ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA တို့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကလေးငယ်နှစ်ဦး သတ်ဖြတ်ခြင်းခံခဲ့ရသည့် အခြေအနေများအပေါ် လွန်စွာစိုးရိမ်မိပါကြောင်း CTFMR မှ ဖော်ပြလိုက်သည်

ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံအဆင့်စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့၏ ပူးတွဲဥက္ကဌများမှ ထုတ်ပြန်ချက်

14 အောက်တိုဘာလ 2020

ရန်ကုန်မြို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက် – “အောက်တိုဘာလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြား တိုက်ခိုက်မှုများအတွင်း ယောက်ျားလေးနှစ်ဦး သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အဆိုပါဖြစ်ရပ်သည် ကလေးသူငယ်များပါဝင်သည့် ဒေသခံလယ်သမား ၁၅ ဦးအုပ်စုကို တပ်မတော်စစ်ကြောင်းတစ်ခုမှ တပ်စခန်းတစ်ခုသို့သွားရာလမ်းတစ်လျှောက် မိုင်းရှင်းလင်းကြောင်း သေချာစေရန်နှင့် ရန်သူများတိုက်ခိုက်လာနိုင်ခြေအန္တရာယ်မှ အဆိုပါစစ်သားများကို အကာအကွယ်ပေးနိုင်ရန် တပ်မတော်သားများရှေ့မှ အတင်းအကျပ်သွားစေခဲ့စဉ် ဖြစ်ပွါးခဲ့ကြောင်း သိရှိခဲ့ရပါသည်။ လမ်းတစ်နေရာတွင် တပ်မတော်နှင့် AA တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြပြီးနောက် အဆိုပါ ယောက်ျားလေးနှစ်ဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။

“ဤဖြစ်ရပ်အတွက် ကျွန်ုပ်တို့ အလွန်ဝမ်းနည်းတုန်လှုပ်ရပြီး ထိုကလေးများ၏မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

“သိရှိရသောဤဖြစ်ရပ်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ လက်နက်ကိုင်ပဋိပက္ခနှင့် ကလေးသူငယ်များဆိုင်ရာ ၂၀၂၀ခုနှစ် အစီရင်ခံစာတွင် တပ်မတော်အား အရွယ်မရောက်သေးသူ ကလေးသူငယ်များကို တပ်သားအဖြစ်စုဆောင်းခြင်းနှင့် အသုံးပြုခြင်းစာရင်းမှ ပယ်ဖျက်ပြီး ၁၂ လအတွင်း ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွါးခဲ့သည့်အတွက် ကျွန်ုပ်တို့ စိုးရိမ်မိပါသည်။ အတည်ပြုထားသော အစီရင်ခံချက်များအရ ဘူးသီးတောင်မြို့နယ်သည် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ တပ်မတော်မှ တိုက်ခိုက်ရေးအတွက်မဟုတ်သော အခြားပုံစံများဖြင့် ကလေးသူငယ်များကို အသုံးပြုနေသည့် နယ်မြေတစ်ခုအဖြစ် တွေ့ရှိရသည်။ ကျွန်ုပ်တို့သည် ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြည့်ဝစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာနှင့် လျှင်မြန်စွာ ဆောင်ရွက်ရန်၊ ကလေးသူငယ်များကို အသုံးပြုခြင်းနှင့် သတ်ဖြတ်ခြင်းအတွက် တာဝန်ရှိသူမည်သူကိုမဆို တာဝန်ခံစေရေးအတွက်ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။

“လက်နက်ကိုင် တပ်ဖွဲ့များနှင့် လက်နက်ကိုင်အုပ်စုများမှ တိုက်ခိုက်ရေးအတွက်မဟုတ်သော အခြားပုံစံများဖြင့် ကလေးသူငယ်များကို အသုံးပြုခြင်းသည် ပုံစံတကျ တပ်သားစုဆောင်းခြင်းထက် ပိုသေးငယ်သော ချိုးဖောက်မှုဟု ယူဆ၍မရပါ။ ယင်းမှာ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဥပဒေအရ ရာဇဝတ်မှုမြောက်ပါသည်။ ဤဆိုးရွားလှသည့် ဖြစ်ရပ်မှာ ကလေးငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့များ၊ အုပ်စုများနှင့် မည်သို့သော စွမ်းဆောင်မှု၊ လုပ်ငန်းတာဝန်အတွက် အချိန်ကာလမည်မျှကြာကြာ ပါဝင်ပတ်သက်နေသည်ဖြစ်စေ ကလေးများအတွက် သေဆုံးဒဏ်ရာရနိုင်သည့် အန္တရာယ်တွင်းကျရောက်နေသောအခြေအနေဖြစ်ကြောင်းကို မျက်ဝါးထင်ထင် သတိပေးလိုက်ခြင်းဖြစ်သည်။

“ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ကလေးသူငယ်သေဆုံး၊ ဒဏ်ရာရရှိမှုများ ကြောက်ခမန်းလိလိ တိုးပွားလာနေကြောင်း အစီရင်ခံတင်ပြမှုများကြောင့်လည်း လွန်စွာပူပန်မိပါသည်။ ၂၀၂၀ ခုနှစ်၏ ပထမ သုံးလမှာပင် ပဋိပက္ခအတွင်း သေဆုံးသူ သို့မဟုတ် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူ ကလေးသူငယ် ၁၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် စုစုပေါင်းအရေအတွက်၏ ထက်ဝက်ကျော်ရှိနေကာ ၂၀၁၈ ခုနှစ်တွင် သေဆုံးဒဏ်ရာရခဲ့သည့် ကလေးသူငယ်စုစုပေါင်းအရေအတွက်ထက် သိသိသာသာ ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။

“တိုင်းပြည်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြန်လည်မြှင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းနေရချိန်တွင် ပဋိပက္ခဖြစ်ပွားနေကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုများအားလုံးမှ ကာကွယ်ပေးရန်နှင့် အရပ်သားပြည်သူများအား တပ်ဖွဲ့များအတွင်း အသုံးချမှုများကို အစွမ်းကုန်ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများနှင့် ပံ့ပိုးမှုများ ရရှိအသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။”

ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့ (CTFMR) ၏ အကြောင်း 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဆုံးဖြတ်ချက် ၁၆၁၂ အရ လက်နက်ကိုင်တပ်ဖွဲ့များနှင့်/သို့မဟုတ် လက်နက်ကိုင် အုပ်စုများမှဖြစ်စေ ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာအဖွဲ့များမှ ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း အတည်ပြုနိုင်သည့် အထောက်အထားများရှိရာ နိုင်ငံများတွင် ကုလသမဂ္ဂဦးဆောင်သည့် CTFMR များ ဖွဲ့စည်းထူထောင်ရန် ကုလသမဂ္ဂအား ခွင့်ပြုထားသည်။ CTFMR ကို ကလေးသူငယ်များအပေါ် ကြီးလေးသော ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ရန်၊ အတည်ပြုရန်နှင့် UNSC သို့ အစီရင်ခံတင်ပြရန် စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံရေး လုပ်ထုံးလုပ်နည်း(MRM) တစ်ခု ထူထောင်ရန် တာဝန်ပေးအပ်ထားသည်။ စောင့်ကြည့် အစီရင်ခံလျက်ရှိသော ကြီးလေးသော ချိုးဖောက်မှု ခြောက်ခုမှာ -

  • ကလေးငယ်များအား သတ်ဖြတ်ခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေခြင်း
  • လက်နက်ကိုင်တပ်ဖွဲ့များနှင့် လက်နက်ကိုင်အုပ်စုများတွင် ကလေးစစ်သားစုဆောင်းမှုများနှင့် အသုံးချမှုများ
  • ကျောင်းများ သို့မဟုတ် ဆေးရုံများကို တိုက်ခိုက်ခြင်း
  • မုဒိန်းမှု သို့မဟုတ် အခြားပြင်းထန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
  • ကလေးသူငယ်များအား ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်း
  • ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီများကို ပိတ်ပင်ခြင်း

CTFMR အား အဆိုပါ ကြီးလေးသော ချိုးဖောက်မှုများကို ညှိနှိုင်း၍ တုံ့ပြန်ဖြေရှင်းရန်လည်း လုပ်ပိုင်ခွင့်ပေးထားသည်။ CTFMR ကို မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ola Almgren နှင့် ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi တို့မှ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူထားသည်။ မြန်မာနိုင်ငံရှိ CTFMR တွင် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများ (UN RCO ၊ UNICEF ၊ ILO၊ UNFPA ၊ UNHCR ၊ UN OCH နှင့် WFP) ၊ Save the Children နှင့် World Vision တို့ ပါဝင်သည်။

မီဒီယာ အဆက်အသွယ်

Aye Win
National Information Officer
UNIC
အီးမေးလ်: wina@un.org
Frehiwot Yilma
Communication Specialist
UNICEF Myanmar
အီးမေးလ်: fyilma@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar