ချင်းပြည်နယ်ရှိ ရပ်ရွာအခြေပြု လေ့လာသင်ယူမှုက ပညာရေးစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အထောက်အကူပြု
"သမီးက သင်္ချာ ကြောက်တယ်၊ ဒါပေမယ့် အခု ရနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သင်ထောက်ကူပစ္စည်းတွေကို သုံးပြီး အခြေခံကနေသင်ပေးတော့ သမီး မကြောက်တော့ဘူး။" Muang Nu ၊ ၃ တန်း ကျောင်းသူ
- English
- မြန်မာ
Niang Suan Muang ခေါ် Muang Nu ဟာ မြန်မာနိုင်ငံမြောက်ပိုင်း အိန္ဒိယနယ်စပ်အနီး ပဋိပက္ခဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ကျေးရွာလေးတစ်ခုက အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ သွားလာရခက်ခဲပြီး ဒီလိုဝေးလံခေါင်သီလှတဲ့ ဒေသမှာ နိုင်ငံရေး ပဋိပက္ခတွေကလည်း မပြတ်ဖြစ်ပွားနေတာကြောင့် Muang Nu တို့လို ကလေးတွေအတွက် ပညာရေးနဲ့ တခြားမရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ရပြီး မူလတန်းကျောင်းသား ၃ ဦးမှာ ၁ ဦးနဲ့ အလယ်တန်းကျောင်းသား ထက်ဝက်ခန့်ဟာ ပညာသင်ယူခွင့်ရရှိဖို့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဖင်လန်နိုင်ငံ၊ အီးယူနဲ့ DFAT တို့က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ QBEP4C ပညာရေးအစီအစဉ်က လေ့လာသင်ယူရေး လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ပြီး ဧရာဝတီ ၊ ပဲခူး ၊ ချင်း ၊ ကချင် ၊ မကွေး ၊ ရခိုင် ၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တို့ရှိ မြို့နယ် ၃၉ခုက Muang Nu အပါအဝင် ကလေးငယ် ၇၈, ၈၂၃ ဦးအတွက် တခြားရွေးချယ်စရာ ပညာရေးလမ်းကြောင်းတွေ ဖော်ဆောင်ပေးပြီး ဒီပြဿနာကို ဖြေရှင်းပေးလျက်ရှိပါတယ်။
Muang Nu လို ကြိုးစားတဲ့ ကျောင်းသူတစ်ယောက်အတွက် သူ့ရဲ့တစ်နေ့တာ လုပ်ငန်းစဉ်တွေကတော့ - မနက် ၆ နာရီခွဲထပြီး ကျောင်းသွားဖို့ ပြင်ဆင်ပါတယ်။ ကျောင်းက မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိပါ။ ကျောင်းကပြန်ရောက်တဲ့အခါ မိသားစုကို အိမ်အလုပ်တွေ ကူညီပေးပြီး ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ရပ်ရွာသင်ကြားရေးစင်တာမှာ သွားတက်ပါတယ်။
Muang Nu တို့လို ကလေးငယ်တစ်ယောက်အတွက် ကျောင်းချိန်နှစ်ချိန်တက်ရတာက ပင်ပန်းတယ်လို့ ထင်ရနိုင်ပေမယ့် သူကတော့ "သမီးက ကျောင်းဆင်းသွားလို့ နောက်ထပ်အတန်းထပ်တက်ရတာ စိတ်မညစ်ပါဘူး။ ဘာလို့လဲဆိုတော့ အတန်းတွေက စိတ်ဝင်စားဖို့ကောင်းတယ်၊ ပြီးတော့ သမီးရဲ့ သင်္ချာအတွက်လည်း အများကြီးအထောက်အကူရတယ်" လို့ ဆိုပါတယ်။
သူက စာဖတ်ဖို့အားသန်သူတစ်ယောက်ဖြစ်ပြီး မြန်မာဘာသာကို ထူးထူးခြားခြား နှစ်သက်သူပါ၊ ဒါပေမဲ့လည်း သူက သင်္ချာဘာသာမှာတော့ အားနည်းပါတယ်။ သူက သင်္ချာဘာသာအတွက် များစွာစိုးရိမ်ပူပန်တဲ့အကြောင်း ပြောခဲ့ပေမယ့် အခုအခါမှာတော့ သင်ထောက်ကူပစ္စည်းတွေရဲ့ အကူအညီနဲ့ "သမီးရဲ့ ဆရာတွေနဲ့ ရပ်ရွာစင်တာမှာ သင်ယူရတာတွေအတွက် ကျေးဇူးတင်ပါတယ် ၊ သင်္ချာဘာသာက အခု သမီးအတွက် ပိုလွယ်ကူလာပါပြီ။ ပျော်စရာကောင်းတယ်လို့တောင် ထင်လာပါပြီ" လို့ ဆိုပါတယ်။
ဘာသာရပ်အမျိုးမျိုးရဲ့ အခြေခံတွေနဲ့ ရုန်းကန်နေရတဲ့ ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်တဲ့ ရပ်ရွာသင်ကြားရေးဆရာတွေက ဘာသာရပ်တစ်ခုစီမှာ ခိုင်မာတဲ့အုတ်မြစ်တစ်ခု တည်ဆောက်ပေးဖို့ ရည်ရွယ်ထားကြပါတယ်။ အားနည်းချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သင်ယူမှုကို ကြောက်ရွံ့ခြင်းမရှိဘဲ ချဉ်းကပ်နိုင်အောင် သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုကြပါတယ်။
Muang Nu က ရုပ်ပြပုံပြင်စာအုပ်တွေကို ဖတ်ရှုဖို့ ကျောင်းချိန်ပြင်ပမှာရပ်ရွာစာကြည့်တိုက်ကို မကြာခဏသွားလေ့ရှိပါတယ်။ ဒီအလေ့အကျင့်က သူ့ကို စာဖတ်နှုန်း၊ စာလုံးပေါင်းနဲ့ ဝါကျတွေကို ပိုပြီးနားလည်လာစေဖို့ သိသိသာသာကို အထောက်အကူပြုပါတယ်။ ဒါက သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သင်းအုပ်ဆရာဖြစ်ဖို့ ရည်မှန်းချက်နဲ့လည်း ပိုပြီးနီးလာစေပါတယ်။
ရပ်ရွာသင်ကြားရေးစင်တာရဲ့ အကျိုးကျေးဇူးတွေက ကလေးတွေရဲ့ သင်ယူလုိစိတ်တင်မဟုတ်ဘဲ မိသားစုတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိပါတယ်။
"Muang Nu ရပ်ရွာသင်ကြားရေးစင်တာကို စသွားတဲ့အချိန်ကစပြီး သူ့ကို စာလုပ်ဖို့ တွန်းစရာမလိုတော့ဘူး။ သူ့မှာ သူ့ကိုယ်ပိုင် စာလုပ်ဖို့အချိန်ဇယားရှိလာပြီ၊ ပြီးတော့ စင်တာမှာ သူငယ်ချင်းတွေနဲ့ တွေ့ရတာကလည်း သူ့ရဲ့သင်ယူတဲ့အတွေ့အကြုံကို တိုးစေတယ်။"
Muang Nu ရဲ့ မိခင်က “ကျွန်မလည်း သူ သင်္ချာကိုပိုနားလည်လာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာတာပဲ။ မတွေ့ခဲ့ဘူးပေါ့နော်။ ခုကလေးတွေကို ပေးသုံးတဲ့ သင်ထောက်ကူ စာအုပ်တွေက တော်တော်လေး ကောင်းတယ်။ ခု ကျွန်မအကူအညီ မလိုတော့ဘူးဆိုတော့ ကျွန်မအနေနဲ့ အိမ်အလုပ်တွေနဲ့ စိုက်ပျိုးရေးအလုပ်တွေကို ပိုပြီးအာရုံစိုက်နိုင်လာပြီ။" လို့ ဖြည့်စွက်ပြောပြပါတယ်။
အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေလို ခက်ခဲတဲ့အချိန်တွေမှာ ကလေးတွေကို သူတို့ရွာမှာ ပညာသင်ကြားနိုင်အောင် ကူညီပေးခဲ့တဲ့ စီမံကိန်းကို Muang Nu ရဲ့ မိခင်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ ရပ်ရွာသင်ကြားရေးစင်တာနဲ့ သင်ေထာက်ကူပစ္စည်းတွေကြောင့် Muang Nu လို ကလေးတွေက စာလေ့လာရာမှာ ပိုပြီး အမှီအခုိကင်းလာသလို မိသားစုတွေအနေနဲ့လည်း ကလေးတွေစာမလိုက်နိုင်တဲ့အခါ လမ်းညွှန်ပေးဖို့နဲ့ပတ်သက်ပြီး စိုးရိမ်တာတွေကိုလည်း လျော့ပါးစေပါတယ်။ သင်္ချာဘာသာနဲ့ ရုန်းကန်နေရတာကနေ သင်္ချာတွက်ရတာပျော်တဲ့အထိ သင်ယူနိုင်ခဲ့တဲ့ Muang Nu ရဲ့ ဇာတ်လမ်းလေးဟာ ထိရောက်တဲ့ သင်ကြားရေးနည်းလမ်းတွေက ကလေးတွေရဲ့ ပညာရေးလမ်းစတွေကို ဖွင့်ပေးနိုင်တယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။