ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရမှုနှင့်ပတ်သက်၍ ယူနီဆက်မြန်မာမှ ထုတ်ပြန်ချက်

ယူနီဆက်မြန်မာမှ ထုတ်ပြန်ချက်

10 စက်တင်ဘာလ 2020

ရန်ကုန်၊ စက်တင်ဘာလ (၁၀)ရက်၊ ၂၀၂၀ပြည့်နှစ် - ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် အင်္ဂါနေ့က လက်နက်ကြီးကျရောက်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအတွက် ယူနီဆက်မြန်မာမှ အလွန်တရာ စိတ်ထိခိုက်ဝမ်းနည်းရပါသည်။ ယူနီဆက်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့ရှိ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေကြရသည့် ဒေသများအတွင်း မြန်မာ့တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေမှုကြောင့် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာနေမှုအပေါ် များစွာစိုးရိမ်ပူပန်မိပါသည်။

လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးငယ်များကို မည်သည့်အခါမှ ပစ်မှတ်မထားသင့်ပါ။ ကလေးငယ်များမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြောင့်ဖြစ်စေ၊ တမင်ရည်ရွယ်ပစ်ခတ် ခြင်းကြောင့်ဖြစ်စေ အသက်များဆုံးရှုံးရလျက်ရှိသည်။ နိုင်ငံ၏ ဒေသအသီးသီးရှိ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်ကျန်လက်နက်ပစ္စည်းများ ကြောင့်လည်း က‌လေးငယ်များသည် အသက်ဆုံးရှုံးမှုများနှင့် ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေကြရသည်။ စာသင်ကျောင်းများအား တိုက်ခိုက်မှုများနှင့် စာသင်ကျောင်းများအား ပဋိပက္ခဖြစ်ရာ နှစ်ဖက်အဖွဲ့များ၏ အသုံးချမှုများကြောင့် ကလေးများ၏ ပညာရေးကို အဟန့်အတား ဖြစ်စေလျက်ရှိသည်။

ကလေးများ၏ နေ့စဉ်ဆောင်ရွက်စရာ လုပ်ငန်းများ ဖြစ်သည့် ကျောင်းတက်ရောက်မှုများအပါအဝင် ပံ့ပိုးမှုများကို အနှောင့်အယှက်ဖြစ်စေခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ဒေသများမှ ကလေးငယ်များသည် အလွန်တရာ စိတ်ဖိစီးမှုများလှသော ဘဝများကို တွေ့ကြုံခံစားနေကြရပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကလေးများ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေးများအတွက် ကလေးငယ်များ၏ ဘဝများအပေါ် ဩဇာလွှမ်းမိုးမှုရှိသူ လူကြီးများအားလုံးက အဓိကဦးစားပေးအချက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားပေး ရန်လိုအပ်ပါသည်။ ယူနီဆက်အနေဖြင့် သက်ဆိုင်ရာအဖွဲ့များအားလုံးအား ကလေးငယ်များကို အမြဲ အကာအကွယ်ပေးရန်နှင့် အန္တရာယ်များနှင့် ကင်းဝေးအောင် ထားရှိပေးဖို့ တိုက်တွန်းလိုပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပြန်လည်မြင့်တက်လာသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကိုင်တွယ်ဖြေရှင်းနေရချိန် ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာအဖွဲ့များအား အရပ်သားပြည်သူများအပေါ်တွင် အင်အားအသုံးပြုမှုများအား လုံးဝကန့်သတ်ထိန်းချုပ်ခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါနှင့် ကြာရှည်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့များနှင့် ဝန်ဆောင်မှူများအား ဆက်လက် ရရှိအသုံးပြုနိုင်အောင် ပိုမိုအားထုတ်ဆောင်ရွက်ပေးကြပါရန် ယူနီဆက်မှ တိုက်တွန်းလိုက်ပါသည်။

မီဒီယာ အဆက်အသွယ်

Frehiwot Yilma
Communication Specialist
UNICEF Myanmar
အီးမေးလ်: fyilma@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar