မြန်မာနိုင်ငံ ပဋိပက္ခတွေအကြား ကြုံတွေ့နေရတဲ့ ပညာရေးအခက်အခဲတွေမှ ပြန်လည်ရုန်းထနိုင်ခြင်း

ရပ်ရွာလူထုပညာရေးက Kim Pu ရဲ့အိပ်မက်တွေကို တဖန်ပြန်လည်မက်ခွင့်ရှိအောင် ကူညီပေးခဲ့ပါတယ်

Theresa Cing Cing
UNICEF Myanmar
UNICEF Myanmar/2024/Helena Cing Lam
22 မတ်လ 2024

Kim Pu လို့ ချစ်စနိုးခေါ်ကြတဲ့ အသက် (၉) နှစ်အရွယ် Tung Siam Kim အတွက်တော့ လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဟာ သူ့ရဲ့အိပ်မက်တစ်ခုပါ။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ နဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် သူ့ရဲ့ပညာရေး ရပ်ဆိုင်းခဲ့ရပါတယ်။ ရုန်းကန်နေရတဲ့ တောင်သူမိသားစုလေးရဲ့ မွေးချင်းခြောက်ယောက်အနက် အငယ်ဆုံးဖြစ်တဲ့ Kim Pu ကတော့ ပညာရေးအရင်းအမြစ်တွေ အကန့်အသတ်ရှိနေပေမယ့် သင်ယူလိုတဲ့စိတ်က ခိုင်မာနေဆဲဖြစ်ပါတယ်။

ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ချင်းပြည်နယ်ရဲ့ ကျေးရွာတွေမှာ ပညာရေးစီမံကိန်းတစ်ခု စတင်လုပ်ဆောင်ချိန်မှာတော့  သူနေထိုင်ရာကျေးရွာရဲ့ ရပ်ရွာသင်ကြားရေးစင်တာမှာ စာရင်းသွင်းသင်ကြားခွင့်ရခဲ့ပါတော့တယ်။ ဒီစီမံကိန်းဟာ ပညာရေး ပြတ်တောက်ခဲ့ရတဲ့ Kim Pu နဲ့ သူ့ရဲ့ ရွယ်တူသူငယ်ချင်းတွေအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကလေးများ၏အခြေခံပညာရေးကို အထောက်အကူပြုသော ပညာရေးလမ်းကြောင်းများဖော်ဆောင်ခြင်း စီမံကိန်း (QBEP4C) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Kim Pu ဟာ အခြားကလေးတွေနဲ့အတူ ရပ်ရွာစာကြည့်တိုက်မှာ မူလတန်းကျောင်းအဆင့် သင်ယူမှုအထောက်အကူပြုပစ္စည်းတွေကို စာလေ့လာရာမှာ အထောက်အကူပြုဖို့အတွက် အသုံးပြုလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် ကျေးရွာစာသင်ကျောင်းကို ပိတ်လိုက်ပြီးနောက်ပိုင်းမှာ ရပ်ရွာသင်ကြားရေးစင်တာဟာ ရပ်ရွာထဲကကလေးတွေအတွက် တစ်ခုတည်းသော ပညာရေးစင်တာဖြစ်လာခဲ့ပါတယ်။

“ကိုဗစ်-၁၉ ကာလမှာ ကျေးရွာစာသင်ကျောင်းကို ပိတ်လိုက်တော့ သားတကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခြေအနေတွေ ဘယ်တော့ပြန်ကောင်းမလဲဆိုတာလည်း မသိဘူး ပြီးတော့ သားတို့ကျောင်းရော ပြန်ဖွင့်ပါတော့မလားလို့ တွေးပြီး စိတ်ပူခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့ ရပ်ရွာသင်ကြားရေးစင်တာအကြောင်းကြားတော့ သား တော်တော်ပျော်သွားတယ်။ အခုဆို သား နေ့တိုင်း စာလည်းသင်နိုင်ပြီ၊ သားသူငယ်ချင်းတွေနဲ့လည်း နေ့တိုင်း တွေ့နိုင်ပြီ” လို့ Kim Pu က ပြောပြပါတယ်။

Kim Pu က မနက် ၆ နာရီမှာ အိပ်ရာကထပြီး မနက် ၉ နာရီကနေ နေ့လယ် ၃ နာရီထိ တက်ရောက်ရမယ့် ရပ်ရွာသင်ကြားရေးစင်တာကိုမသွားခင် သူ့ရဲ့ မနက်ပိုင်းလုပ်ဆောင်စရာရှိတာတွေကို တက်တက်ကြွကြွ လုပ်ဆောင်တတ်ပါတယ်။

"သားကျောင်းက နေ့လယ် ၃ နာရီမှာဆင်းတယ်လေ။ အဲဒီတော့ သား အိမ်မှုကိစ္စတွေကို ကူလုပ်ပေးလို့ရတယ်၊ အဘွားကို ကူပြီးပြုစုပေးလို့ရတယ်၊ တစ်ခါတလေ သားရဲ့သူငယ်ချင်းတွေနဲ့လည်း ဘောလုံးကန်တယ်။ တအားပျော်ဖို့ကောင်းတယ်" လို့ Kim Pu က ပြောပြပါတယ်။

သင်ကြားရေး စင်တာက ဆရာတွေက ကျောင်းသားတွေကို မြန်မာ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ သင်ထောက်ကူပစ္စည်းတွေသုံးပြီး လမ်းညွှန်ပေးတဲ့အပြင် အင်္ဂလိပ်နှင့် ဇိုလိုင် (ချင်းဒေသိယစကား) ဘာသာတွေလို ထပ်တိုးဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ ဆရာတွေက အခြေခံကစပြီး သင်ကြားပေးတဲ့အတွက် ကလေးတွေအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်စေသလို သင်ကြားရေးစင်တာက ကလေးတိုင်းအတွက် ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်စေပါတယ်။

ရပ်ရွာစင်တာမှာ တွေ့ရတဲ့ ထူးထူးခြားခြား သင်ကြားရေးပုံစံတစ်ခုကတော့ အတန်းထဲမှာ တက်တက်ကြွကြွ ပါဝင်ဖို့ကို အားပေးလေ့ကျင့်ပေးတာဖြစ်ပါတယ်။ ကလေးတွေကို သူတို့ရဲ့ စာဖတ်စွမ်းရည်နဲ့ နားလည်မှုစွမ်းရည်တွေအပေါ် ယုံကြည်မှုရှိလာစေဖို့အတွက် သူတို့ရဲ့ ရွယ်တူသူငယ်ချင်းတွေရှေ့မှာ အသံကျယ်ကျယ်နဲ့ ဖတ်ဖို့ တိုက်တွန်းအားပေးပါတယ်။ ကျောင်းသားတွေက ဒီစာဖတ်လေ့ကျင့်ခန်းချိန်တွေတွင်းမှာ အချင်းချင်း အပြန်အလှန်အားပေးကြပြီး အားလုံးပါဝင်ခွင့်ရတယ် ဆိုတဲ့ ခံစားချက်ကို ရစေတဲ့အတွက် ဒီလေ့ကျင့်ခန်းချိန်တွေဟာ ကျောင်းသားတွေအကြား တန်းတူညီမျှတဲ့ စာသင်ယူမှုပတ်ဝန်းကျင်တစ်ခုဖြစ်စေဖို့ တွန်းအားတစ်ခုလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ နားထောင်နေတဲ့ ပရိတ်သတ်ရှေ့မှာ အသံကျယ်ကျယ်နဲ့ စာဖတ်ခြင်းဟာ Kim Pu လို ငယ်ရွယ်သူတွေတောင်မှ လူအများရှေ့စကားပြောခြင်း စွမ်းရည်ကို ဖွံ့ဖြိုးစေပြီး လူတွေရှေ့ပြောဆိုရမှာ ကြောက်ရွံ့ခြင်းကိုလည်း ကျော်လွှားနိုင်အောင်လည်း ကူညီပေးပါတယ်။

ရပ်ရွာသင်ကြားရေးစင်တာမှာ တက်ရောက်ပြီး ဒီလို သင်ယူမှု လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်ခဲ့ချိန်ကစပြီး Kim Pu ရဲ့ မြန်မာဘာသာစကား နားလည်မှုစွမ်းရည် တိုးတက်လာတာ တွေ့ရပါတယ်။

"လတိုင်းစစ်တဲ့ စာမေးပွဲတွေမှာ သားကောင်းကောင်းဖြေနိုင်တယ်၊ ပထမ ဒုတိယအဆင့်တွေရတယ်" လို့ Kim Pu က ပြောပြပါတယ်။

Kim Pu က သူ့ရဲ့ လေယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အင်္ဂလိပ်စာ လေ့လာဖို့ကိုလည်း စိတ်အားထက်သန်နေပါတယ်။ "သားအင်္ဂလိပ်စာ ကောင်းကောင်းတတ်ချင်တယ်၊ အင်္ဂလိပ်စာ ကျွမ်းကျင်ရင် လေယာဉ်မှူးဖြစ်ဖို့ အထောက်အကူပြုတယ်လို့ ကြားဖူးတယ်။"

Kim Pu လိုကလေးတွေအတွက် ဒီလိုပညာရေးအခွင့်အလမ်း အကျိုးသက်ရောက်မှုတွေက များပြားလှပါတယ်။ အားလုံးအတွက် အသုံးပြုခွင့်ပေးထားတဲ့ သင်ထောက်ကူပစ္စည်းတွေက အိမ်မှာ သီးခြားလေ့လာဖို့လိုအပ်တဲ့ အချိန်တွေကို လျှော့ချပေးပြီး ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုသာမက ကလေးတွေရဲ့ စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။  

Kim Pu ရဲ့ ဖခင်ဖြစ်သူက ရပ်ရွာပညာသင်ကြားရေးစင်တာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

" ကျွန်တော်တို့က မိသားစုများတယ်။ အခုဖြစ်နေတဲ့အနေအထားတွေကြောင့် ကျွန်တော့်မှာ ပုံမှန်ဝင်ငွေမရှိဘူး။ ရပ်ရွာသင်ကြားရေးစင်တာရဲ့ ကျေးဇူးနဲ့ ကျွန်တော့်သားသမီးတွေ ပိုကောင်းတဲ့ အနာဂတ်ကို ပုံဖော်ခွင့်ပြန်ရတယ်။ ကျွန်တော် သိပ်ကျေးဇူးတင်ပါတယ်။"

ရပ်ရွာသင်ကြားရေးစင်တာဟာ အထူးသဖြင့် ကလေးတွေရဲ့ပညာရေးအတွက် မိသားစုတွေရဲ့ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကို ပြေလျော့စေဖို့ သိပ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

“Kim Pu နဲ့ တခြားကလေးတွေအားလုံးက တော်တော်လေးကို ကြိုးကြိုးစားစား စာလုပ်ကြတာ ကျွန်တော်သတိထားမိတယ်။ အခုဆိုရင် Kim Pu ရဲ့ စာအရေးအသား တိုးတက်လာပြီ၊ စာလုံးပေါင်းတွေဆိုရင် အတိအကျကို မှန်လာပြီ။ သူတို့အားလုံး အတူအတူ စာသင်ရတာကို ပျော်နေကြတယ်။ ကျွန်တော်တို့ရွာကိုယ်စား ဒီစီမံကိန်းကို သိပ်ကျေးဇူးတင်ပါတယ် "လို့ Kim Pu ရဲ့ဖခင် Pa Awn က ဆိုပါတယ်။

ရပ်ရွာသင်ကြားရေးစင်တာဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေက Kim Pu တို့လို ကလေးတွေအတွက်မျှော်လင့်ချက် ပြယုဂ်တစ်ခုဖြစ်ပါတယ်။ QBEP4C စီမံချက်က ပံ့ပိုးပေးတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ကလေးတွေအတွက် စေတနာထားတဲ့ ဆရာတွေ ရှိလာတဲ့အတွက် ဒီရပ်ရွာအသိုင်းအဝိုင်းတွေက ကလေးတွေဟာ ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကို အိပ်မက်မက်ခွင့်ရဖို့၊ သင်ယူဖို့နဲ့ အခွင့်အရေးတွေ ရရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ နည်းပါးလာပြီး မူလတန်းကျောင်းသား ၃ ဦးမှာ ၁ ဦးနဲ့ အလယ်တန်းကျောင်းသားထက်ဝက်ခန့်ဟာ ပညာရေးကို လက်လှမ်းမီဖို့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဖင်လန်နိုင်ငံ၊ အီးယူနဲ့ DFAT တို့က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ QBEP4C ပညာရေးအစီအစဉ်က လေ့လာသင်ယူရေး လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ပြီး ဧရာဝတီ ၊ ပဲခူး ၊ ချင်း၊ ကချင် ၊ မကွေး ၊ ရခိုင် ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့ရှိ မြို့နယ် ၃၉ ခုမှ ကလေးငယ် ၇၈, ၈၂၃ ဦးအတွက် ရွေးချယ်စရာ ပညာရေးလမ်းကြောင်းတွေကို ဖော်ဆောင်ပေးပြီး ပညာရေးနဲ့ အဆက်မပြတ်အောင် ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။