ငလျင်အန္တရာယ်ကင်းဝေးရေးအကြောင်းသိကောင်းစရာများ
မိမိနှင့် မိသားစု ဘေးကင်းစေရေးအတွက် လိုက်နာရန် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ
- English
- မြန်မာ
ငလျင်ဒဏ်ကြုံရခြင်းက လူတိုင်းအတွက် ကြောက်စရာဖြစ်ရပ်တစ်ခုပါ။ အထူးသဖြင့် ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။ ဒီကြောက်မက်ဖွယ်ရာ ဖြစ်ရပ်တွေက ကြိုတင်ကာကွယ်လို့လည်း မရသလို ကြိုတင်ပြီးလည်း မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ မိမိနဲ့ မိမိမိသားစုက ငလျင်အန္တရာယ်များတဲ့နေရာမှာ နေထိုင်ပါက တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် ကလေးတွေအတွက်လည်း အကျိုးရှိသလို မိမိအိမ်မှာရှိတဲ့ လူကြီးတွေအတွက်လည်း အကျိုးရှိပါတယ်။
ငလျင်အကြောင်း သိကောင်းစရာများ
ဘာက ငလျင်လှုပ်ခြင်းကို ဖြစ်စေတာလဲ။
ငလျင်ဆိုတာ မြေမျက်နှာပြင်အောက်ရှိ ကျောက်တုံးတွေ ရွေ့လျားရာက ဖွဲ့တည်လာတဲ့ ဖိအားကြောင့် မြေကြီး ရုတ်တရက် အလျင်အမြန်လှုပ်ခတ်ခြင်းဖြစ်ပါတယ်။ ငလျင်က အချိန်မရွေးဖြစ်ပေါ်နိုင်ပြီး ကြိုတင်ခန်းမှန်းနိုင်မယ့် နည်းလမ်းမရှိပါ။
ငလျင်ဆိုတာ ဘယ်နေရာမှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ ပြတ်ရွေ့လို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးများ (ကမ္ဘာ့မျက်နှာပြင်လွှာနဲ့ အပေါ်ယံကြားလွှာနဲ့ ပြုလုပ်ထားတဲ့ ဧရာမကျောက်ထုလွှာကြီးများ)အကြား နယ်နိမိတ်များမှာ ပို၍ဖြစ်နိုင်ချေများပါတယ်။
နောက်ဆက်တွဲ ငလျင်တွေကတော့ ငလျင်လှုပ်ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ အင်အားပိုနည်းတဲ့ ငလျင်တွေပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲငလျင်တွေက ငလျင်လှုပ်ပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်းမှာ အပြင်းထန်ဆုံးဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပြင်းအားနဲ့ ကြိမ်နှုန်း လျော့ကျသွားကြပါတယ်။
ငလျင်တစ်ခုအတွက် ကြိုတင်ပြင်ဆင်ပုံ
မိမိရဲ့အန္တရာယ်ကို နားလည်ပါ
ငလျင်ဆိုတာ နေရာတိုင်းမှာ လှုပ်ခတ်နိုင်ပေမယ့်အချို့သောနေရာတွေတော့ ပိုပြီးလှုပ်နိုင်ခြေများပါတယ်။ ကိုယ်နေထိုင်တဲ့ဒေသမှာ ငလျင်လှုပ်နိုင်ခြေပိုများလားဆိုတာ သိအောင်လုပ်ပါ။ တကယ်လို့ အဲ့ဒီ ဒေသတွေမှာနေထိုင်တယ်ဆိုရင် ဒေသခံတာဝန်ရှိသူတွေရဲ့ အကြံပြုချက်တွေကို လေ့လာပါ။ အကယ်၍ မိမိက ကမ်းရိုးတန်းဒေသမှာ နေထိုင်တယ်ဆိုရင် ငလျင်လှုပ်ပြီးနောက် ဆူနာမီဖြစ်နိုင်ခြေအန္တရာယ်ကို လေ့လာပြီး မိသားစုအစီအစဉ်တစ်ခု ဆွဲထားပါ။
ကလေးတွေနဲ့ စကားပြောပါ
အကယ်၍ မိမိက ပိုပြီးအန္တရာယ်များတဲ့ဒေသမှာ နေထိုင်ပါက ကလေးတွေရဲ့ အသက်အရွယ်အလိုက် နားလည်မယ့်အသုံးအနှုန်းတွေနဲ့ ငလျင်အကြောင်း (ငလျင်ဆိုတာ ဘာလဲ၊ ဘာကြောင့် ငလျင်ဖြစ်တာလဲ၊ ဘေးကင်းအောင် ဘယ်လိုနေမလဲ) ဆိုတာတွေကို ဆွေးနွေးပါ။ မိမိရဲ့ နံပါတ်တစ် ဦးစားပေးက ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးဆိုတာ အသိပေးပါ။
အစီအစဉ်ဆွဲပါ
မိသားစုတစ်ခုလုံးအတွက် ငလျင်အရေးပေါ်အစီအစဉ်တစ်ခု ပြုလုပ်ပါ။
- ဘေးလွတ်ရာရွှေ့ပြောင်းရေး အစီအစဉ်တစ်ခုနဲ့ ဆုံရပ်များကို သတ်မှတ်ပါ၊ အထူးသဖြင့် မိသားစုဝင်တွေက တစ်ယောက်တစ်နေရာစီမှာရှိနေကြပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပြတ်တောက်သွားခဲ့ပါက အချင်းချင်း မဆက်သွယ်နိုင်ကြရင် ဖြစ်ပါတယ်။
- မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ လိပ်စာတွေ၊ဖုန်းနံပါတ်တွေကို အချိန်နှင့်တပြေးညီ update ထားရှိပါ။ အရေးပေါ်ဖြစ်လာရင် ဘယ်လိုဆက်သွယ်ရမလဲဆိုတာ လေ့လာထားပါ။
- ငလျင်လှုပ်လာခဲ့ရင် မိမိကလေးရဲ့ ကျောင်းက ဘယ်လိုစီစဉ်ထားလဲဆိုတာ လေ့လာပါ။
- မိမိနေထိုင်တဲ့ အဆောက်အအုံအကြောင်း လေ့လာပါ။ မခိုင်ခံ့သော သို့မဟုတ် သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီသော အဆောက်အဦးများဟာ ငလျင်လှုပ်ချိန်တွင် အလွန်အန္တရာယ်များနိုင်ပါသည်။ ဒီလိုအဆောက်အဦးတွေမှာ နေထိုင်ပါက ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရှိစေဖို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်ပါ။
- အိမ်ထဲက အခန်းတိုင်းမှာ ငလျင်လှုပ်လာရင် ခိုလှုံနိုင်မယ့် နေရာတွေကို ရှာထားပါ။ ဖြစ်နိုင်ရင် ပြတင်းပေါက်မရှိတဲ့ အိမ်အလယ်ပိုင်းက အခန်းတွေမှာ နေပြီး စားပွဲလို ခိုင်ခံ့တဲ့ပစ္စည်းတွေအောက်မှာ ပုန်းခိုပါ။
- အရေးပေါ်အိတ်တစ်လုံး ပြင်ဆင်ထားပါ။ အနည်းဆုံး သုံးရက်စာ လိုအပ်တဲ့ပစ္စည်းတွေ ထည့်ထားပြီး လိုအပ်ရင် သယ်ဆောင်နိုင်အောင် လုပ်ထားပါ။ အစားအသောက်၊ ရေ၊ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီးနဲ့ ဘက်ထရီတွေ ထည့်ထားဖို့ မမေ့ပါနဲ့။
- ငွေသားနဲ့ ခရီးသွားစာရွက်စာတမ်းတွေကို လွယ်လွယ်ကူကူ ယူသွားနိုင်အောင် ထားပါ။
- မိမိကလေးတွေ ဘာလုပ်ရမလဲဆိုတာကို နားလည်အောင် အရေးပေါ်အစီအစဉ်ကို အတူတူလေ့ကျင့်ပါ။ သူတို့မေးချင်တဲ့မေးခွန်းတွေကို အချိန်ယူဖြေပေးပြီး သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားပါ။
- တစ်နှစ်ကို နှစ်ကြိမ်သုံးကြိမ်လောက် မိသားစုနဲ့အတူ အရေးပေါ်အစီအစဉ်ကို အတူတူလေ့ကျင့်ထားပါ၊ ဒါမှ လိုအပ်တဲ့အခါ အမြန်ဆုံး အလိုအလျောက်လှုပ်ရှားတတ်မှာ ဖြစ်ပါတယ်။
ငလျင်လှုပ်နေချိန်မှာ ဘာလုပ်ရမလဲ
- ခိုင်ခံ့တဲ့အဆောက်အအုံထဲမှာ ရှိနေရင် အထဲမှာပဲနေပြီး စားပွဲ၊ စာရေးခုံလို ခိုင်ခံ့တဲ့အရာတစ်ခုခုအောက်မှာ အကာအကွယ်ယူပါ။ ပရိဘောဂ ဒါမှမဟုတ် ခိုင်ခံ့တဲ့ပစ္စည်းကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး ခေါင်းနဲ့ လည်ပင်းကို နောက်လက်တစ်ဖက်နဲ့ အုပ်ထားပါ။ ကိုင်ထားဖို့ ခိုင်မာတဲ့ပစ္စည်းတစ်ခုခုကို ရှာမတွေ့ရင် ဒါမှမဟုတ် အကာအကွယ်ရနိုင်တဲ့နေရာတစ်ခုမှာ ရှိမနေရင် ခေါင်းနဲ့ လည်ပင်းကို လက်နှစ်ဖက်လုံးနဲ့ ကာထားပါ။ ဓာတ်လှေကားတွေမသုံးပါနဲ့။သင်နေထိုင် သို့မဟုတ် အလုပ်လုပ်တဲ့အဆောက်အအုံက မတည်ငြိမ်ဘူး သို့မဟုတ် ငလျင်ဒဏ်ခံနိုင်တဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးလို့ ထင်ရင် အလုံခြုံဆုံးနည်းလမ်းတွေအတွက် ဒေသဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပါ။
- မိမိကအပြင်ရောက်နေရင်အပြင်မှာပဲနေပါ။ အဆောက်အဦတွေ၊ သစ်ပင်တွေ၊ လမ်းမီးတိုင်တွေ၊ လျှပ်စစ်ကေဘယ်ကြိုးတွေ၊ ဖုန်းတိုင်တွေနဲ့ ဝေးရာ ကွင်းပြင်နေရာတစ်ခုဆီ ရောက်အောင်သွားပါ။ ကွင်းပြင်နေရာသို့ရောက်ပါက မြေပေါ်ဝပ်ချပြီး ငလျင်ရပ်သွားသည်အထိ အဲဒီနေရာမှာနေပါ။
- မိမိကကားထဲမှာဖြစ်ရင်ကားထဲမှာပဲဆက်နေပါ။ဘေးကင်းအောင်နေရင်း တတ်နိုင်သမျှ အမြန်ဆုံး ကားကိုရပ်ပါ။ ပါကင်ဘရိတ်ကို အသုံးပြုပါ။ တုန်ခါမှု မရပ်မချင်း ထိုင်ခုံခါးပတ်တပ်ထားပါ။
- နောက်ဆက်တွဲငလျင်ငယ်တစ်ခုကိုခံစားရပါက အထက်မှာပြောတဲ့လမ်းညွှန်ချက်အတိုင်းလိုက်နာပါ။ ငလျင်လှုပ်ပြီး ပထမနာရီပိုင်းနဲ့ ရက်ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေ မကြာခဏလှုပ်နိုင်ပေမယ့် နောက်ပိုင်းမှာ ပိုနည်းလာပြီး ပြင်းအားလည်း လျော့လာပါလိမ့်မယ်။
ငလျင်လှုပ်ပြီးနောက် ဘာလုပ်ရမလဲ
- အန္တရာယ်ရှိ/မရှိစစ်ဆေးပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ပြိုကျနေတဲ့ အရာဝတ္ထုတွေ၊ မှန်ကွဲတွေလို အန္တရာယ်တွေ ရှိနိုင်တာကို သတိပြုပါ။ မီးလောင်နေတာရှိ၊မရှိ စစ်ဆေးပါ။
- ဖြစ်နိုင်ရင်လုံခြုံပြီး ရှင်းလင်းတဲ့ ပြင်ပနေရာတစ်ခုကိုသွားပါ။ ဓာတ်လှေကားက ပျက်စီးနေနိုင်တဲ့အတွက် ဓာတ်လှေကားအသုံးမပြုပါနဲ့။
- မိမိကိုယ်ကိုရော၊အခြားသူတွေကိုပါ ဂရုစိုက်ပါ။ မိမိ ဒါမှမဟုတ် မိသားစုဝင်တစ်ဦး ထိခိုက်ဒဏ်ရာရထားပါက တတ်နိုင်သမျှအမြန်ဆုံး စောင့်ရှောက်မှုခံယူပါ။
- အကူအညီတောင်းပါ။ မိမိဘယ်နေရာမှာ ရှိနေကြောင်းနဲ့ ဘေးအန္တရာယ်ကင်းကြောင်းကို မိသားစု၊ မိတ်ဆွေတွေကို အသိပေးပါ။ ဖြစ်နိုင်သလောက် ဒေသတွင်းသတင်းတွေနဲ့ အခြေအနေအကြောင်း ဒေသခံတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေကို နားထောင်ပါ (ဒီနေရာမှာ ရေဒီယိုက အရမ်းကို အသုံးဝင်ပါလိမ့်မယ်)။ ခိုလှုံရာနေရာတွေ၊ ကျန်းမာရေးဆေးပေးခန်းတွေနဲ့ အစားအစာဝေတဲ့ နေရာတွေအကြောင်း သတင်းတွေနားထောင်ပြီး ဒေသခံဝာာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ။ လျှပ်စစ်မီးပြတ်တောက်နေပါက ဖုန်းဘက်ထရီကို ချွေတာပြီးသုံးပါ။ပြင်းအားမြင့်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါက မိုဘိုင်းကွန်ရက်တွေ ပြတ်တောက်သွားနိုင်၊ ထိခိုက်သွားနိုင်တဲ့အတွက်စာတို SMS ပေးပို့ပြီးဆက်သွယ်တာက ပိုပြီးထိရောက်နိုင်ပါတယ်။
ငလျင်လှုပ်ပြီးနောက် ကလေးတွေကို စိတ်သက်သာရာရအောင် ဘယ်လိုလုပ်ပေးရမလဲ
- ပွင့်ပွင့်လင်းလင်းစကားစပြောပါ။ ကလေးတွေကို ငလျင်ကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးပေးပါ၊ သူတို့မှာ စိတ်ပူပင်မှုတွေ၊ ထိတ်လန့်မှုတွေရှိနေရင်လည်း မျှဝေပြောပြဖို့ အားပေးပါ။ သူတို့ပြောပြတာကို သေချာနားထောင်ပေးပြီး သူတို့ခံစားချက်ကို အလေးအနက် ဂရုစိုက်တဲ့အကြောင်း ပြသပါ။
- စိတ်သက်သာရာရအောင် လုပ်ပေးပါ။ ငလျင်နဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ အမြဲတမ်းဖြစ်နေမှာ မဟုတ်တဲ့အကြောင်း ပြောပြပါ၊ ငလျင်ဆိုတာ သဘာဝဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။ အတူတူအချိန်ဖြုန်းပြီး ပွေ့ဖက်ထားပေးခြင်းဖြင့် ကလေးတွေကို နှစ်သိမ့်မှုပေးပါ။
- စိတ်ပိုင်းဆိုင်ရာဖိစီးမှုလက္ခဏာတွေကိုစောင့်ကြည့်ပါ။ ကလေးအတော်များများက ဘေးအန္တရာယ်တစ်ခုဖြစ်ပြီးနောက် တစ်လလောက်အထိ ဘာမှမဖြစ်ဘူးထင်ရပေမယ့် မတုန်မလှုပ်ခံစားချက်က တဖြည်းဖြည်းပျောက်သွားပြီး စိတ်ဒဏ်ရာ လက္ခဏာတွေ စပြီး ပြသလာတတ်ပါတယ်။ စိုးရိမ်မှုတချို့ ဆက်ဖြစ်နိုင်နေသေးပေမယ့် လပိုင်းလောက်အကြာအထိ ပျောက်မသွားခဲ့ရင်ဖြစ်ဖြစ်၊ ကလေးက ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အကြောက်လွန်ပြီး တိုက်ခိုက်တာ၊ သူတို့ကိုယ်ကိုနဲ့ တခြားသူကို ထိခိုက်အန္တရာယ်ပြုချင်တဲ့ ဆန္ဒတွေလို ပိုဆိုးတဲ့လက္ခဏာတွေ ပြလာရင်မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- စိတ်တည်ငြိမ်စေမယ့်လေ့ကျင့်ခန်းတွေကိုအတူတူလေ့ကျင့်ပါ။ဝမ်းဗိုက်နဲ့အသက်ပြင်းပြင်းရှူခြင်းက သိပ်ကိုအထောက်အကူပြုပါတယ်၊ အသက်အရွယ်ကြီးတဲ့ကလေးတွေနဲ့ လေ့ကျင့်ကြည့်ပါ။ အကယ်၍ ပိုငယ်တဲ့ကလေးငယ်တွေရှိရင် ကစားနည်းတစ်ခုအဖြစ်နဲ့ လုပ်ကြည့်လို့ရပါတယ် - နာရီတိုင်းရဲ့အစမှာ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း လျှော့ရင်းနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လောက် တည်ငြိမ်အောင် လုပ်နိုင်တယ်ဆိုတာကို ကြည့်ပါ။
- လုပ်နေကျလုပ်ငန်းစဉ်တစ်ခုထားရှိဖို့ကြိုးစားကြည့်ပါ။ တော်တော်လေး ခက်ခဲနိုင်ပေမယ့် အချိန်မှန် အိပ်ရာဝင်တာ၊ အချိန်မှန်ထမင်းစားတာက ကလေးတွေကို ငလျင်မတိုင်ခင်က သူတို့ဘဝနဲ့ နည်းနည်းပိုပြီး ဆက်စပ်မိတယ်လို့ ခံစားမိစေနိုင်ပါတယ်။
>>ဖတ်ရန်: ပဋိပက္ခနဲ့ အကျပ်အတည်းအခြေအနေတွေအတွင်းမှာ မိမိကလေးကို ဘယ်လိုပံ့ပိုးပေးမလဲ
>>ဖတ်ရန်: ကလေးများမှာ ဖြစ်တတ်သည့် ပူဆွေးသောကရောက်မှု လက္ခဏာတွေကို ဘယ်လိုသိနိုင်မလဲ