အတတ်သင်တာမေမေပါ
ကလေးများအတွက် ပုံပြင်စာအုပ်များ
- English
- မြန်မာ
အဓိကဖော်ပြချက်များ
ဒီစာအုပ်ကို မူလက“ရှေးဦးအရွယ်စာပေတတ်မြောက်ရေးအတွက် မိခင်ဘာသာစကားဖြင့် ပုံပြင်ရှည်စာအုပ်များ ဖန်တီးပုံဖော်ရေး” ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီပုံပြင်ရှည်စာအုပ်တွေကို တိုင်းရင်းသားဘာသာစကားတွေနဲ့ ရေးသားထားပြီး မြန်မာဘာသာကို ဘာသာပြန်ဆိုခဲ့ကြပါတယ်။ ဒီစာအုပ်တွေကို စာဖတ်ခြင်းကို မြတ်နိုးတတ်စေဖို့၊ ကလေးတွေရင်းနှီးတဲ့ ဘာသာစကား (မိခင်ဘာသာစကား ဒါမှမဟုတ် ကနဦးဘာသာစကား) နဲ့ ကျွမ်းကျင်သွက်လက်စွာ ပြောဆိုနိုင်ဖို့အပြင် နောက်ပိုင်းမှာ ရုံးသုံးဘာသာစကားဖြစ်တဲ့ “မြန်မာ”ဘာသာစကားကို သင်ယူလေ့လာနိုင်အောင် ပံ့ပိုးပေးရာမှာလည်း အသုံးပြုဖို့ဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်တွေကို ဘာသာစကားပေါင်း ၉၀ နဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်တွေကို မိဘတွေနဲ့ မိသားစုဝင်တွေက အိမ်မှာဖြစ်စေ၊ သူငယ်တန်းကျောင်း၊ မူကြို၊ မိခင်တွေဆွေးနွေးရာရပ်ဝန်း၊ ဆန်းဒေးစကူးလ်၊ ဆေးရုံတွေက ကလေးကုသဆောင် အစရှိတဲ့ ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးရေးဆိုင်ရာ အနေအထားတစ်ခုခုမှာဖြစ်စေ ပုံပြင်တွေဖတ်ပြနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားနေကြရတဲ့ လက်ရှိအခြေအနေမျိုးမှာ ပိုပြီးများပြားတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ စာအုပ်အတူတူဖတ်ရင်း၊ နေ့စဉ်လုပ်ဆောင်ဖွယ်ရာတွေကို အတူတူလုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပျိုးထောင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် ဒီစာအုပ်ကို အွန်လိုင်းကနေ ရယူဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
အတတ်သင်တာမေမေပါပုံပြင်လေးကို ဇိုတုန်တိုင်းရင်းဘာသာနှင့် ယဉ်ကျေးမှုကော်မတီက ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီပုံပြင်ထဲမှာ ကလေးတွေ စိတ်ဝင်စားတဲ့ ငါး၊ သိမ်းငှက်၊ ဂဏန်း၊ ယုန်စတဲ့ တိရစ္ဆာန်အမျိုးအစားများစွာ ပါဝင်ပြီး သူတို့ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးသလို နောက်ပိုင်းမှာ လေ့လာသင်ယူရေးကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီပုံပြင်လေးကတော့ မိခင်က သူ့ရဲ့သားသမီးတွေကို ဘဝရဲ့ အစောပိုင်းအဆင့်မှာ လိုအပ်တဲ့ အရည်အသွေးတွေ ဖွံ့ဖြိုးလာစေဖို့ သင်ကြားပေးတဲ့အကြောင်း ဖြစ်ပါတယ်။ မိခင်တွေဆိုတာ သူတို့သားသမီးတွေကို မေတ္တာနဲ့ သံယောဇဉ်တွေကို ပြသရင်း အဖိုးတန် ဘဝတွက်တာ ကျွမ်းကျင်မှုတွေ၊ လုပ်ဆောင်သင့်တဲ့အရာတွေကို သင်ကြားပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို သိရှိထားသူတွေ ဖြစ်ပါတယ်။
ဒါက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်မျိုးမှာ သိပ်ကိုအသုံးဝင်ပါတယ်။ ကိုယ့်သားသမီးကို အချိန်ပေးရင်း စာဖတ်ပြခြင်းက ကိုယ့်ကလေးတွေကို အချိန်အကန့်အသတ်မရှိတဲ့ ဘဝတွက်တာ ကျွမ်းကျင်မှု သင်တန်းပေးသလိုဖြစ်ပြီး ကိုယ့်ကလေးအပေါ် တစ်သက်တာအကျိုးသက်ရောက်မှု ရရှိစေမှာ ဖြစ်ပါတယ်။
မိသားစုတိုင်းမှာ ကိုယ့်ကလေးတွေကို ကျန်းမာအောင်၊ ပျော်ရွှင်အောင်၊ စူးစမ်းလိုစိတ်ရှိပြီး ယုံကြည်မှုရှိလာအောင် ထောက်ပံ့ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ အရေးအကြီးဆုံးက သူတို့ရဲ့လိုအပ်ချက်တွေကို သူတို့အရင်းနှီးဆုံး ဘာသာစကားနဲ့ တွေးတတ် ဖော်ပြတတ်ဖို့ ဖြစ်ပါတယ်။ ဒီစာအုပ်က ကိုယ်နဲ့ ကိုယ့်ကလေးကို ကူညီပေးနိုင်ဖို့ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။