မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးတွင် ဗုံးသီးပေါက်ကွဲမှုကြောင့် ယောက်ျားလေးနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ ယူနီဆက်ထုတ်ပြန်ချက်
ယူနီဆက်ထုတ်ပြန်ချက်
- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ရန်ကုန်မြို့၊ ဇွန်လ ၂၄ ရက် ၂၀၂၂ ခုနှစ် - ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အသက် ၇ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ဗုံးသီးပေါက်ကွဲမှုအတွင်း ဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရပါသည်။
အဆိုပါဖြစ်ရပ်မှာ ဇွန်လ ၁၉ ရက်နေ့တွင် ကလေးနှစ်ဦးက တောထဲတွင်တွေ့ရှိခဲ့သော မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ကစားနေစဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း (UXO) များသည် မြန်မာနိုင်ငံရှိ ကလေးငယ်များစွာကို အသက်ဆုံးရှုံးစေခြင်းနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြေမြှုပ်မိုင်းနှင့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အနည်းဆုံး ကလေးငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းမှာပင် သေဆုံး ဒဏ်ရာရသူ ကလေးငယ် ၄၇ ဦးအထိ ရှိခဲ့ပါသည်။
ပဋိပက္ခအချိန်များအတွင်း ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အပါအဝင် အားနည်းထိခိုက်လွယ်ဆုံးသူများဖြစ်ကြသည်။ ကလေးငယ်များမှာ လူကြီးများထက် အရွယ်အစားအားဖြင့် ပိုမိုသေးငယ်သောကြောင့် ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝ ခံရနိုင်ဖွယ်ပိုများသည်ဖြစ်ရာ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်ဒဏ်ရာရာနိုင်ချေပိုများပါသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် သေဆုံးဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်သည်။
မည်သို့သော အခြေအနေမျိုးတွင်မဆို ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေးများကို အဓိကထည့်သွင်းစဉ်းစားရပါမည်။ ၂၀၂၂ ခုနှစ် ပထမ ၅ လအတွင်း ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ် ဦးရေ ၂၀,၀၀၀ အား ပေါက်ကွဲစေတတ်သောလက်နက်များအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။
ယူနီဆက်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ထိခိုက်နစ်နာသူများအတွက် အကူအညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) များကို ရှင်းလင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။
မီဒီယာ အဆက်အသွယ်
မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း
ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။
ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန်
https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar