မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ ယူနီဆက်မြန်မာမှ ထုတ်ပြန်ကြေညာခြင်း

ယူနီဆက်မြန်မာမှ ထုတ်ပြန်ကြေညာချက်

13 ဇန်နဝါရီလ 2021

ရန်ကုန်မြို့၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် – ဇန်နဝါရီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့ အရှေ့မြောက်ပိုင်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသော မိုင်းသီးတစ်လုံး ပြင်းထန်စွာပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာက လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရပါသည်။

ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ် သေဆုံးဒဏ်ရာရရှိမှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေသည့်အပေါ် များစွာစိုးရိမ်ပူပန်မိပါသည်။

မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ သုံးပုံတစ်ပုံကျော်ခန့်မှာ ကလေးငယ်များဖြစ်ပါသည် - ရခိုင်ပြည်နယ်မှာ ကလေးငယ် သေဆုံးဒဏ်ရာရရှိသူ အများဆုံးဖြစ်ပြီး သေဆုံးဒဏ်ရာရရှိသူ စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းခန့် ရှိနေပါသည်။ မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် စက်တင်ဘာလအကြား ကလေးငယ် ၄၉ ဦးသေဆုံးခဲ့ပြီး ၁၃၄ ဦး ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွင်းခဲ့ရသည်။ ယင်းမှာ ၂၀၁၉ သို့မဟုတ် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သေဆုံးဒဏ်ရာရမှုစုစုပေါင်းထက် ပိုများသည့်ပမာဏဖြစ်ပါသည်။

ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံရေးနှင့် အခွင့်အရေးများသည် မည်သို့သော အခြေအနေတွင်မဆို အဓိကထည့်သွင်းစဉ်းစားစရာ ဖြစ်ရပါမည်။ မြေမြှုပ်မိုင်းများနှင့် UXO များသည် အရပ်သားပြည်သူများကို မကြာခဏ ထိခိုက်ဒဏ်ရာရစေပြီး ကလေးများမှာ အထိခိုက်လွယ်ဆုံးသူများဖြစ်ပါသည်။ ကလေးများမှာ လူကြီးများထက် အရွယ်အစားအားဖြင့် ပိုမိုသေးငယ်သည်ဖြစ်၍ ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝခံရနိုင်ကာ သေဆုံးခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခြင်းတို့ ဖြစ်နိုင်ခြေပိုများပါသည်။

ယူနီဆက်အနေဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာအဖွဲ့များအားလုံးအား ပဋိပက္ခအတွင်း ရောက်ရှိနေသော ကလေးငယ်များ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ကလေးများ၏ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းကြရန်အလို့ငှာ မြေမြှုပ်မိုင်းများထောင် ခြင်းကို ရပ်တန့်ရန်နှင့် ထောင်ထားပြီးဖြစ်သော မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းပေးပါရန် တိုက်တွန်းအပ်ပါသည်။

ယူနီဆက်က မြန်မာနိုင်ငံတော်အစိုးရအ‌နေဖြင့်လည်း မြန်မာနိုင်ငံရှိ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသောဒေသများအားလုံးမှ ကလေးငယ်များနှင့် အခြားဒေသခံပြည်သူများ စိတ်ပိုင်းလူမှုရေးပိုင်းနှင့်ပတ်သက်သော ပံ့ပိုးမှုများရရှိရန်အပြင် ကျောင်းများနှင့် ရပ်ရွာအသိုက်အဝန်းများတွင် မိုင်းအန္တရာယ်နှင့်ပတ်သက်သောအသိပညာများ ပေးနိုင်ရန် အရေးပေါ် မိုင်းအန္တရာယ် ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးပေးပါရန် တိုက်တွန်းအပ်ပါသည်။

ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများနှင့် အန္တရာယ်များကြားတွင် ရှိနေဆဲဖြစ်သော ကလေးငယ်များအားလုံးနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

မီဒီယာ အဆက်အသွယ်

Guy Taylor
Chief of Advocacy & Policy
UNICEF Myanmar
အီးမေးလ်: gutaylor@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်၏ အလုပ်များ

ယူနီဆက်သည် ၁၉၅၀ ခုနှစ်မှ စတင်၍ အစိုးရ၊ မြန်မာပြည်သူများနှင့်အတူ လုပ်ဆောင်လာခဲ့သည်။ အစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ကလေးသေဆုံးမှုလျှော့ချခြင်း၊ အရည်အသွေးရှိ ပညာရေးလက်လှမ်းမီစေရန်နှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများမှလျော့ကျစေရန် အရေးပါသော ပံ့ပိုးမှုများကိုလည်း ထောက်ပံ့ပေးပါသည်။

ကျွန်ပ်တို့၏ လုပ်ငန်းတာဝန်များနှင့် သတင်းအချက်အလက်များကို ပိုမိုသိရှိနိုင်ရန်

https://www.unicef.org/myanmar 
https://www.facebook.com/unicefmyanmar တို့တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။