အပူလှိုင်းဒဏ်မှ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များ

မိသားစုကို အပူလွန်ကဲခြင်းဒဏ်မှ ကင်းဝေးအောင် ဘယ်လိုထားမလဲဆိုတာ လေ့လာပါ

Heatwave safety tips
UNICEF

အပူလှိုင်းဖြတ်တဲ့အခါ အပူချိန်လွန်ကဲခြင်းနဲ့ စိုထိုင်းဆများခြင်းကြောင့် နေထိုင်ရတာ ပင်ပန်းခြင်းများ ဖြစ်နိုင်စေပြီး မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်လျော်တဲ့ ကြိုတင်ကာကွယ်မှုတွေ မလုပ်ထားရင် အပူလွန်ကဲခြင်းကြောင့် ပြင်းထန်အပူရှပ်ခြင်း (heat stroke) ဖြစ်စေနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းတွေဟာ ယခင်ကထက် ပိုမိုကြာရှည်လာပြီး၊ မကြာခဏဖြစ်လေ့ရှိသလို ပိုမိုပြီးတော့လည့်း ပြင်းထန်လာပါတယ်။

အပူလှိုင်းဖြတ်ချိန်အတွင်း မိမိရဲ့ မိသားစုကို ဘေးကင်းလုံခြုံစေဖို့၊ အပူလွန်ကဲတဲ့ လက္ခဏာတွေကို သိရှိနိုင်ဖို့၊ လိုအပ်ရင် လုပ်ဆောင်သင့်တဲ့ အချက်တွေကို သိရှိထားဖို့ ယူနီဆက်မှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

အပူလှိုင်းဆိုင်ရာ သိကောင်းစရာ
အပူလှိုင်းဖြတ်နေချိန်အတွင်း ဘာလုပ်ရမလဲ
ပြင်းထန်အပူဒဏ်ကြောင့်ဖြစ်တဲ့ ရောဂါအမှတ်အသားများနှင့် ရောဂါလက္ခဏာများ
ပြင်းထန်အပူရှပ်ခြင်းနှင့် အပူဒဏ်ကြောင့်ဖြစ်သည့် ရောဂါများကို ကုသပုံ

အပူလှိုင်းဆိုင်ရာ သိကောင်းစရာ

Heatwave facts: A girl stands under the hot sun
အပူလှိုင်းဆိုတာဘာလဲ? 

အပူချိန်သည် ရက်အတော်ကြာ ပုံမှန်ထက် ပိုမြင့်မားနေသောအခါ အပူလှိုင်းဖြတ်တယ်လို့ခေါ်ပါတယ်။ စိုထိုင်းမှုကြောင့် ပိုပြီး ပူတယ်လို့ ခံစားရစေနိုင်ပါတယ်။

ဘာကြောင့် အပူလှိုင်းဖြစ်တာလဲ? 

အပူလှိုင်းများဟာ ပူနွေးတဲ့လေတွေ လေထုထဲပိတ်မိနေခြင်းကြောင့် ဖြစ်ပေါ်လာပါတယ်။ ဒါဟာ သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းအားနဲ့ ဖြစ်တဲ့အကြိမ်ရေ တိုးမြင့်လာပါတယ်။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့်လည်း လေထုထဲက ပူနွေးတဲ့လေတွေကို ပိုပြီးကြာကြာ ပိတ်မိနေစေပါတယ်။ 

အပူလှိုင်းတွေကြောင့် ဘယ်သူတွေ အန္တရာယ်အရှိဆုံးလဲ?

အပူလွန်ကဲခြင်းက လူတိုင်းရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေက အပူဒဏ်ကို ခံနိုင်ရည်မရှိကြလို့ ပိုပြီး ခံစားရနိုင်ပါတယ်။

အပူလွန်ကဲခြင်းက လူကြီးတွေထက် ရင်ခွင်ပိုက်ကလေးတွေနဲ့ ကလေးငယ်တွေအတွက် ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။ ကလေးတွေမှာ ရေဓာတ်ခန်းခြောက်ခြင်းက အန္တရာယ်ဖြစ်စေနိုင်သလို အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ လူကြီးတွေထက် အပူချိန်ကို ထိန်းညှိရာမှာ ပိုခက်ခဲတာကြောင့် အပူဒဏ်ကနေ ကာကွယ်နိုင်ဖို့ လူကြီးတွေရဲ့ အကူအညီလိုအပ်ပါတယ်။

အပူလွန်ကဲခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အန္တရာယ်များလှပါတယ်။ အပူလွန်ကဲခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့က ကလေးမွေးဖွားချိန်မှာ ပေါင်မပြည့်တာ၊ စောမွေးတာနဲ့ အသေမွေးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအပေါ်လည်း တိုက်ရိုက်ဆိုးကျိုးတွေ ရှိစေနိုင်သလို လမပြည့်ဘဲစောမွေးတာ၊ ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ သွေးတိုးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

Embedded video follows

အပူလှိုင်းဖြတ်နေချိန်အတွင်း ဘာလုပ်ရမလဲ

How to prepare for a heatwave: A girl stands next to a fan
ကြိုတင်ပြင်ဆင်ထားပါ
  • အိမ်ပြင်ပမှာ ဒီနေ့ ဘယ်လောက်အပူချိန်ရှိပြီး ဘယ်လောက် စိုထိုင်းမှုရှိမလဲ၊ နောက်နေ့တွေကော ဘယ်လောက်ထိရှိနေမလဲ သိအောင်လုပ်ပါ။
  • အရေးပေါ်သုံးပစ္စည်းအိတ်ထဲမှာ ဓာတ်ဆားရည်ထုတ် (ORS)၊ သာမိုမီတာ၊ ရေဘူး၊ ရေပတ်ဝတ်တိုက်ဖို့ တဘက် ဒါမှမဟုတ် အဝတ်စ၊ ယပ်တောင် (သို့) လက်ကိုင်ပန်ကာတို့ ထည့်ထားပါ။ ဒါ့အပြင် အပူရှပ်တဲ့လက္ခဏာတွေကို သိရှိပြီး ကုသနိုင်ဖို့ လုပ်ဆောင်ရမယ့်စာရင်းတစ်ခုကိုပါ အိမ်မှာ ပြင်ဆင်ထားရှိပါ။
  • တစ်ခုခုဖြစ်လာခဲ့ရင် အကူအညီ ဘယ်လိုရယူရမလဲဆိုတာကိုပါ သိအောင်လုပ်ပါ။ အနီးဆုံး ဆေးရုံ၊ဆေးခန်း ဒါမှမဟုတ် လူနာတင်ယာဉ်/ပို့ဆောင်ရေး ၀န်ဆောင်မှုတွေရဲ့ ဖုန်းနံပါတ်တွေကို ရေးမှတ်ထားပါ။
မိမိအိမ်ကို အေးမြအောင်ထားပါ
  • ဖြစ်နိုင်ရင် နေ့ခင်းဘက်အပူဆုံးအချိန်တွေမှာ နေရောင် တိုက်ရိုက်ကျနေတဲ့  ပြတင်းပေါက်/လိုက်ကာတွေကို ပိတ်ထားပါ။ ညအချိန်မှာတော့ ပြတင်းပေါက်တွေကို ဖွင့်ပြီး အိမ်ကို အေးမြအောင်ထားပါ။
  • ယပ်တောင်၊ ပန်ကာနဲ့လေအေးစက်များအသုံးပြုပါ။
အပူဒဏ်မှ ဝေးရာမှာနေပါ
  • နေ့ခင်းဘက်အပူဆုံးအချိန်တွေမှာ ဖြစ်နိုင်ပါက အပြင်မထွက်ပါနဲ့။ လုပ်ဆောင်ရန်ရှိသည်များကို ပို၍အပူလျော့သည့် မနက်ပိုင်းအချိန် ဒါမှမဟုတ် ညနေပိုင်းအချိန်တွေမှာ လုပ်ပါ။
  • အပြင်ထွက်ချိန်မှာ နေရောင်ကာခရင်မ် လိမ်းပြီး အရိပ်ထဲမှာ နေပါ ဒါမှမဟုတ် အကာအကွယ်ရရန် ဦးထုပ်၊ ထီးများကို အသုံးပြုပါ။
အေးမြပြီး ရေဓာတ်ပြည့်ဝအောင်နေပါ
  • ရေဆာတဲ့အထိ မစောင့်ဘဲ ရေကို ပုံမှန် အချိန်အပိုင်းအခြားအလိုက် သောက်ပေးပါ။
  • ပူပြင်းနေချိန်မှာ အဝတ်အစားထူထူ ဝတ်ဆင်ခြင်းက ရေဓာတ်ကို မြန်မြန်ခမ်းခြောက်စေပြီး ပိုပူစေတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ချောင်ချိတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပါ။ ချည်ထည်တွေက အပူဒဏ်ကြောင့်ဖြစ်တဲ့ အနီကွက်ထခြင်းကို သက်သာစေပြီး ချွေးစုပ်ယူမှု အကောင်းဆုံးဖြစ်ပါတယ်။ အလားတူပဲ လေဝင်လေထွက်မကောင်းတဲ့ အိပ်ယာခင်းတွေထက် ချည်သားအိပ်ယာခင်းတွေကို အသုံးပြုသင့်ပါတယ်။
  • ရေဘူးတစ်ဘူးနဲ့ ပုဝါငယ်တစ်ခုကို ဆောင်ထားပါ။ လည်ကုပ်ပေါ်မှာ ရေစိုပုဝါငယ်တစ်ခုကို တင်ထားပါက အေးမြပြီး အပူဒဏ်ကို လျှော့ချနိုင်ပါတယ်။
  • မိမိအိမ်အနီးဝန်းကျင်မှာ အပူရှောင်နိုင်တဲ့နေရာတွေ ရှိမရှိ လေ့လာကြည့်ပါ။ 
မွေးကင်းစကလေးများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အကြံပြုချက်များ
ဆောင်ရန်ရှောင်ရန်
မွေးကင်းစကလေးများနှင့် ကလေးငယ်များ

မိမိကလေး ရေဆာနေလား၊ ချွေးထွက်နေလား၊ ပူနေလား၊ အော့အန်နေလား၊ နှုတ်ခမ်းခြောက်ပြီး စေးကပ်နေလား၊ ခေါင်းကိုက်နေလားဆိုတာ ပုံမှန် စစ်ဆေးပါ။ ကလေးက ပုံမှန်တုံ့ပြန်ခြင်းမရှိဘဲ အဖျားတက်နေပြီး မူးဝေနေရင် ဒါမှမဟုတ် အသက်ရှူမြန်နေရင် ကလေးကို ချက်ချင်းဆေးရုံဆေးခန်းကို ခေါ်သွားပါ။ 

ကလေးကို အဝတ်အစား ချောင်ချောင်ချိချိ ဝတ်ပေးပါ – ဒါက အပူကြောင့်ဖြစ်တဲ့ အင်ပျဉ်ကွက်တွေနဲ့ အပူလွန်တာကို သက်သာအောင် ကာကွယ်ပေးနိုင်ပါတယ်။

သင့်ကလေး ရေဓာတ်ပြည့်ဝမှုရှိမရှိ ကြည့်ပါ ကလေးတွေက ရေဓာတ်ခန်းခြောက်တာနဲ့ အပူလွန်တဲ့ဒဏ်ကို မသိတာလည်း ဖြစ်နိုင်ပါတယ်။ ၆ လအောက်ကလေးငယ်တွေကို မိခင်နို့တစ်မျိုးတည်းသာ သီးသန့်တိုက်ကျွေးပါ။ ရေဓာတ်ခန်းခြောက်ခြင်းက မိခင်နို့ထုတ်လုပ်နိုင်မှုကို ထိခိုက်စေနိုင်တဲ့အတွက် နို့တိုက်မိခင်တွေဟာ ရေများများ သောက်သင့်ပါတယ်။ အသက် ၆ လနှင့်အထက် ကလေးတွေက တစ်နေ့တာလုံး ရေကို ပုံမှန်သောက်သင့်ပါတယ်။ 

ကလေးက အပူလွန်ကဲတဲ့ လက္ခဏာတွေ ပြသနေပါက ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ မတိုင်ပင်ဘဲ ဆေးမတိုက်ပါနဲ့။ 

မွေးကင်းစနဲ့ ကလေးငယ်တွေကို လေဝင်လေထွက်မရှိတဲ့ အလုံပိတ်နေရာတွေ ဥပမာ ပြတင်းပေါက်တွေ အလုံပိတ်ထားတဲ့ ကားတွေ၊ အခန်းတွေထဲမှာ ဘယ်တော့မှ တစ်ယောက်ထဲ မထားခဲ့ပါနဲ့။ 

အပူချိန်မြင့်မားနေပြီး စောင့်ကြည့်မယ့်သူရှိမနေချိန်မှာ ကလေးတွေကို အချိန်အကြာကြီး အပြင်မှာ မကစားခိုင်းပါနဲ့။ ကလေးတွေ ပြင်ပမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါဖြစ်စေ၊ ကစားတဲ့အခါဖြစ်စေ မိနစ် ၃၀ တစ်ခါ အနားပေးခိုင်းပါ။ အပူချိန်မြင့်မားနေချိန်မှာ လေ့ကျင့်ခန်းလုပ်တာ၊ ကစားတာက ရေဓာတ်ခန်းခြောက်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျင်လျင်မြန်မြန် ဖြစ်ပေါ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ

မိမိကိုယ်တိုင်နဲ့ မမွေးသေးတဲ့ကလေးငယ်ကို ပြင်းထန်တဲ့အပူဒဏ်နဲ့ ထိတွေ့မှုကနေ ကာကွယ်ဖို့ ဆေးခန်းပြချိန်နဲ့ လုပ်စရာရှိတာတွေကို တစ်နေ့တာရဲ့ အပူလျော့ချိန်တွေမှာ စီစဉ်ပါ။ 

ဖြစ်နိုင်ရင် အဆောက်အအုံအောက်ထပ်လို ပိုပြီးအေးမြတဲ့နေရာတွေမှာ အိပ်ပါ။

အပြင်မှာ အရမ်းပူတဲ့အချိန်မျိုးမှာ အလုပ်တွေကို လွန်လွန်ကဲကဲ မလုပ်ပါနဲ့။ အကယ်၍ ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက အပြင်မထွက်ပါနဲ့။ တတ်နိုင်သလောက် အနားယူပြီး လုပ်ရမယ့်အလုပ်တွေကို တခြားသူတွေနဲ့ မျှပြီးလုပ်ပါ။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ သက်သောင့်သက်သာရှိပြီး ရေဓာတ်ပြည့်ဝနေမယ်၊ မှန်မှန်ကန်ကန် အနားယူမယ်ဆိုရင် သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။

ပြင်းထန်အပူဒဏ်ကြောင့်ဖြစ်တဲ့ ရောဂါအမှတ်အသားများနှင့် ရောဂါလက္ခဏာများ

How to recognize symptoms of heatstroke: A girl looks confused as a caregiver supports her

အပူလွန်ကဲမှုကြောင့်ဖြစ်တဲ့ ပြင်းထန်ရောဂါလက္ခဏာတွေ ပြတဲ့အခါ အရေးပေါ်စောင့်ရှောက်မှု လိုအပ်ပါတယ်။

အကယ်၍ မိသားစုဝင်တစ်ဦးမှာ အောက်ပါ ပြင်းထန်ရောဂါလက္ခဏာတစ်ခုခု ရှိနေပြီဆိုရင် လူနာတင်ယာဉ်နဲ့ဖြစ်စေ၊ တခြားယာဉ်တစ်ခုခုနဲ့ဖြစ်စေ ဆေးရုံဆေးခန်းတစ်ခုကို အမြန်ဆုံး ပို့ဆောင်ပေးသင့်ပါတယ်။

မိမိရဲ့ ခံစားချက်ကို ယုံကြည်ပါ၊ ဆေးဝါးကုသဖို့အတွက် အကူအညီတောင်းခံဖို့ နှောင့်နှေးမနေပါနဲ့။

ရောဂါအမှတ်အသားများနှင့် ရောဂါလက္ခဏာများ

သိပ်မပြင်းထန်သည့်ရောဂါလက္ခဏာများ - အိမ်မှာကုသပါပြင်းထန်ရောဂါလက္ခဏာများ – ဆေးရုံသို့ချက်ချင်းခေါ်သွားပါ 
အထွေထွေ
  • နှုတ်ခမ်းခြောက်ခြင်း/နှုတ်ခမ်းစေးကပ်နေခြင်း
  • အလွန်အမင်းရေဆာခြင်း
  • ချွေးအလွန်အမင်းထွက်ခြင်း
  • အားနည်းခြင်း/မူးဝေခြင်း
  • မအီမသာဖြစ်ခြင်း/အော့အန်ခြင်း
  • အရည်ကြည်ဖုငယ်များ/အင်ပျဉ်များ
  • အပူကြောင့်ဖြစ်သည့်အင်ပျဉ်ကွက်များ
  • အဖျားငွေ့ငွေ့ရှိခြင်း
  • နှာခေါင်းသွေးယိုခြင်း
  • ကြွက်တက်ခြင်း (များသောအားဖြင့် ခြေထောက်နှင့် လက်မောင်းတွင် ဖြစ်လေ့ရှိ) 

 

  • ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း/ မေးသောအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မဖြေနိုင်ခြင်း/ တက်ခြင်း/ သတိလစ်ခြင်း/ မနိုးလာခြင်း (အပြင်းထန်ဆုံး)
  • ၂ နာရီကျော်ကြာ ခန္ဓာကိုယ်အပူချိန် အလွန်မြင့်မားနေခြင်း (၄၀ ဒီဂရီစင်တီဂရိတ်)
  • မူးလဲခြင်း
  • ၈ နာရီထက်ပိုပြီး ဆီးမသွားခြင်း သို့မဟုတ် ဆီးအရောင်ရင့်ခြင်း
  • နှလုံးခုန်မြန်ခြင်းနှင့် အသက်ရှူမြန်ခြင်း
  • ချွေးမထွက်ခြင်း (သို့သော် အရေပြား စိုစွတ်နေနိုင်ပါတယ်)
မွေးကင်းစကလေးနှင့် ကလေးငယ်များ (၃ နှစ်အောက်)
  • သေးခံအဝတ်နေရာတစ်ဝိုက်မှာ အပူကြောင့်ဖြစ်သည့် အင်ပျဉ်ကွက်များ
  • စိတ်တိုခြင်းနှင့်/သို့မဟုတ် ငိုခြင်း
  • မျက်ရည်မထွက်ဘဲ ငိုခြင်း
  • အလွန်အမင်း ဒေါသထွက်လွယ်ခြင်း
  • အနှီးစစိုစွတ်မှု ပိုနည်းလာခြင်း (ဆီးသွားနည်းလာခြင်း)
  • အော့အန်ခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်း
  • မျက်တွင်းချိုင့်ခြင်းနှင့်/သို့မဟုတ် နဖူးချိုင့်ခြင်း
ကလေးများနှင့် ဆယ်ကျော်သက်များ ( ၄ - ၁၉ နှစ်)
  • မအီမသာဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်တက်ခြင်း (အထူးသဖြင့် အပြင်ထွက်လေ့ကျင့်ခန်းလုပ်ပြီးနောက်)
  • ပြင်းထန် ကြွက်သားနာကျင်ခြင်း (အထူးသဖြင့် ပြင်ပတွင် လေ့ကျင့်ခန်းလုပ်ပြီးနောက်)
ကိုယ်ဝန်ဆောင်အမျိုးသမီးများ
  • အပူကြောင့်ဖြစ်သည့် အင်ပျဉ်ကွက်များထခြင်း
  • ဗိုက်အောင့်ခြင်း
  • အလွန်အမင်း မအီမသာဖြစ်ခြင်း
  • အချိန်မတိုင်မီ သားအိမ်ညှစ်ခြင်း
  • နှလုံးခုန်မြန်ခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်း
  • မူးလဲခြင်း
  • ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖောရောင်ခြင်း
  • ပြင်းထန်ကြွက်တက်ခြင်း

 

ပြင်းထန်အပူရှပ်ခြင်းနှင့် အပူဒဏ်ကြောင့်ဖြစ်သည့် ရောဂါများကို ကုသပုံ

How to treat heat related illness: A girl lies on the floor while a caregiver provides water

အပူဒဏ်ကို ခံစားရပါက အေးမြပြီး ရေဓာတ်ပြန်လည်ပြည့်ဝစေရန်နဲ့ ပြန်လည်ကောင်းမွန်လာစေရန် အောက်ပါအချက်များကို လုပ်ဆောင်ပေးပါ -

လက္ခဏာ ပြင်းထန်ပါက

အကယ်၍ မိသားစုဝင်တစ်ဦးက အပူကြောင့် ပြင်းထန်ရောဂါလက္ခဏာတွေ ခံစားနေရပါက ဦးစွာ အပူလျော့ကျအောင်လုပ်ပေးပြီး ဒုတိယအနေဖြင့် ဆေးရုံဆေးခန်းကိုပို့ဖို့ အရေးကြီးပါတယ်။

လေဝင်လေထွက်ကောင်းပြီး အေးမြသည့် အရိပ်ရှိသောနေရာမှာ ထိုင်ခိုင်းပါ ဒါမှမဟုတ် လှဲခိုင်းပါ။ အရိပ်ပိုရစေရန် လိုက်ကာတွေကို ပိတ်ထားပါ။ ဖြစ်နိုင်ပါက ယပ်တောင်၊ ပန်ကာ ဒါမှမဟုတ် လေအေးပေးစက် အသုံးပြုပါ။ ဦးခေါင်း၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ကြားနေရာတွေကို ရေပတ်ဝတ်တိုက်ပေးပါ။

မွေးကင်းစနဲ့ ရင်ခွင်ပိုက်ကလေးများ - အပေါ်ထပ်အဝတ်များကို ဖယ်ပစ်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ - ဖြစ်နိုင်ပါက လုံခြုံသောနေရာတစ်ခုမှာ အပေါ်ထပ်အဝတ်အစားများကို ချွတ်ခိုင်းပါ။ ဘယ်ဘက်လှည့်ပြီး ဒါမှမဟုတ် ဘယ်ဘက်စောင်းပြီး အိပ်ခိုင်းပါ။

အကယ်၍ သတိမေ့နေပါက ဒါမှမဟုတ် အော့အန်နေပါက ဆေးရုံသို့ပို့မည့်ယာဉ် မရောက်မီအထိ ဘေးစောင်းလှဲနေခိုင်းပါ။

ပြင်းထန်လက္ခဏာတွေ မရှိရင် အိမ်မှာပဲ ကုသပြီး အဆင့် ၂ ကို ဆက်လုပ်ပါ။

အေးမြသောနေရာကို မရွှေ့ရသေးပါက ရွှေ့ပေးပါ။ အရိပ်ပိုရစေရန် လိုက်ကာတွေကို ပိတ်ထားပါ။ ယပ်တောင်၊ ပန်ကာ ဒါမှမဟုတ် လေအေးပေးစက် အသုံးပြုပါ။

ခန္ဓာကိုယ် အထူးသဖြင့် ဦးခေါင်း၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ကြားနေရာများကို ရေပတ်ဝတ်တိုက်ပေးပါ။ ခန္ဓာကိုယ်အေးမြနေစေရန်အတွက် ရေပတ်ဝတ်ကို လဲပေးပါ ဒါမှမဟုတ် မိနစ်အနည်းငယ်ကြာတိုင်း အေးမြသော ရေထဲမှာ စိမ်ပေးပါ။

ခန္ဓာကိုယ်ကို ကြက်သီးနွေးရေဖြင့်ဖျန်းပေးပြီး တစ်ချိန်တည်းမှာ ယပ်တောင် သို့ ပန်ကာနဲ့ခြောက်အောင် မှုတ်ပေးပါ။ ပန်ကာကိုလည်း ဖွင့်ထားပြီး လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့မှာ ရေခဲကပ်ပေးပါ ဒါမှမဟုတ် ရေပတ်တိုက်ပေးပါ။ ပန်ကာမရှိပါက ယပ်တောင်ခပ်ပေးပါ။

ခန္ဓာကိုယ် မြန်မြန်ပိုအေးမြစေရန် လက်နဲ့ခြေဖဝါးတို့ကို ရေအေးဇလုံထဲထည့်ပေးထားနိုင်ပါတယ်။ အသက်ပိုကြီးတဲ့ ကလေးတွေနဲ့ လူကြီးတွေက ဖြစ်နိုင်ရင် အေးမြတဲ့ (ရေခဲရေ မဟုတ်သော) ရေထဲမှာ စိမ်နိုင်ပါတယ် ဒါမှမဟုတ် ပုံမှန်ရေအေးချိုးနိုင်ပါတယ်။

မွေးကင်းစကလေးတွေနဲ့ ရင်ခွက်ပိုက်ကလေးတွေကို အလွန်အေးတဲ့ရေထဲမှာ မစိမ်ခိုင်းပါနဲ့။

မျက်နှာ အထူးသဖြင့် မွေးကင်းစကလေးငယ်တွေရဲ့ မျက်နှာတည့်တည့်မှာ ပန်ကာမထားပါနဲ့။

ဆရာဝန် သူနာပြုတွေရဲ့ အကြံပြုချက်မပါဘဲ ပါရာစီတမောနဲ့ တခြားဆေးများ မတိုက်ပါနဲ့။

၆ လအောက်ကလေးငယ်များ - မွေးကင်းစကလေးကို ရေဓာတ်ပြန်ဖြည့်ရန် မိခင်နို့တိုက်ပါ။ အထူးသဖြင့် မိခင်နို့တိုက်နေချိန်မှာ မိခင်ဖြစ်သူကိုလည်း ရေများများသောက်ခိုင်းပါ။

၆ လအထက်ကလေးငယ်များ - ကလေးကို အကျင့်ရစေရန် ရေပမာဏအနည်းငယ်စီ တိုက်ပါ။

ကလေးက ချွေးအမြောက်အမြားထွက်ပါက ကလေးသောက်မည့်ရေထဲမှာ ဓာတ်ဆားရည်အနည်းငယ် ထည့်တိုက်ပါ။ ဓာတ်ဆားထုပ်ပေါ်ရှိ လမ်းညွှန်ချက်တွေကို ဂရုတစိုက်လိုက်နာပါ။ လမ်းညွှန်ချက်မပါပါက အောက်ပါလမ်းညွှန်ချက်တွေကို အသုံးပြုပါ-

အသက်နှစ်နှစ်အောက် ကလေးငယ်တစ်ယောက်ဟာ ဓာတ်ဆားရည်ခွက်ကြီး (၂၅၀ မီလီလီတာ) မှ အနည်းဆုံး လေးပုံတစ်ပုံ မှ အများဆုံး တစ်ဝက်အထိ  သောက်ရန် လိုအပ်ပါတယ်။

အသက်နှစ်နှစ်နှင့်အထက် ကလေးတစ်ယောက်ဟာ ဓာတ်ဆားရည်ခွက်ကြီး (၂၅၀ မီလီလီတာ) မှ အနည်းဆုံး တစ်ဝက် မှ အများဆုံး တစ်ခွက်အပြည့် သောက်ရန်  လိုအပ်ပါတယ်

အသင့်သောက်ဓာတ်ဆားရည် မရနိုင်ပါက ရေသန့် ၁ လီတာမှာ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းတိတိနဲ့ ဆားလက်ဖက်ရည်ဇွန်း ၁/၂ တိတိကို ရောဖျော်ပါ။

အသက်ကြီးသောကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ -  ချွေးအလွန်အကျွံထွက်ပါက ရေထဲသို့ ဓာတ်ဆားရည်ထည့်ပါ။ သက်သာလာသည်အထိ ၅ မိနစ်ခြားတစ်ခါ ဓာတ်ဆားရည် ၁၀၀ မီလီလီတာခန့်ကို သောက်သင့်ပါတယ်။

ဆောင်းပါးမှာပါဝင်သည့် အချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာအထောက်အထားများ၊ အကောင်းဆုံးကျင့်သုံးမှုများနှင့် ထိပ်တန်းပညာရှင်များ၏ အကြံပြုချက်များမှ ထုတ်နုတ်တင်ပြထားသည့် ကလေးများအား အပူဒဏ်မှ ကာကွယ်ပေးရေးဆိုင်ရာယူနီဆက် နည်းပညာမှတ်စု အပေါ်အခြေခံထားပါသည်။