၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ
- English
- မြန်မာ
၂၀၂၅ ခုနှစ်သည် မြန်မာ့ကလေးသူငယ်များအတွက် အထူးသဖြင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ကမ္ဘာ့အပြင်းထန်ဆုံး၊ ရှုပ်ထွေး ရှည်လျားသော အကျပ်အတည်းများထဲမှ တစ်ခုကို ဆက်လက်ကြုံတွေ့နေရခြင်းဖြစ်သည်။ ပဋိပက္ခဖြစ်ပြီး ငါးနှစ်နီပါးကြာမြင့်လာချိန်မှာ ကပ်ဘေးအမျိုးမျိုးကို ပိုမိုကြုံတွေ့လာသကဲ့သို့ အကြမ်းဖက်မှုများလည်း ပိုမိုပြင်းထန်လာခဲ့သည်။ စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာပြီး အကာအကွယ်ပေးသည့် ကွန်ရက်များလည်း ပျောက်ကွယ်ခဲ့ရသည့်အတွက် မရှိမဖြစ်အရေးကြီးသော ဝန်ဆောင်မှုများ ရရှိရန် ခက်ခဲလာခဲ့သည့် ကလေးငယ်ပေါင်းများစွာမှာ အန္တရာယ်ချောက်ကမ်းပါးအစွန်းသို့ တွန်းပို့ခံခဲ့ရပါသည်။ နှစ်ကုန်ဆုံးခါနီးအချိန်တွင် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော နေရာများ ပျောက်ကွယ်သွားပြီး နိုင်ငံအတွင်းရှိ ကလေးငယ်များ၏ သုံးပုံတစ်ပုံကျော်ဖြစ်သည့် ကလေးငယ်ဦးရေ ၆.၉ သန်းခန့်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ စံချိန်တင်အရေးတကြီး လိုအပ်နေဆဲဖြစ်သည်။
ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်များ၊ စာသင်ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းများကို စွန့်ခွာခဲ့ရသည့် မြန်မာနိုင်ငံတစ်ဝှမ်းမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် လူဦးရေ ၃.၆ သန်းနီးပါးအနက် သုံးဦးလျှင်တစ်ဦးမှာ ကလေးသူငယ်များဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုများ၊ ပဋိပက္ခများ၊ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများ(ERW)ကို ကျယ်ပြန့်စွာ အသုံးပြုခြင်းတို့ကြောင့် နေအိမ်များ၊ ကစားကွင်းများနှင့် ကျောင်းသို့သွားရာလမ်းများသည် အန္တရာယ်ရှိဇုန်များအဖြစ် ပြောင်းလဲသွားကာ ကလေးများ၏ ဘဝများအပေါ် ကြောက်ရွံ့မှုနှင့် မတည်ငြိမ်မှုများက ပိုမိုလွှမ်းမိုးလာခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းတို့ကြောင့် အရပ်သားသေဆုံးသူ ၇၄၅ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၂၁ ရာခိုင်နှုန်းမှာ ကလေးများဖြစ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံအဖြစ် ဝမ်းနည်းဖွယ်ရာ စံချိန်တင်မှတ်တမ်းဝင်နေဆဲဖြစ်သည်။
၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်သည် နဂိုဆိုးရွားပြီးသား အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။ ပဋိပက္ခဒဏ်နှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းများကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် ကလေးသူငယ်အများအပြားသည် မိမိတို့ဝန်းကျင်ရှိ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေး အဆောက်အအုံများ ပြိုကျပျက်စီးခြင်းများကို ကြုံတွေ့ရချိန်တွင် နောက်ထပ် ဆုံးရှုံးမှု၊ စိတ်ဒဏ်ရာနှင့် ကြောက်ရွံ့မှုလှိုင်းတစ်ခုကို ထပ်မံကြုံကြရပြန်ပါသည်။ ငလျင်ကြောင့် လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ကလေးများအတွက် ပျက်စီးခြင်းဟူသည်မှာ နေစရာနှင့် သင်ယူမှု ဆုံးရှုံးရုံသာမက နက်ရှိုင်းသော စိတ်ဒဏ်ရာများနှင့် အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများ တိုးပွားလာခြင်းပင်ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေရရှိရန်၊ ပညာသင်ယူခွင့်ရရှိရန်မှာ အလွန်အကန့်အသတ် ရှိလာခဲ့သည်။ ကလေးငယ် ၁ သန်းနီးပါးသည် အခြေခံကာကွယ်ဆေးထိုးနှံခွင့် မရရှိကြဘဲ ၄. ၇ သန်းမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရကာ အရွယ်မရောက်မီ လက်ထပ်ထိမ်းမြားခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းနှင့် လက်နက်ကိုင်အဖွဲ့များ၏ စုဆောင်းခံရသည့် အန္တရာယ်များ ပိုမိုမြင့်မားလာစေပါသည်။ အာဟာရချို့တဲ့ခြင်း၊ သန့်ရှင်းမှုမရှိခြင်းနှင့် လူမှုအကာအကွယ်ကွန်ရက်များ ပျက်စီးခြင်းတို့က မိသားစုများကို ဆင်းရဲမွဲတေမှုတွင်းနက်ဆီသို့ တွန်းပို့နေပြီး ကလေးအားလုံး၏ ထက်ဝက်ကျော်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် နေထိုင်နေကြရသည်။
ရခိုင်၊ ရှမ်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် အထိခိုက်ဆုံးနှင့် ရောက်ရှိရန် အခက်ခဲဆုံးဖြစ်သည့် ဒေသအချို့တွင် တိုက်ပွဲများ၊ မလုံခြုံမှုများနှင့် လက်လှမ်းမီမှု ကန့်သတ်ချက်များသည် လိုအပ်ချက်များ မြင့်တက်လာနေချိန်တွင်ပင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဆက်လက်၍ အဟန့်အတား ဖြစ်စေပါသည်။
ဤကြီးမားသော စိန်ခေါ်မှုများ ရှိနေသော်လည်း ယူနီဆက်သည် မိတ်ဖက်အဖွဲ့များ၏ အရေးပါသော ပံ့ပိုးမှုဖြင့် ၂၀၂၅ ခုနှစ်တစ်လျှောက်လုံး ခက်ခဲပြီး အန္တရာယ်များသော အခြေအနေများအောက်တွင် ဆက်လက်ပံ့ပိုးပေးခဲ့ပါသည်။ ငလျင်အပြီးတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောရေ၊ အာဟာရဆိုင်ရာဝန်ဆောင်မှုများ၊ ကာကွယ်စောင့်ရှောက်မှုအထောက်အပံ့နှင့် ယာယီသင်ယူမှုနေရာများအပါအဝင် ကလေးများနှင့် မိသားစုများအတွက် အသက်ကယ် အကူအညီများ ပေးနိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် စဉ်ဆက်မပြတ်ရေရှည်ရင်းနှီးမြှုပ်နှံမှုများသည် ဒေသတွင်းစနစ်များနှင့် ရပ်ရွာစွမ်းရည်များကို အားဖြည့်ပေးပြီး နှစ်ပေါင်းများစွာ ပဋိပက္ခနှင့် အနှောင့်အယှက်များကြောင့် ခက်ခဲနေပြီးဖြစ်သော ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ခံနိုင်စွမ်းအတွက် အခြေခံအုတ်မြစ်ချနိုင်အောင် ကူညီပေးခဲ့ပါသည်။
ခိုင်မာသော ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ယူနီဆက်သည် အလိုအပ်ဆုံးသော ကလေးများနှင့်အတူ ရှိနေဆဲဖြစ်ပြီး — ရှေ့တန်းဒေသများအပြင် ဘေးသင့်ပြည်သူများနှင့် တတ်နိုင်သမျှ အနီးဆုံးတွင်နေရာယူ၍ အသက်ကယ်အထောက်အပံ့များပေးခြင်း၊ အရေးကြီးဆုံးအချိန်၊ အရေးကြီးဆုံးနေရာတွင် ကလေးများအား ပံ့ပိုးပေးခြင်း၊ လူငယ်များ၏ဘဝများကို ကာကွယ်ပေးခြင်းနှင့် ဆက်လက်ဖြစ်ပွားနေသောအကျပ်အတည်းများကြားတွင် ပြန်လည်ထူထောင်ရေး၊ ခံနိုင်ရည်နှင့် ကိုယ်စိတ်ကျန်းမာရေးကို အထောက်အပံ့ပေးခြင်းတို့ လုပ်ဆောင်ပေးလျက်ရှိပါသည်။
သို့သော်လည်း အကျပ်အတည်း၏ အတိုင်းအတာသည် ရရှိနိုင်သော အရင်းအမြစ်များထက် များစွာကျော်လွန်နေခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ ဆိုးရွားသော ငလျင်ဘေးဒဏ်၊ နက်ရှိုင်းသော ဆင်းရဲမွဲတေမှု၊ စီးပွားရေးကျဆင်းမှုနှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများနှင့် လူမှုအကာအကွယ်ကွန်ရက်များ ပျက်စီးခြင်းတို့ကြောင့် ကြီးထွားလာသည့် လိုအပ်ချက်များရှိနေသော်လည်း ယူနီဆက်၏ ကလေးများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု (HAC) အယူခံသည် ရန်ပုံငွေ ၂၀ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့သည်။