ကလေးများအတွက် စာသင်နှစ်နောက်တစ်နှစ် ရပ်နား၍မဖြစ်နိုင်တော့ပါ

ယူနီဆက် အမှုဆောင်ဒါရိုက်တာ Henrietta Fore ၏ ထုတ်ပြန်ချက်

12 ဇန်နဝါရီလ 2021
UNICEF Myanmar
UNICEF Myanmar/2019/Minzayar Oo

နယူးယော့ခ်၊ ၁၂ ရက် ဇန်နဝါရီလ၊ ၂၀၂၁ ခုနှစ် - “ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုမှာ ဒုတိယမြောက်နှစ်ထဲရောက်ရှိလာပြီး ကမ္ဘာ တစ်ဝှမ်း ရောဂါဖြစ်ပွားမှုများ တဟုန်ထိုးမြင့်မားနေဆဲအချိန်တွင် ကျောင်းများဆက်လက်ဖွင့်လှစ်ထားနိုင်ရန်အတွက် သို့မဟုတ် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်များကိုဦးစားပေးဆောင်ရွက်ရန်အတွက် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားအားထုတ်သင့်ပါသည်။

“ကျောင်းများပိတ်ထားခြင်းကြောင့် ကလေးများအပေါ် ထိခိုက်မှုများရှိကြောင်း များစွာသော အထောက်အထားများနှင့် အတူ ကျောင်းများသည် ကမ္ဘာ့ကပ်ရောဂါကိုတွန်းအားပေးသည့် အရာများမဟုတ်ကြောင်း အထောက်အထားများစွာ ရှိလာသည့်တိုင် နိုင်ငံပေါင်းများစွာက ကျောင်းများကို ဆက်လက်ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြပြီး အချို့ကျောင်းများကို ပိတ်ထားသည်မှာ တစ်နှစ်နီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

“ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများ အမြင့်ဆုံးချမှတ်ထားရချိန်များတွင် ကမ္ဘာ တစ်ဝှမ်းမှ ကျောင်းသားပေါင်း ၉၀ ရာခိုင်နှုန်းခန့် ထိခိုက်နစ်နာခဲ့ရပြီး ကျောင်းသားလူငယ်များ၏ သုံးပုံတစ်ပုံကျော်မှာ အဝေးမှ သင်ကြားရေးကို လက်လှမ်းမီ မရရှိနိုင်ဘဲရှိရာ ကျောင်းများပိတ်ထားခြင်းကြောင့် ဆုံးရှုံးနစ်နာမှုမှာ အလွန်တရာကြီးမားလှသည်။

“ကျောင်းပြင်ပရောက်ရှိခဲ့သည့် ကလေးငယ်ဦးရေမှာ ၂၄ သန်းအထိ မြင့်တက်လာခဲ့ကာ နှစ်ပေါင်းများစွာအတွင်း ကျွန်မတို့ မကြုံတွေ့ခဲ့ကြရဘဲ ကျော်လွှားနိုင်ဖို့ ခဲခဲယဉ်းယဉ်းကြိုးပမ်းကြရသည့် အတိုင်းအတာအထိ ရောက်ရှိလာခြင်းဖြစ်သည်။

“ကလေးများ၏ အဖတ်၊ အရေးနှင့် အခြေခံသင်္ချာစွမ်းရည်များ ထိခိုက်ခဲ့ရပြီး ၂၁ ရာစု စီးပွားရေးတွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် လိုအပ်သော အရည်အသွေးများကို လျော့ကျလာစေပါသည်။

“ကလေးများ၏ ကျန်းမာရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ ဘေးကင်းလုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာပြည့်စုံရေးတို့ကို ထိခိုက်စေမည့် အခြေအနေများ တွေ့ကြုံနေကြရသည်။ ၎င်းတို့ထဲတွင် အားနည်းထိခိုက်လွယ်ဆုံးကလေးများမှာ အပြင်းထန်ဆုံးသော ရိုက်ခတ်မှုဒဏ်များကို ခံကြရမည်ဖြစ်သည်။

“ကျောင်းမှပံ့ပိုးသည့် အစားအစာများ မရရှိကြသည့်အတွက် ကလေးများမှာ ဆာလောင်မွတ်သိပ်ပြီး အာဟာရပြည့်ဝမှု လျော့နည်းလာခဲ့ကြရသည်။ သက်တူရွယ်တူများနှင့် နေ့စဉ်တုံ့ပြန်ထိတွေ့မှုများ မရှိကြဘဲ လှုပ်ရှားသွားလာမှုများလည်း လျော့နည်းလာခြင်းကြောင့် ကာယကြံ့ခိုင်မှုအားနည်းလာပြီး စိတ်ဖိစီးမှု လက္ခဏာများကို တွေ့မြင်လာရသည်။ ကျောင်းများမှပေးသည့် ဘေးကင်းလုံခြုံသော အသိုက်အဝန်းတစ်ခုမရှိသောကြောင့် ကလေးများမှာ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ အရွယ်မရောက်မီ အိမ်ထောင်ပြုရခြင်းနှင့် ကလေးလုပ်သားအဖြစ် ခိုင်းစေခံရခြင်း စသည့်အခြေအနေများ ပိုကြုံတွေ့ရနိုင်ဖွယ်ရှိလာသည်။

“ထို့ကြောင့် ကျောင်းများကိုပိတ်ရန်မှာ အခြားရွေးချယ်စရာအမျိုးမျိုးကို ထည့်သွင်းစဉ်းစားပြီးနောက် မတတ်သာသည့်အဆုံးမှသာ ရွေးချယ်ရသည့် အစီအမံတစ်ခု ဖြစ်ရန်လိုအပ်ပါသည်။

“ကျောင်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များအတွက် ဒေသအဆင့် ရောဂါကူးစက်ပျံ့နှံ့မှု အန္တရာယ်ကို အကဲဖြတ်သုံးသပ်ခြင်းသည် အဓိကဆုံးဖြတ်ပေးသည့်အချက် ဖြစ်သင့်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျောင်းများ ပိတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရပါမည်။ ဒေသတွင်းကူးစက်မှုများ အလွန်များပြားနေပြီး ကျန်းမာရေးစနစ်အပေါ် ကြီးမားသော ဖိစိးမှုများရှိနေကာ ကျောင်းများကိုပိတ်ရန် မဖြစ်မနေလိုအပ်ခဲ့ပါက ဘေးကင်းလုံခြုံရေး အစီအမံများကို စီစဉ်ထားရှိရပါမည်။ ယင်းတို့တွင် မိမိတို့အိမ်၌ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခံရနိုင်သော အန္တရာယ်ရှိသည့် ကလေးငယ်များ၊ ကျောင်းမှပံ့ပိုးသည့် အစားအစာများကို မှီခိုနေရသူ ကလေးငယ်များနှင့် မဖြစ်မနေတာဝန်ထမ်းဆောင်ရန်လိုအပ်သူ မိဘများ၏ ကလေးငယ်များကို စာသင်ခန်းများအတွင်း ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းများ ပါဝင်သည်။

“တစ်နေရာမှတစ်နေရာသို့ အသွားအလာကန့်သတ်သည့် ဖြစ်ရပ်များတွင် အာဏာပိုင်များမှ အသွားအလာ ကန့်သတ်မှုများကို စတင်ဖြေလျှော့သည်နှင့် ကျောင်းများသည် ဦးဆုံးပြန်လည်ဖွင့်လှစ်မှုများတွင် ပါဝင်ရပါမည်။ အဝေးမှသင်ယူလေ့လာရန် လက်လှမ်းမမီသည့် ကလေးငယ်များ နောက်တွင်မကျန်ရစ်ခဲ့စေရန်အတွက် အချိန်ပိုသင်ကြားပေးမည့်အတန်းများ ဖွင့်လှစ်ရေးကို ဦးစားပေးသင့်သည်။

“ကလေးငယ်များက ကျောင်းစာသင်နှစ် နောက်တစ်နှစ်ထပ်မံပိတ်ခြင်းကို ကြုံတွေ့ရမည်ဆိုပါက အကျိုးဆက်များကို လာမည့်မျိုးဆက်သစ်များ ခံစားကြရမည်ဖြစ်ပါသည်။”

မီဒီယာ အဆက်အသွယ်

Guy Taylor
Chief of Advocacy & Policy
UNICEF Myanmar
အီးမေးလ်: gutaylor@unicef.org

UNICEF in Myanmar  

   
UNICEF has been working with the Government and the people of Myanmar since 1950. In partnership with the Government and the civil society, UNICEF’s current focus of work aims at reducing child mortality, improving access and quality of education and protecting children from violence, abuse and exploitation. 

For more information about UNICEF and its work in Myanmar: 

Please visit: https://www.unicef.org/myanmar
Follow us on Facebook: https://www.facebook.com/unicefmyanmar