ဆောင်းပါး
"ကျွန်တော့်သားနှစ်ယောက်စလုံးကို ပညာတတ်စေချင်တယ်"
မြန်မာနိုင်ငံအရှေ့ပိုင်းက မိသားစုလေးတစ်ခုရဲ့ မသန်စွမ်းသားငယ်လေးရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် မိသားစုတွေ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြပါတယ်
UNICEF Myanmar

- English
- မြန်မာ
11 ဇွန်လ 2024
မောင်စိုင်းကျော် ၃ လသားအရွယ်မှာ ပထမဆုံး အတက်ဝေဒနာကို ခံစားခဲ့ရပြီး ခဏတာသတိလစ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသိသာသာ ထိခိုက်စေခဲ့ပြီး သူ့ရဲ့စကားပြောနိုင်စွမ်းကို ထိခိုက်စေခဲ့ပါတယ်။
ဒီနေ့အထိ သူပြောနိုင်တဲ့ အဓိပ္ပါယ်ဖော်နိုင်တဲ့ တစ်ခုတည်းသော စကားလုံးက သူ့အဖေကိုခေါ်တဲ့ "ဘာဘာ" ဆိုတာပဲဖြစ်ပါတယ်။
ငယ်စဥ်ကတည်းက နှစ်လခြားတစ်ခါ သုံးလခြားတစ်ခါ အတက်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မိသားစုတွေအနေနဲ့ အကျပ်အတည်းကာလအတွင်းမှာပဲ သူ့ကို မြန်မြန်ဆန်ဆန် ဆေးရုံပို့ကြရပါတယ်။ သူ့အခြေအနေပိုဆိုးရွားလာတဲ့အချိန်တွေမှာ မိသားစုက ဆေးရုံပို့ဖို့အတွက် အိမ်နီးချင်းတွေဆီကနေ ငွေချေးရပါတယ်။ တောင်ကြီးမြို့က ဆေးခန်းကို ကားတတန် လှေတတန်နဲ့သွားကြရပြီး ခရီးစရိတ်တစ်ခုတည်းတင် အနည်းဆုံး ငွေငါးသောင်းကျပ်ခန့် ကုန်ကျပါတယ်။

ကိုမျိုးဇော်သန်းနဲ့ မခိုင်ဇာဝင်းတို့က သားသမီးအပေါ် ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာနဲ့ အလေးအနက်ထားချစ်ခင်ပေးကြပေမယ့် မသန်စွမ်းသားငယ်ရဲ့ ရေရှည်ဆေးဝါးကုန်ကျစရိတ်အကြွေးတွေက နှစ်နဲ့ချီကြာမြင့်လာတဲ့အခါ သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့ပါတယ်။ နေ့စားအလုပ်သမားတစ်ဦးဖြစ်သူ ကိုမျိုးဇော်သန်းက အင်းလေးကန်တဝိုက်က အခြားသူပိုင် ကျွန်းမျောတွေပေါ်မှာ အလုပ်လုပ်ပြီး တစ်နေ့ကို ၅၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်ခန့်သာ ဝင်ငွေရှိပါတယ်။ ဒီလိုပဲ မခိုင်ဇာဝင်းကလည်း အိမ်မှာ အိမ်မှုကိစ္စလုပ်၊ ချက်ပြုတ်ကျွေးမွေးရင်း သားသမီးတွေကို စောင့်ရှောက်ပါတယ်။ မိဘဖြစ်သူနှစ်ယောက်စလုံးက စားဝတ်နေရေးအခက်အခဲတွေ ရှိနေခဲ့ပေမယ့် သူတို့ရဲ့သားငယ်အတွက် အကောင်းဆုံးစောင့်ရှောက်မှုပေးဖို့ကိုပဲ အမြဲကြိုးစားနေခဲ့ကြပါတယ်။
"သားလေးကို အကောင်းဆုံးပံ့ပိုးချင်ပေမယ့်လည်း လက်တွေ့ဘဝကတော့ ခက်ခဲလွန်းပါတယ်" လို့ ပြောပြတဲ့ မခိုင်ဇာဝင်းရဲ့ မျက်လုံးထဲမှာ သူတို့ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို မြင်နေရပါတယ်။ "သူ့ဆေးကုသစရိတ်အကြွေးတွေက ကျွန်မတို့အပေါ် အမြဲလိုလိုဖိစီးနေခဲ့ပါတယ်။ ကျွန်မအမျိုးသားက နေ့စဉ်ပင်ပင်ပန်းပန်း အလုပ်လုပ်တယ်ဆိုပေမယ့် စားလောက်ရုံလောက်လေးပဲရတယ်။ ကျွန်မကလည်း အိမ်မှုကိစ္စလုပ်ရင်း ကလေးတွေကို စောင့်ရှောက်ရတယ်။ ဒါပေမဲ့ ကျွန်မတို့က ဘာပဲဖြစ်နေနေ ကျွန်မတို့သားကို အကောင်းဆုံးဖြစ်အောင် ဆက်ပြီးစောင့်ရှောက်မှာပါ" လို့ ပြောပြပါတယ်။

အားလပ်ချိန်တွေမှာ မခိုင်ဇာဝင်းက ဆေးပေါ့လိပ်လိပ်ပြီး ဆေးပေါ့လိပ်တစ်လိပ်ကို ငါးကျပ်ရပါတယ်။ မဆိုစလောက် ဝင်ငွေဆိုပေမယ့် မခိုင်ဇာဝင်းက တစ်နေ့ကို ဆေးလိပ်အလိပ်ပေါင်း ၄၀၀-၅၀၀ အထိရအောင် ကြိုးစားလိပ်ပြီး ၂၀၀၀-၂၅၀၀ ကျပ်ခန့်ရတတ်ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ လိုအပ်ချက်များလွန်းတဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းခဲ့ပါတယ်။
သားအကြီးဖြစ်သူ မောင်ကြယ်စုံထက် ၁၃ နှစ်က အထက်တန်းကျောင်းတက်နေပြီဖြစ်ပေမယ့် မိသားစုက သားငယ်ဖြစ်သူ မောင်စိုင်းကျော်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ခက်ခဲခဲ့ကြပါတယ်။ မောင်စိုင်းကျော်က သူ့ရဲ့တစ်ကိုယ်ရည်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့တောင် မစွမ်းနိုင်တဲ့အတွက် မိဘဖြစ်သူတွေက ကလေးကို ကျောင်းထားဖို့မဝံ့မရဲဖြစ်ခဲ့ကြပြီး တခြားအရာတွေထက် သူ့ကိုစောင့်ရှောက်ဖို့နဲ့ သူ့အကျိုးကိုပဲ ဦးစားပေးခဲ့ကြပါတယ်။

"ခက်ခဲလွန်းတဲ့ အဖြစ်မှန်ကို လက်ခံပြီး ကျွန်မတို့ သားကောင်းကျိုးအတွက် ခက်ခဲတဲ့ရွေးချယ်မှုကို ကျွန်မတို့လုပ်ခဲ့ရတာပါ။ သူ ကျောင်းမတက်ရတာကိုမြင်ရတာ စိတ်မကောင်းပေးမယ့် သူ့ကျန်းမာရေးနဲ့ သူကောင်းကောင်းနေရဖို့ကို ဦးစားပေးခဲ့ပါတယ်။” လို့ မခိုင်ဇာဝင်းက မျက်ရည်ဝိုင်းပြီး ပြောပြပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ယူနီဆက်ဖ်က မသန်စွမ်းကလေးငယ်ရှိတဲ့ မိသားစုတွေကို စာရင်းသွင်းဖို့အတွက် ကျေးရွာကို လာရောက်မယ့်အကြောင်း အိမ်နီးချင်းတစ်ဦးဆီကတစ်ဆင့် ကြားသိခဲ့ရပါတယ်။ "အစကတော့ ဘာအတွက်လဲဆိုတာကို သေချာမသိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မသားလေးနဲ့အတူ သွားဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ မိခင်ဖြစ်သူက ပြန်ပြောင်းပြောပြပါတယ်။ "ယူနီဆက်ဖ်အဖွဲ့က မသန်စွမ်းကလေးတွေအတွက် ဖေးမကူညီရေး အစီအစဉ်အကြောင်း ရှင်းပြပြီး ကျွန်မသားနဲ့ပတ်သက်တဲ့ အသက်၊ ရောဂါလက္ခဏာတွေနဲ့ အခြေအနေတွေအကြောင်း အသေးစိတ် မေးမြန်းခဲ့ပါတယ်။" သူတို့က မိုဘိုင်းတက်ဘလက်သုံးပြီး ကလေးရဲ့အချက်အလက်တွေကို အသေးစိတ်မှတ်တမ်းတင်ခဲ့ပါတယ်။"

သုံးလခန့်အကြာမှာ မောင်စိုင်းကျော်ရဲ့မိသားစုကို စီမံချက်ဝန်ထမ်းတစ်ဦးက ဖုန်းခေါ်ဆိုခဲ့ပြီးနောက်မှာတော့ ထောက်ပံ့ကြေးထုတ်ယူပုံ နည်းလမ်းတွေပါတဲ့ စာသားမက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ပါတယ်။ "၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ယူနီဆက်ဖ်ကနေ ကျွန်တော်တို့ တစ်လကို ၄၂,၀၀၀ ကျပ် ထောက်ပံ့ကြေး စရခဲ့တာဆိုတော့ အခုဆိုရင် စုစုပေါင်း ခြောက်လရှိပါပြီ" လို့ ဖခင်ဖြစ်သူ ကိုမျိုးဇော်သန်းက ပြောပြရင်း အရင်က ဒီလိုထောက်ပံ့မှုမျိုး တစ်ခုမှ မရခဲ့ဖူးကြောင်းလည်း ပြောပြပါတယ်။ "ကျွန်တော်တို့ သားလေး ဒီလိုထောက်ပံ့မှုရမယ်ဆိုတာ သိလိုက်ရတော့ ဝမ်းသာရသလို စိတ်သက်သာရာလည်း ရခဲ့ပါတယ်။ ငွေရေးကြေးရေးအကူအညီတင်မကပါဘူး၊ ကျွန်တော်တို့နဲ့ ဘဝတူ မိသားစုတွေရှိတယ်၊ အချိတ်အဆက်တွေလည်းရခဲ့တော့ အားဖြစ်စေပါတယ်။”
မိဘတွေက ယူနီဆက်ဖ်က ပထမဆုံးရတဲ့ ထောက်ပံ့ကြေးတွေကိုသုံးပြီး မောင်စိုင်းကျော်ကို တောင်ကြီးမြို့က အထူးကုဆေးခန်းမှာ ပြခဲ့ကြပါတယ်။ သားတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေကို မေးတဲ့အခါမှာ ကိုမျိုးဇော်သန်းက "သူ့အစ်ကို ကြယ်စုံထက်ရဲ့ အိပ်မက်က အင်ဂျင်နီယာဖြစ်ချင်တာဆိုပေမယ့် သားစိုင်းကျော်အတွက် ကျွန်တော်တို့ဆန္ဒက သူနေမကောင်းတဲ့အချိန်မှာ ပြုစုစောင့်ရှောက်နိုင်အောင် ဒီအတိုင်းလေးပဲ အနားမှာထားချင်တယ်။" သူကဆက်ပြီး "ကျွန်တော်တို့ရဲ့ အကြီးဆုံးမျှော်လင့်ချက်ကတော့ ကျွန်တော်တို့သားနှစ်ယောက်လုံး ပညာတတ်ဖို့ပါ။"

၂၀၂၃ ခုနှစ်အတွင်းမှာ ယူနီဆက်ဖ်အဖွဲ့တွေက ရောက်ရှိဖို့ခက်ခဲတဲ့ ဒေသတွေအပါအဝင် ထိခိုက်လွယ်ပြီး ပဋိပက္ခဒဏ်သင့် ဒေသတွေက မသန်စွမ်းသူပေါင်း ၂၅,၅၀၀ ဦးကို စိစစ်မှတ်တမ်းတင်ရာမှာ မောင်စိုင်းကျော်တို့ မိသားစုလည်း ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် မောင်စိုင်းကျော်တို့ မိသားစုအပါအဝင် အိမ်ထောင်စုပေါင်း ၂,၅၁၁ စုဟာ နှစ်လတစ်ကြိမ် ထောက်ပံ့ကြေး ရရှိခဲ့ကြပြီး မသန်စွမ်းကလေးငယ် ၂,၆၁၁ ဦးနဲ့ သူတို့ရဲ့ စောင့်ရှောက်သူပေါင်း ၉,၇၄၈ ဦးအတွက် အရေးပါတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်က ရပ်ရွာအသိုင်းအဝိုင်းထဲက ဘဝတူမိသားစုတွေအချင်းချင်း ချိတ်ဆက်နိုင်အောင်လည်း ကူညီပေးတဲ့အတွက် အရေးပါတဲ့ ပံ့ပိုးမှုနဲ့ စည်းလုံးညီညွတ်မှု ကွန်ရက်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်။