်း ဘယ်လောက်မှန်ကန်လဲ၊ နို့တိုက်တဲ့အကြိမ်ရေအပြင် နို့တစ်ခါတိုက်တိုင်း ကလေးက ဘယ်လောက်များများ စို့နိုင်လဲဆိုတာတွေနဲ့ ဆုံးဖြတ်ပါတယ်။ မိခင်နို့တိုက်တယ်ဆိုတာ မိန်းမတစ်ယောက်တည်း လုပ်ရတဲ့အလုပ်မဟုတ်ပါဘူး။ မိခင်တွေကို ပံ့ပိုးပေးဖို့လိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူတွေဆီက မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီး အမြဲလမ်းညွှန်ပေးတာ၊ အိမ်ကမိသားစုဝင်တွေရဲ့ အကူအညီတွေအပြင် အာဟာရမျှတအောင် စားသောက်ပြီး ကျန်းမာအောင်နေထိုင်တာလို ပံ့ပိုးမှုတွေ ဖြစ်ပါတယ်။
၁၀။ ယုံတမ်းစကား - နေမကောင်းဖြစ်နေရင် နို့မတိုက်သင့်ဘူး။
ရောဂါအမျိုးအစားပေါ်မူတည်ပြီး မိခင်တွေက အများအားဖြင့် နေမကောင်းဖြစ်နေချိန်မှာ မိခင်နို့ဆက်တိုက်ကျွေးနိုင်ပါတယ်။ သင့်တော်တဲ့ကုသမှုရရှိဖို့၊ အနားယူဖို့၊ အာဟာရမျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။ ဖြစ်ရပ်တော်တော်များများမှာ သင့်ရောဂါ၊ နာမကျန်းတာကို ကုသဖို့ သင့်ခန္ဓာကိုယ်က ထုတ်ပေးတဲ့ ပဋိပစ္စည်းတွေက သင့်ကလေးဆီကို ရောက်ရှိပြီး သူ့ရဲ့ကိုယ်ပိုင် ခုခံနိုင်စွမ်းကို တည်ဆောက်ပေးပါတယ်။
၁၁။ ယုံတမ်းစကား - မိခင်နို့တိုက်နေချိန်မှာ ဘာဆေးမှသောက်လို့မရဘူး။
ကိုယ်က နို့တိုက်မိခင်ဖြစ်ကြောင်း ဆရာဝန်ကို ပြောပြဖို့နဲ့ ဆေးညွှန်းမလိုတဲ့ ဆေးတွေဝယ်ယူတဲ့အခါ ညွှန်ကြားချက်တွေကို သေချာဖတ်ရှုဖို့ အရေးကြီးပါတယ်။ ဆေးကို သတ်မှတ်ချိန်၊ သတ်မှတ်ပမာဏသောက်ဖို့ လိုအပ်ပါတယ်။ သင်သောက်နေတဲ့ ဆေးဝါးတွေအကြောင်း ကလေးဆရာဝန်ကိုလည်း ပြောပြသင့်ပါတယ်။
သင်သိပါသလား။ ‘ပထမဆုံး နို့’ - ဒါမှမဟုတ် နို့ဦးရည်မှာ ပဋိပစ္စည်းကြွယ်ဝစွာ ပါဝင်ပြီး မွေးကင်းစကလေးတွေအနေနဲ့ ကိုယ်ပိုင်ခုခံအားစနစ် တည်ဆောက်နေတဲ့အချိန်မှာ ခုခံအားမြှင့်နိုင်တဲ့အစွမ်းကို ရရှိစေပါတယ်။
၁၂။ ယုံတမ်းစကား - မိခင်နို့စို့ရတဲ့ ကလေးတွေဟာ မိခင်ကို မျက်စိအောက်က အပျောက်မခံဘဲ တွယ်ကပ်တတ်ကြတယ်။
ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ နို့တိုက်ကျွေးပုံနဲ့မဆိုင်ဘဲ တချို့ကလေးတွေက တွယ်ကပ်တတ်ကြပေမယ့် တချို့ကလေးတွေက မတွယ်ကပ်တတ်ကြပါဘူး။ မိခင်နို့တိုက်ခြင်းက မွေးကင်းစကလေးတွေအတွက် အကောင်းဆုံး အာဟာရကို ပေးနိုင်ရုံသာမက ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း အရေးကြီးပါတယ်။ မိခင်နို့စို့ရတဲ့ ကလေးငယ်တွေဟာ မကြာခဏ ထွေးပွေ့ခံကြရတာကြောင့် မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ သံယောဇဉ်ကို ပိုတိုးစေတာ တွေ့ရပါတယ်။
၁၃ ။ ယုံတမ်းစကား - ကလေးကို တစ်နှစ်ကျော်အထိ မိခင်နို့တိုက်ရင် နို့ဖြတ်ရခက်တယ်။
မိခင်နို့ကို တစ်နှစ်ကျော်အထိ တိုက်ပြီးနောက်ပိုင်း မိခင်နို့ဖြတ်ဖို့ ပိုခက်ခဲတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိပါဘူး။ ဒါပေမဲ့ ကလေးအသက် နှစ်နှစ်အထိ မိခင်နို့တိုက်ခြင်းက မိခင်ရော ကလေးအတွက် အကျိုးရှိတယ်ဆိုတဲ့ အထောက်အထား ရှိပါတယ်။
၁၄။ အလုပ်ပြန်ဆင်းတဲ့အခါ ကလေးကို နို့ဖြတ်ဖို့လိုတယ်။
မိခင်အတော်များများက အလုပ်ပြန်ဆင်းပြီးနောက်ပိုင်းမှာလည်း မိခင်နို့ကို ဆက်တိုက်ကြပါတယ်။ အရင်ဆုံး ကိုယ့်နိုင်ငံနဲ့ ကိုယ့်လုပ်ငန်းခွင်ရဲ့ မူဝါဒတွေကို လေ့လာကြည့်ပါ။ အလုပ်ချိန်အတွင်း မိခင်နို့တိုက်ဖို့အတွက် အချိန်နဲ့ နေရာခွင့်ပြုပေးထားတယ်ဆိုရင် ကလေးကို အလုပ်ခွင်ထဲ ခေါ်လာပြီး မိခင်နို့တိုက်ခန်းမှာ တိုက်ကျွေးနိုင်ပါတယ် ဒါမှ မဟုတ်ရင်လည်း မိသားစုဝင်ကိုဖြစ်ဖြစ် မိတ်ဆွေကိုဖြစ်ဖြစ် ကလေးကို ခေါ်လာပေးခိုင်းပြီး နို့တိုက်ကျွေးနိုင်ပါတယ်၊ နောက်တနည်းကတော့ အိမ်ပြန်ပြီး ကလေးကို နို့တိုက်ကျွေးနိုင်ပါတယ်၊ အလုပ်ချိန်အတွင်း မိခင်နို့တိုက်ကျွေးလို့ မရနိုင်ဘူးဆိုရင် အလုပ်မသွားခင် မိခင်နို့ကို ဝအောင်တိုက်၊ ပြီးရင် မိခင်နို့ကို လက်နဲ့ညှစ်ပြီး ညှစ်ထားတဲ့နို့ကို သန့်ရှင်း ခြောက်သွေ့တဲ့ ခွက်ထဲထည့်ပြီး နေရောင် တိုက်ရိုက် မကျတဲ့ အေးတဲ့နေရာမှာသိမ်း ကလေးဆာတာနဲ့ချက်ခြင်း ခွက်နဲ့ တိုက်လို့ ရပါတယ် မိခင် အိမ်ပြန်ရောက်ရောက်ခြင်း မိခင်နို့တိုက်ပါ ညဘက် အိပ်ချိန်တွေမှာလည်း မိခင်နို့ တိုက်နိုင်ပါတယ်။ ။ ကလေးကို မိခင်နို့အစားထိုး နို့မှုန့်တိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း ကလေးနဲ့ရှိနေတဲ့အချိန်တိုင်းမှာ ဆက်ပြီးမိခင်နို့တိုက်တာလည်း သိပ်ကောင်းပါတယ်။
ဤဆောင်းပါးကို Dr. Michele Griswold PhD, MPH, RN, IBCLC နှင့်အတူ ပူးတွဲဖန်တီးထားပါသည်။ Dr. Griswold သည် မိခင်နို့တိုက်ကျွေးရေးဆိုင်ရာအကြံပေး ၊ မှတ်ပုံတင်ထားသော သူနာပြု ၊ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ သုတေသီနှင့် စည်းရုံးရေးမှူးတစ်ဦးဖြစ်သည်။ ၎င်းက WHO/UNICEF Global Breastfeeding Collective ဆိုင်ရာ International Lactation Consultant Association ကို ကိုယ်စားပြုပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုက အစိုးရများနှင့် လူမှုအသိုင်းအဝိုင်းတို့အား မိခင်များအတွက် မိခင်နို့တိုက်ကျွေးရန် လိုအပ်သော ပံ့ပိုးမှုများ အပြည့်အဝပေးရန် တောင်းဆိုထားပါသည်။