မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဋိပက္ခကြားမှ ကလေးများအတွက် ထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့

အပူပိုင်းဒေသအတွင်းကအန္တရာယ်

By Conner McAlary
UNICEF Myanmar
©2022/Local Partner
15 မတ်လ 2023
UNICEF Myanmar
©2022/Local Partner ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်းတွေက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂိမ်း အစီအစဥ်တွေ ပြုလုပ်ပေးစဉ်။

မဆိုင်းနု အလွန်ကိုစိုးရိမ်နေခဲ့ရပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေက ကွင်းဆင်းသွားတာ အခုဆို ပြန်ရောက်သင့်နေပါပြီ။ သူတို့ရဲ့မိုဘိုင်းဖုန်းတွေကို ဆက်သွယ်ဖို့ကြိုးစားပေမယ့်လည်း အဆက်အသွယ်မရခဲ့ပါဘူး။ 

“ကျွန်မက ဒီပရောဂျက်ရဲ့ မန်နေဂျာဆိုတော့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးက ကျွန်မရဲ့ တာဝန်တစ်ခုပဲလေ" လို့ သူက ဖြစ်ရပ်ကို ပြန်အမှတ်ရပြီး ပြောပြပါတယ်။ 

မနေ့က မြန်မာနိုင်ငံအလယ်ပိုင်းက ပဋိပက္ခပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတစ်ရွာမှာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ပေးဖို့အတွက် ယူနီဆက်ရဲ့ ဒေသခံ မိတ်ဖက် ဝန်ထမ်း နှစ်ဦးဖြစ်တဲ့ မအေးအေးနှင့် မသဉ္ဇာတို့နှစ်ယောက် သွားရောက်ခဲ့ကြပါတယ်။

ခရီးသွားလာမှုနဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် ညနေစောင်းသွားတဲ့အခါ ကျေးရွာတွေမှာဝန်ထမ်းတွေ ညအိပ်ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်က ဒီနေ့ဆို ပြန်ရောက်နေရမှာပါ။ 

ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေတဲ့ကြားကပင် မြန်မာနိုင်ငံ အလည်ပိုင်းဒေသတစ်ဝန်းရှိ ပဋိပက္ခဒဏ်သင့်ရပ်ရွာတွေဆီ မရှိမဖြစ်အရေးပါတဲ့ အကူအညီများ ဆက်လက်ပို့ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ ဗဟိုအရေးပေါ် တုံ့ပြန်ဖြေရှင်းရေး ရန်ပုံငွေ (UN Central Emergency Response Fund (CERF)) မှ ရန်ပုံငွေဖြင့် ယူနီဆက်က မဆိုင်းနုတို့အဖွဲ့လိုမျိုး ဒေသခံ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ကလေးသူငယ်ကာကွယ်ပေးရေး အသိပညာများ ဖြန့်ဝေပေးဖို့၊ ဒေသတွင်း ကလေးသူငယ် ကာကွယ်ရေးစနစ်တွေနဲ့ အစီရင်ခံ လမ်းကြောင်းတွေကို အဆင့်မြှင့်တင်ဖို့နဲ့ ပဋိပက္ခဒဏ်သင့် ကလေးသူငယ်တွေနဲ့ မိသားစုတွေအတွက် ကလေးသူငယ်စောင့်ရှောက်ရေး အစီအစဥ်များ အပါအဝင် တခြား အကူအညီများနဲ့ အထောက်အပံ့များ ပံ့ပိုးပေးဖို့အတွက် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။  

UNICEF Myanmar
©2022/Local Partner ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်းတွေက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂိမ်း အစီအစဥ်တွေ ပြုလုပ်ပေးစဉ်။

မဆိုင်းနုက သူ့လုပ်ဖော်ကိုင်ဖက်တွေ ရောက်ရှိနေတဲ့ ရွာအနီးမှာ လက်နက်ကိုင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း သူ့ အဆက်အသွယ်တွေကတစ်ဆင့် ကြားသိခဲ့ရပါတယ်။ “ကျွန်မ အဲဒီနယ်မြေမှာရှိနေတဲ့ အဆက်အသွယ်တိုင်းကို ဖုန်းခေါ်ပြီးဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ထပ် ဘာသတင်းမှမရတော့ပါဘူး” လို့ သူက ပြောပြပါတယ်။ “အဲ့အချိန်မှာ ကျွန်မ အရမ်းကို စိုးရိမ်ခဲ့ရပါတယ်”

မဆိုင်းနု ထပ်ပြီး ဖုန်းခေါ်ကြည့်ပါတယ် - ဒါပေမယ့် ဘယ်သူမှ သူ့ဖုန်းကို မကိုင်ကြတော့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း ပဋိပက္ခတွေ တိုးလာနေတဲ့အချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသကတော့ ပဋိပက္ခအပြင်းထန်ဆုံး နေရာတစ်ခုဖြစ်လာပါတယ်။

ပဋိပက္ခတွေကြောင့် လူအများအပြား အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၈၅၅,၀၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းဒေသတစ်ခုတည်းမှာတင် အနည်းဆုံး လူဦးရေ ၆၂၄,၀၀၀ ခန့်ရှိပါတယ်

အဲဒီနေ့အစောပိုင်းက မအေးအေးနဲ့ မသဉ္ဇာတို့ မနက်မိုးလင်းတာနဲ့ ရွာမှာ စီစဉ်ထားတဲ့ တစ်နေ့တာ အစီအစဥ်တွေအတွက် ပြင်ဆင်နေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ မနက် ၁၁ နာရီလောက်ရောက်တော့ စစ်တပ်က အနီးအနားက ရွာတစ်ရွာကို ရုတ်တရက်ရောက်လာပြီး ရှာဖွေမှုတွေလုပ်တယ်ဆိုတဲ့ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ခု သူတို့ကြားလိုက်ရပါတယ်။ စစ်တပ်နောက်ထပ်ဝင်လာမယ့်ရွာက သူတို့ရွာဖြစ်နိုင်တယ်လို့ ယူဆပြီး ရွာသားတွေက အနီးအနားက လယ်ကွင်းတွေထဲ ပြေးဖို့ အမြန်စီစဉ်ကြပါတယ်။

ရွာသားတွေက မသဉ္ဇာနဲ့ မအေးအေးတို့ကို သူတို့နဲ့အတူလိုက်ခဲ့ဖို့ တိုက်တွန်းခဲ့ကြတယ်။ တခြားရွေးချယ်စရာမရှိမှန်းသိလို့ နှစ်ယောက်စလုံး လိုက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ် – သူတို့နှစ်ယောက်ဟာ စောင်တစ်ထည်နဲ့ အစားအသောက်တချို့ကို ထုပ်ပိုးပြီး ကျန်တဲ့ ရွာသားတွေနဲ့အတူ ထွက်ခဲ့ကြပါတယ်။

ရွာသားတွေက ပစ္စည်းတွေကို လှည်းတွေပေါ် စုပုံတင်ပြီး တချို့ အဖိုးတန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် မြှုပ်နှံကြ၊ ဖွက်ခဲ့ကြပြီး အဆိုးဆုံးအတွက်စဉ်းစားပြီး ပြင်ဆင်ခဲ့ကြပါတယ်။ တချို့က မော်တော်ဆိုင်ကယ်တို့၊ စက်ဘီးတို့ စီးသွားကြပေမယ့် အများစုကတော့ လမ်းလျှောက်သွားကြပါတယ်။ ဘေးကင်းဖို့အတွက် မျှော်လင့်ရင်း မိခင်တွေက သူတို့ ကလေးငယ်တွေကို တင်းတင်းကြပ်ကြပ် ပွေ့ချီပြီးသွားကြသလို ဖခင်တွေကလည်း သားသမီးလေးတွေရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး သွားခဲ့ကြပါတယ်။

ရွာသားတွေအနေနဲ့ အခုလိုမျိုး ထွက်ပြေးတိမ်းရှောင်ရတာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။

အားလုံးလဲထွက်သွားတော့ ရွာကြီးတစ်ခုလုံးက တိတ်ဆိတ်ပြီး လူသူကင်းမဲ့သွားခဲ့ပါတယ်။

မသဉ္ဇာနဲ့ မအေးအေးတို့ ရွာကနေ ထွက်ပြေးလာချိန်မှာ အဝေးတနေရာကနေ ပစ်ခတ်သံတွေကို ကြားနေရပါတယ်။ ဘယ်နေရာမှာမဆို အန္တရာယ်ကျရောက်လာနိုင်တယ်လို့ အဆက်မပြတ် သတိပေးနေသလိုပါပဲ။ တချို့ကလေးတွေကတော့ အော်ဟစ်ပြီးငိုနေကြသလို တုန်ရီနေတဲ့လက်တွေနဲ့  မိဘတွေအနားမှာပဲ တွယ်ကပ်နေနေကြပါတော့တယ်။

UNICEF Myanmar
©2022/Local Partner ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ထမ်းတွေက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂိမ်း အစီအစဥ်တွေ ပြုလုပ်ပေးစဉ်။

ပူပြင်းလှတဲ့ နေရောင်အောက်မှာ နာရီပေါင်းများစွာ လမ်းလျှောက်ပြီးတဲ့နောက် မသဉ္ဇာနှင့် မအေးအေးတို့ဟာ လယ်ကွင်းတွေထဲက တဲလေးတွေဆီ ရောက်ခဲ့ကြပါတယ်။ ဒီတဲလေးတွေက စပါးရိတ်သိမ်းချိန်မှာ လယ်သမားတွေ အနားယူအိပ်စက်ကြတဲ့နေရာတွေပါ။ ဒီတဲလေးတွေမှာပဲ ပြင်ပနဲ့ အဆက်အသွယ်ဘာမှမရဘဲ ကိုးရက်ကြာ ပုန်းခိုနေခဲ့ရပါတယ်။ အဲ့ဒီကာလအတွင်းမှာပဲ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေ အနီးအနားမှာ လက်နက်ကိုင် တိုက်ပွဲ ဖြစ်နေတဲ့အသံတွေကို ကြားခဲ့ကြရပါတယ်။

တိုက်ပွဲတွေရပ်သွားပြီး စစ်တပ် ထွက်သွားပြီဆိုတဲ့ သတင်းကြားရတော့မှ မသဉ္ဇာနှင့် မအေးအေးတို့ သူတို့ ရုံးကိုပြန်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။

“အပြန်လမ်းမှာ ကျွန်မတို့ အပျက်အစီးတွေ အများကြီးတွေ့ခဲ့တယ်”လို့ မအေးအေးက ပြန်ပြောပြပါတယ်။

“နောက်ဆုံး သူတို့ ပြန်ရောက်လာကြလို့ ကျွန်မ သိပ်ဝမ်းသာခဲ့ရပါတယ်” လို့ မဆိုင်းနုက ပြောပြပါတယ်။ “ကျွန်မလက်ခုပ်တီးပြီး ဘုရားသခင်ကို ချီးမွမ်းခဲ့တာကို မှတ်မိသေးတယ်။”

ဒီအတွေ့အကြုံက အမျိုးသမီး နှစ်ယောက်စလုံးအတွက် စိတ်ဒဏ်ရာတွေဖြစ်စေခဲ့ရပါတယ်။ သူတို့ရဲ့စိတ်ဒဏ်ရာတွေကို သက်သာစေဖို့အတွက် ယူနီဆက်က လေ့ကျင့်ပေးထားတဲ့ ကိုယ်တိုင်စောင့်ရှောက်တဲ့ နည်းလမ်းအချို့ကို အသုံးချခဲ့ကြပါတယ်။

မအေးအေးအတွက် သူကြိုက်တဲ့ စားသောက်ဆိုင်ကနေ ဟင်းချိုဝယ်သောက်လိုက်ပြီး စိတ်ညစ်တာတွေကို ဖြေဖျောက်ပါတယ်။ “ကျွန်မ အရမ်းစိတ်ညစ်လာရင် (ချင်းရိုးရာ) ဆာဘူတီးဟင်းချို သောက်လိုက်တာပဲ” လို့ ပြောပြပါတယ်။

မသဉ္ဇာအတွက်ကတော့ ပိုပြီးသီးသန့်နေဖို့ လိုပါတယ်။ “ကျွန်မ အိမ်ပြန်ပြီး တံခါးတွေ၊ ပြတင်းပေါက်တွေကို ပိတ်လိုက်တယ်။ တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ပြီး သီချင်းနားထောင်ရင်း သင်တန်းကနေ သင်ခဲ့တဲ့အတိုင်း စိတ်တည်ငြိမ်အောင် လက်ချောင်းလေးတွေကို နှိပ်နယ်ပေးပါတယ်” လို့ ပြောပါတယ်။

“ခြုံပြောရရင် အခြေအနေတွေက ပြင်းထန်တယ်” လို့ မဆိုင်းနုက ပြောပြပါတယ်။ “ကျေးရွာတွေရဲ့ လုံခြုံရေးအခြေအနေက ရုတ်တရက်ဆိုသလို အပြောင်းအလဲ ဖြစ်သွားနိုင်ပါတဲ့ အခါကျနော့ ကျွန်မတို့ လုပ်မယ့် အစီအစဥ်တွေကို ဆက်လုပ်ရမလား ဒါမှမဟုတ် ရွှေ့ဆိုင်းမလားဆိုတာ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ဆုံးဖြတ်ရပါတယ်။”

စီမံကိန်းစခဲ့တဲ့ လွန်ခဲ့တဲ့သုံးလအတွင်းမှာ မဆိုင်းနုတို့အဖွဲ့အစည်းက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက စီမံကိန်းကျေးရွာ ၃၅ ရွာမှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့များကို ထူထောင်ခဲ့ကြပါတယ်။ ဒီစီမံကိန်းကနေ ကလေးဦးရေ ၁,၉၀၀ အတွက် ကလေးသူငယ် ကာကွယ်ပေးရေး ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိဘနဲ့ ပြုစုစောင့်ရှောက်သူဦးရေ ၁,၂၅၀ ကျော်အတွက်လည်း မိဘအုပ်ထိန်းမှုပညာပေးသင်တန်း ဖွင့်ပေးနိုင်ခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံအပူပိုင်းဒေသမှာ သူနဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆောင်ရွက်နိုင်ခဲ့တဲ့ အစီအစဥ်တွေအတွက် မဆိုင်းနုက သိပ်ကို ဂုဏ်ယူပါတယ်။

“တခြားဒေသတွေမှာက ပဋိပက္ခတွေ ဖြစ်နေတာကြာပါပြီ၊ ဒီလိုမျိုး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုအစီအစဥ်တွေကလည်း ရှိပြီသားလေ။ အခက်အခဲတွေကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်ရမလဲဆိုတာလည်း တော်တော်များများက သိပြီးသားပါ။ ဒါပေမယ့် အဲ့လိုဒေသတွေနဲ့ ယှဉ်ရင် ဒီစစ်ကိုင်းတိုင်းမှာက ကလေးသူငယ် ကာကွယ်ရေး အသိပညာနဲ့ စွမ်းဆောင်ရည်မှာ တော်တော်ကြီးလိုနေပါသေးတယ်” လို့ သူက ရှင်းပြပါတယ်။

“အခြေအနေတွေက ပိုပိုပြီး စိန်ခေါ်မှု များလာတယ်၊ အဲဒါကြောင့်ပဲ ကျွန်မဒီမှာ ဆက်နေပြီး ကလေးတွေအတွက် အကူအညီတွေပေးနေမှာပါ” လို့ မဆိုင်းနုက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။


  1. အတွင်းရေးလျှို့ဝှက်ထားရန်အတွက် ဤဆောင်းပါးပါ အမည်အားလုံးကို ပြောင်းလဲထားပါသည်။ 
  2. https://reliefweb.int/report/myanmar/myanmar-humanitarian-update-no-26-2-february-2023 
  3. https://reliefweb.int/report/myanmar/myanmar-humanitarian-needs-overview-2023-january-2023