ချစ်ရတဲ့သူတစ်ယောက် ဆုံးပါးသွားတဲ့အကြောင်း သင့်ကလေးကို ဘယ်လိုပြောပြမလဲ
သင့်ကလေးရဲ့ ဆုံးရှုံးမှု၊ ဝမ်းနည်းပူဆွေးမှု၊ နာကျင်စရာ ခံစားမှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ကူညီပေးခြင်း

- ရရှိနိုင်ပါသည်:
- English
- မြန်မာ
ချစ်ရတဲ့သူ သေဆုံးခြင်းဟာ လူကြီးတွေအတွက် နာကျင်စရာ၊ စိတ်ရှုပ်ထွေးစရာဖြစ်ပေမယ့် ပထမဆုံးအကြိမ် ဆုံးရှုံးမှုကို ကြုံတွေ့လိုက်ရတဲ့ ကလေးတွေအတွက်တော့ စိတ်ဆင်းရဲစရာဖြစ်တာနဲ့အမျှ နားလည်ရခက်စရာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဝမ်းနည်းနေချိန်မှာ သူတို့ကို ပံ့ပိုးပေးဖို့ နည်းလမ်းတွေနဲ့ မျှော်လင့်ထားနိုင်တဲ့ အရာတွေရှိပါတယ်။
ကလေးတွေက ဘယ်လိုဝမ်းနည်းပူဆွေးတတ်ကြသလဲ
ချစ်ရသူတစ်ဦး သေဆုံးခြင်းအပေါ် ကလေးတစ်ဦးရဲ့ တုံ့ပြန်ပုံက သူတို့ရဲ့ အသက်အရွယ်နဲ့ အရင်က ဘဝအတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ကွဲပြား တတ်ပါတယ်။ ကလေး တစ်ယောက်နဲ့တစ်ယောက် ခံစားတုံ့ပြန်ပုံခြင်းက မတူကြပါဘူး။ အသက်အရွယ်နဲ့ ဉာဏ်ရည်ဖွံ့ ဖြိုးမှုမတူညီတဲ့ တုံ့ပြန်တတ်မှု နမူနာတွေ ကို အသက်အရွယ် ခွဲပြီး အောက်တွင် ဖေါ် ပြထား ပါတယ်။
အသက် ၅ နှစ်အောက်ကလေးငယ်တွေက သေဆုံးတယ်ဆိုတာလုံးဝပြောင်းလဲလို့မရနိုင်တော့တာလို့ နားမလည်ကြဘဲ ဆုံးပါးသွားသူက ပြန်လာမှာလားလို့ မေးမြန်းတတ်ကြပါတယ်။ ပြုစုစောင့်ရှောက်သူတွေကို အရင်ကထက်ပိုပြီး တွယ်ကပ်နေတာ ဒါမှမဟုတ် အိပ်ရာထဲဆီးသွားတာလို ငယ်ငယ်က အပြုအမူတွေပြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအပြုအမူတွေက တွေ့ရများပြီး အများအားဖြင့် အချိန်တစ်ခု ကုန်သွားချိန်မှာ ရပ်သွားတတ်ပါတယ်။
အသက် ၆ နှစ်နဲ့ ၁၁ နှစ်ကြား ပိုကြီးတဲ့ကလေးငယ်တွေက သေခြင်းဟာ ထာဝရဖြစ်ကြောင်း (အချို့ အသက် ၆ နှစ်အရွယ် ကလေးများအတွက် ဒီသဘောတရားကို နားလည်ဖို့ ခက်ခဲနိုင်ပါသေးတယ်) စတင်နားလည်ကြပြီး အခြားချစ်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေသေဆုံးမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ သူတို့က နောက်ထပ် မေးခွန်းတွေ မေးနိုင်ပြီး ဖြစ်ပျက်ခဲ့တာတွေကို နားလည်ချင်ကြပါတယ် ။ ကလေးများဟာ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို ဒေါသနဲ့ပြတတ်သလို ခန္ဓာကိုယ် နာကျင် ကိုက်ခဲမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။
အသက် ၁၂ နှစ်ဝန်းကျင်မြီးကောင်ပေါက်အရွယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေက သေခြင်းတရားဆိုတာ ပြန်ပြောင်းလဲလို့မရကြောင်းနဲ့ သူတို့အပါအဝင် လူတိုင်းကြုံတွေ့ရမယ်ဆိုတာကို နားလည်နေပြီဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုအဖြစ်အပျက်တွေ ဖြစ်လည်း ဆိုတာကို စိတ်ဝင်စားတတ်ကြပါတယ်။ သူတို့ရဲ့ တုံ့ပြန်ပုံတွေက ကွဲပြားနိုင်ပြီး စာနာစိတ်ဖြစ်တာ၊ ဒေါသထွက်တာ၊ လွန်လွန်ကဲကဲ ဝမ်းနည်းပူဆွေးတာနဲ့ အာရုံစိုက်နိုင်စွမ်း အားနည်းတာတွေကို ကြုံရနိုင်ပါတယ်။
ဝမ်းနည်းပူဆွေးဖို့အတွက် "မှန်ကန်တဲ့"နည်းလမ်းဆိုတာနဲ့ သတ်မှတ်ထားတဲ့ အဆင့်တွေမရှိဘဲ တယောက်နဲ့တယောက် မတူညီတဲ့ စိတ်ခံစားမှုတွေနဲ့ အပြုအမူတွေဖြစ်ပေါ် တတ် ပါတယ်။ ကလေးတွေရဲ့ တုံ့ပြန်နိုင်စွမ်းက အများကြီး ကွဲပြားပြီး သူတို့ရဲ့ အသက်အရွယ်၊ ဉာဏ်ရည်ဖွင့်ဖြိုးမှု၊ သေဆုံးသူနဲ့ ဆက်နွှယ်ပုံ၊ တခြားမိသားစုဝင်တွေရဲ့ တုံ့ပြန်ပုံနဲ့ သူတို့နေထိုင်တဲ့ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်းတို့အပေါ် မူတည်ပါတယ်။

ကလေးကို သူတို့ချစ်ရတဲ့သူ သေဆုံးသွားကြောင်း ဘယ်လိုပြောပြမလဲ
အရေးအကြီးဆုံးက အမှန်တရားကို မဖုံးကွယ်ဖို့၊ အမှန်တရားကို ပြောဖို့ အချိန်မဆွဲဖို့ပါ။ ကလေးကို အကာအကွယ်ပေးဖို့ဆိုတာ သဘာဝကျပေမယ့် ရိုးသားပွင့်လင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ကိစ္စကို ကလေးကို ပြောပြခြင်းက မိမိအပေါ် သူ့ရဲ့ ယုံကြည်မှုကိုလည်း တိုးစေသလို သူတို့ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့ခံစားချက်ကိုလည်း ပိုပြီးကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ဖို့ကူညီရာရောက်ပါတယ်။
ကလေးတွေကို စကားပြောဖို့ လုံခြုံတိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီး ဘာပြောမလဲဆိုတာကို စဉ်းစားပါ။ ကလေးတွေကို မိမိနဲ့အတူ ထိုင်ခိုင်းပါ။ အကယ်၍ ငယ်ရွယ်တဲ့ကလေးတစ်ဦးဖြစ်ပြီး သူတို့ရဲ့ အကြိုက်ဆုံး အရာဝတ္ထု၊ ကစားစရာ ဒါမှမဟုတ် စိတ်ဖြေသိမ့်စရာ ပစ္စည်းတစ်ခုခုကို ယူလာချင်တယ်ဆို ယူလာပါစေ။ စကားကို ခပ်ဖြည်းဖြည်းနဲ့ မကြာမကြာ ရပ်ပြီးပြောပါ။ သူတို့နားလည်ဖို့ အချိန်ပေးပြီး ကိုယ့်ခံစားချက်ကိုလည်း ကိုင်တွယ်နိုင်ဖို့ အချိန်ပေးပါ။
ဘယ်အသက်အရွယ်ရှိတဲ့ ကလေးကိုမဆို စာနာပါ၊ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ဒါပေမဲ့ ငယ်လွန်းတဲ့ကလေးတွေကို အထူးသဖြင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြပြီး လည်ရခက်သော စကားလုံးများကိုမသုံးပါနဲ့ "အဖေတို့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ"လို့ ပြောခြင်းက ကလေးငယ်ငယ်လေးတွေအနေနဲ့ ဘာအဓိပ္ပါယ်လဲဆိုတာ နားမလည်တဲ့အတွက် ရှုပ်ထွေးသွားနိုင်ပါတယ်။ စိတ်ပညာရှင် ဒေါက်တာလီဆာ က ဒီလိုပြောဖို့ အကြံပြုထားပါတယ်- "လူကြီးတွေအနေနဲ့ နွေးနွေးထွေးထွေးနဲ့ နူးနူးညံ့ညံ့ပြောတာ ပိုအသုံးဝင်ပါတယ်။ ဥပမာ - ‘အဖေ ပြောပြစရာ သတင်းဆိုးတစ်ခုရှိတယ်။ သား အဘိုး သေသွားပြီ။ သူ့ခန္ဓာကိုယ်က အလုပ်မလုပ်တော့ဘူး။ ဒါကြောင့် သူ့ကို အဖေတို့ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။' ဒီလို တဲ့တိုးအသုံးအနှုန်းမျိုး သုံးဖို့အတွက် မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ရိုးသားဖို့နဲ့ ပွင့်လင်းမြင်သာရှိဖို့ အရေးကြီးပါတယ်။"
ကလေးတွေ ဒီစကားတွေကို နားလည်နိုင်ဖို့ အချိန်ပေးဖို့လိုပါတယ်။ ကလေးငယ်လေးတွေက နားမထောင်တဲ့ပုံမျိုးနဲ့ တုံ့ပြန်တာမျိုး ရှိတတ်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး သူတို့အာရုံစိုက်တဲ့အထိ စောင့်ပါ။ ပိုငယ်တဲ့ကလေးတွေက မေးခွန်းတစ်ခုတည်းကိုပဲ လက်ရှိအချိန်မှာရော၊ နောက်ရက်ပိုင်း၊ လပိုင်းအတွင်းမှာပါ ထပ်ကာထပ်ကာ မေးတာမျိုး ရှိတတ်တဲ့အတွက်လည်း ပြင်ဆင်ထားပါ။
"ထူးခြားတဲ့" အတွေးတစ်ခုခုရှိမရှိကိုလည်း စစ်ဆေးပါ။ တချို့ကလေးတွေက သူတို့ပြောလိုက်တဲ့ စကားကြောင့်ဖြစ်ဖြစ်၊ လုပ်လိုက်တဲ့ အလုပ်ကြောင့်ဖြစ်ဖြစ် သေသွားတာလားလို့ စိုးရိမ်တတ်ကြတာလည်း ရှိပါတယ်။ ဘယ်အရွယ်ကလေးမဆို အပြစ်ရှိတဲ့ခံစားချက် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ တစ်နည်းနည်းနဲ့ တာဝန်ရှိသလို ခံစားနေရလားဆိုတာကို လေ့လာကြည့်ပါ။
ဒီလိုမျိုး သင်မေးကြည့်လို့ရပါတယ် - "ဖိုးဖိုးက သမီး တစ်ခုခုပြောလိုက်လို့ (သို့) တစ်ခုခုလုပ်လိုက်လို့ သေသွားတာလားလို့ စိတ်ပူနေတာလား။" ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို စကားလုံးရိုးရိုးရှင်းရှင်းတွေနဲ့ ရှင်းပြပြီး သူတို့ကို အပြစ်မတင်ဘူးဆိုတာ သေချာအောင် ပြောပြပါ။ ဥပမာ - "သမီး ဘာအမှားမှမလုပ်ထားဘူး။ ဖိုးဖိုးကို နေမကောင်းဖြစ်ပြီး အသက်ရှူရပ်အောင်လုပ်တာက ရောဂါပိုးတစ်မျိုးပဲ။ ဘယ်နေရာကမဆို အဲဒီရောဂါပိုးကူးလာနိုင်တာပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။"

ကလေးရှေ့မှာ ဝမ်းနည်းကြောင်းပြဖို့ အဆင်ပြေရဲ့လား
ကလေးရှေ့မှာ ဝမ်းနည်းကြောင်းပြတာ လုံးဝလုပ်လို့ရပါတယ် - သဘာဝလည်း ကျပါတယ်။ ကလေးကို သင့်တုံ့ပြန်မှုနဲ့ အချက်ပြသလို မဖြစ်စေဖို့ ကိုယ့်ဘာသာ ပြင်ဆင်ထားပါ၊ ဒါပေမဲ့ ရိုးသားပွင့်လင်းပါ။ မိမိက ဝမ်းနည်းပြီး ငိုကြွေးနေမယ်ဆိုရင် မိမိဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့ကို ပြောပြပါ၊ ကိုယ့်ခံစားချက်ကိုပြတာ၊ ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာ သူများကို ဖော်ပြတာဟာ ဘာမှမှားယွင်းတာမရှိဘူးဆိုတာ အာမခံပြီးပြောပြပါ။ ဒါက ကလေးတွေကို သူတို့ကိုယ်ပိုင် ခံစားချက်တွေကို ပိုပြီးအမည်တပ်နိုင်ဖို့၊ တွေ့ကြုံခံစားဖို့နဲ့ ပြသဖို့အတွက် အထောက်အကူပြုပါတယ်။
မိမိကလေး ဝမ်းနည်းပူဆွေးနေတာကို ရင်ဆိုင်ကျော်လွှားဖို့ ဘယ်လိုကူညီပေးရမလဲ
ငိုကြွေးခြင်းဆိုတာ ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့အခါ ကလေးတွေရော လူကြီးတွေအတွက်ပါ အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေအတွက် သင့်တော်ပြီး သက်သောင့်သက်သာရှိစေမယ့် နည်းလမ်းတစ်ခုခုနဲ့ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ငိုကြွေးခြင်းက ကလေးတွေအနေနဲ့ သူတို့ချစ်ရသူတွေ သေဆုံးသွားတာကို လက်ခံနိုင်ဖို့နဲ့ နှုတ်ဆက်နိုင်ဖို့ အရေးပါပါတယ်။
အားလုံးအတွက် ကွယ်လွန်သူက ဘယ်လောက် အရေးပါလဲဆိုတာ ပြသဖို့ အထိမ်းအမှတ်ပွဲတစ်ခုလုပ်ဖို့ နည်းလမ်းရှာပါ။ ကလေးတွေက ကွယ်လွန်သူအတွက် ရည်ရွယ်ပြီး ပုံဆွဲတာ၊ ကဗျာ ဒါမှမဟုတ် သူ့အကြောင်း တစ်ခုခုရေးထားတာကို ဖတ်တာနဲ့ သီချင်းဆိုတာတွေ လုပ်နိုင်ပါတယ်။
မိသားစုတိုင်းမှာ မတူညီတဲ့ ဘာသာရေး ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု အလေ့အထတွေ ရှိကြပါတယ်။ မိမိမိသားစုက ဘာသာရေး တစ်ခုကို သက်ဝင်ယုံကြည်သူဖြစ်ရင် သေခြင်းအကြောင်း ရှင်းပြနိုင်ဖို့အတွက် ကူညီပေးနိုင်ပြီး မိမိရော ကလေးတွေအတွက်ပါ နှစ်သိမ့်မှုပေးနိုင်မယ့် မိမိရဲ့ဘာသာရေး ခေါင်းဆောင်ကို ဆက်သွယ်တာက အထောက်အကူပြုနိုင်ပါတယ်။

ချစ်ရသူသေဆုံးပြီးနောက်မှာ မိမိကလေးရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ
ကိုယ့်ကလေးကို စိတ်ခံစားချက်ပိုကောင်းစေပြီး သူတို့ စိတ်ကျန်းမာရေးကို ကာကွယ်ပေးနိုင်မယ့် အရေးကြီးတဲ့နည်းလမ်း တချို့ရှိပါတယ်-
- ကလေးကို မိမိရယ်၊ မိဘ၊ ဆွေမျိုး၊ သူတို့ ကောင်းကောင်းသိပြီး ယုံကြည်ရတဲ့ စောင့်ရှောက်သူတွေရယ်က ဆက်ပြီး ချစ်ချစ်ခင်ခင်နဲ့ အရင်အတိုင်း စောင့်ရှောက်ပေးပါ။
- မွေးကင်းစကလေးလေးတွေနဲ့ ငယ်ရွယ်သေးတဲ့ကလေးတွေက ချစ်ချစ်ခင်ခင် ကိုင်တွယ်ထိတွေ့တာ၊ သီချင်းဆိုတာ၊ ပွေ့ဖက်ထားတာနဲ့ လှုပ်သိပ်တာတွေကတစ်ဆင့် လုံခြုံမှုနဲ့ ချစ်ခင်မှုကို ဆက်ပြီးခံစားတတ်ကြပါတယ်။
- ပုံမှန်ဘဝနေထိုင်ပုံတွေနဲ့ ဖွဲ့စည်းပုံတွေကို တတ်နိုင်သမျှ ထိန်းသိမ်းထားပါ။ တစ်နေ့တာမှာ သန့်ရှင်းရေး၊ ကျောင်းအလုပ်၊ လေ့ကျင့်ခန်းနဲ့ ကစားတာလို လှုပ်ရှားမှုတွေအတွက် ပုံမှန်အချိန်ပေးပါ။
- ကလေးတွေက စိန်ခေါ်တဲ့အပြုအမူတို့၊ ငယ်ငယ်ကလုပ်ခဲ့တဲ့ အပြုအမူတွေ ပြလာခဲ့ရင် သူတို့နှုတ်က ပြောပြလို့မရတာကို ပြသတဲ့နည်းလမ်းလို့ နားလည်ပြီး သူတို့ကို အပြစ်ပေးတာမျိုးမလုပ်ပါနဲ့။
- ကလေးရဲ့ ဘဝထဲက တခြားကလေးငယ်တွေကို သူတို့ရဲ့ မိဘတွေ၊ ဆရာတွေကတစ်ဆင့် ဖြစ်ပျက်ခဲ့တာကို အသိပေးပါ။ ဒါမှ ကလေးကျောင်းပြန်တက်နိုင်အောင် သူတို့က ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မိမိလည်း ပူဆွေးဝမ်းနည်းနေရတယ်ဆိုတာ မမေ့ပါနဲ့။ မိမိရဲ့ခံစားချက်ကို ထိန်းရင်း ကလေးကို ပံ့ပိုးဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် မိမိအတွက် အချိန်ပေးပြီး ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ မိမိနေမကောင်းရင် ကလေးတွေကိုလည်း ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ အိပ်ရေးဝဝအိပ်ပြီး စနစ်တကျစားသောက်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ စိတ်အပန်းပြေဖို့ အချိန်ယူပါ။ စိတ်ခံစားချက်ကို ပံ့ပိုးပေးဖို့အတွက် ကိုယ်အားကိုးနိုင်မယ့် လူတစ်ယောက် ထားပါ။ အရက်ပိုသောက်တာလိုမျိုး ထိခိုက်စေမယ့် အလေ့အထတွေကို ရှောင်ပါ။
ဒီဆောင်းပါးကို စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်း ပံ့ပိုးမှု (MHPSS) ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ရဲ့ "ကလေးများအား သေဆုံးခြင်းအကြောင်း အသိပေးပြောပြခြင်းနှင့် ဝမ်းနည်းခြင်းကို ရင်ဆိုင်ဖြတ်ကျော်နိုင်အောင် ကူညီပေးခြင်း" မှ ကောက်နုတ်ထားပါတယ်။ ပိုမိုလေ့လာဖို့အတွက် MHPSS ပူးပေါင်းဆောင်ရွက်မှု ဝက်ဘ်ဆိုက် တွင် ဝင်ရောက်ကြည့်ရှုပါ။