ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိဘများသေဆုံးခဲ့ပြီး အခြားကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းနှင့် စပ်လျဉ်း၍ ယူနီဆက်မှ ထုတ်ပြန်ကြေညာချက်

ယူနီဆက်မှ ထုတ်ပြန်ကြေညာချက်

23 နိုဝင်ဘာလ 2020

ရန်ကုန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် – ပြီးခဲ့သည့်အပတ်က ကလေးငယ်တစ်ဦးနှင့် သူ၏မိဘများသည် ကားဖြင့်မြေမြှုပ်မိုင်းကို ဖြတ်ကျော်မောင်းနှင်မိပြီး ကားပေါက်ကွဲပျက်စီးကာ သေဆုံးခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သော ဤဖြစ်ရပ်ကြောင့် ကလေးငယ်လေးဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယူနီဆက်သည် ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ပဋိပက္ခအတွင်း ပိတ်မိနေခဲ့ကြသူ ကလေးငယ်များအားလုံးနှင့် ထပ်တူ စိတ်မကောင်းဖြစ်ရပါသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးငယ်သေဆုံး၊ ဒဏ်ရာရမှုများ ကြောက်ခမန်းလိလိ တိုးပွားလာခြင်းနှင့် ပတ်သက်၍ ယူနီဆက်သည် လွန်စွာ စိုးရိမ်ပူပန်မိပါသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် UXO များပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သည်။

တစ်နိုင်ငံလုံးတွင် မြေမြှုပ်မိုင်းနှင့် UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ ၃၅ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြပြီး ရခိုင်ပြည်နယ်သည် ကလေးသူငယ် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်း ၄၇ ရာခိုင်နှုန်းရှိသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် လေးငယ် ၄၃ ဦး သေဆုံးပြီး ၁၀၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့သည်။ ဤအရေအတွက်မှာ ၂၀၁၉ သို့မဟုတ် ၂၀၁၈ ခုနှစ်၏ စုစုပေါင်း ထိခိုက်သေဆုံးမှုထက် များစွာပိုပါသည်။

မည်သို့သော အခြေအနေများတွင်မဆို ကလေးသူငယ်များ၏ လုံခြုံမှုနှင့်အခွင့်အရေးများကို အဓိက ထည့်သွင်း စဉ်းစားရပါမည်။ မြေမြှုပ်မိုင်းများနှင့် UXO များသည် မကြာခဏအားဖြင့် အရပ်သားများအား ထိခိုက်ဒဏ်ရာရစေပြီး ကလေးသူငယ်များသည် အထိခိုက်လွယ်ဆုံးဖြစ်သည်။ ကလေးများသည် လူကြီးများထက် သေးငယ်သောကြောင့် ပေါက်ကွဲမှု၏အကျိုးသက်ရောက်မှုဒဏ် အပြည့်အဝ ခံရနိုင်ပြီး သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိနိုင်ခြေ ပိုများသည်။

ယူနီဆက်အနေဖြင့် ပဋိပက္ခဖြစ်ပွားမှုများတွင်ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးကို ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်နှင့် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်မှုအခွင့်အရေးကို ထိန်းသိမ်းရန်အတွက် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ရပ်တန့်ပါရန်နှင့် လက်ရှိ ရှိနေသော မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းကြပါရန် တိုက်တွန်းလိုပါသည်။

ယူနီဆက်သည် ကလေးသူငယ်များနှင့် အခြားရပ်ရွာလူထုအဖွဲ့ဝင်များ လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များရရှိရန်နှင့် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများအားလုံးမှ ကျောင်းများနှင့် ရပ်ရွာအသိုက်အဝန်းများတွင် မိုင်းအန္တရာယ်အသိပညာပေးခြင်းများရရှိစေရေးအတွက် အရေးပေါ်အခြေအနေ မိုင်းအန္တရာယ်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံတော်အစိုးရအနေနဲ့လည်း ဆက်လက် ပံ့ပိုးပေးရန်ကိုလည်း တိုက်တွန်းထားပါသည်။

မီဒီယာ အဆက်အသွယ်

Frehiwot Yilma
Communication Specialist
UNICEF Myanmar
အီးမေးလ်: fyilma@unicef.org
Htet Htet Oo
Communication Officer
UNICEF Myanmar
အီးမေးလ်: hoo@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar