ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများ မြင့်တက်နေချိန်အတွင်း ယူနီဆက်မှ ဝယ်ယူထားသည့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ တန်ချိန် ၈၂ တန် မြန်မာနိုင်ငံသို့ ရောက်ရှိ

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများနှင့် တုံ့ပြန်ကာကွယ် တားဆီးရေး

28 သြဂုတ်လ 2020
UNICEF
UNICEF Myanmar/2020/Nyan Zay Htet

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် - ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအရေအတွက် တိုးမြင့်လာနေချိန်တွင် အမေရိကန်ဒေါ်လာ ၂.၈ သန်းတန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE) စုစုပေါင်းတန်ချိန် ၈၂ တန် ရန်ကုန်မြို့သို့ ယခုအပတ်တွင်ရောက်ရှိလာခဲ့ပါသည်။ ထောက်ပံ့ရေးပစ္စည်းများကို ယူနီဆက်က World Food Programme ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် သုံးကြိမ်ခွဲ၍ ပို့ဆောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂၄,၂၈၄ တန်ဖိုးရှိ PPE ဝတ်စုံများမှာ ထိုင်းနိုင်ငံ(မြဝတီမြို့မှတစ်ဆင့်)နှင့် တရုတ်နိုင်ငံ (မူဆယ်မြို့မှတစ်ဆင့်) တို့မှ ကုန်းလမ်းပို့ဆောင်မှုဖြင့် မြန်မာနိုင်ငံသို့ သယ်ဆောင်လာနေပြီဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် ယူနီဆက်တို့အတူ လက်တွဲဆောင်ရွက်မှုဖြင့် ပံ့ပိုးထားသော မရှိမဖြစ်လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ရောဂါပိုးတွေ့ အတည်ပြုလူနာများမြင့်တက်လာနေသည့် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများနှင့် တုံ့ပြန်ကာကွယ် တားဆီးရေးအတွက် ဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့များထံလွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ် မေလနှင့် ဇွန်လအတွင်း COVID ရောဂါပိုးစစ်ဆေးရေးကိရိယာ(test kits ) ၂၀,၀၀၀အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ယခုထပ်မံ၍ ရောဂါကာကွယ်ရေးဝတ်စုံများ ပေးအပ်ခြင်းဖြစ်သည်။ COVID-19 Specimen carriers ခုရေ ၃၀,၀၀၀နှင့် အောက်ဆီဂျင်ပေးစက် အလုံး ၃၇၀ တို့သည်လည်း စက်တင်ဘာလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ ရေကြောင်းပို့ဆောင်မှုဖြင့် ရောက်ရှိလာမည်ဖြစ်သည်။

Gavi, the Vaccine Alliance ၏ သဒ္ဒါထက်သန်လှသည့် ပံ့ပိုးမှုအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုများဖြင့် ယူနီဆက်သည် မြန်မာနိုင်ငံ၏ နိုင်ငံတစ်ဝန်းလုံးရှိ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် မရှိမဖြစ် အရေးပါလှသည့်ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူနိုင်ရန် ၂၀၂၀ ခုနှစ်၊ ဧပြီလမှစပြီး ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၄ သန်းခန့်ရှာဖွေနိုင်ခဲ့ပါသည်။ တုံ့ပြန်ကာကွယ်တားဆီးရေးဆောင်ရွက်မှုများတွင် ဓာတ်ခွဲခန်းများ၊ ရောဂါပိုးရှာဖွေစစ်ဆေးနိုင်စွမ်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေး ၊ ရောဂါပိုးကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့်ထိန်းချုပ်ရေးနှင့် ရောဂါကုသရေးအသုံးအဆောင်ပစ္စည်းများကိုပံ့ပိုးပေးခြင်းအပြင် အရေးကြီးအချက်အလက်များအား အချိန်နှင့်တပြေးညီ အသိပေးခြင်းနှင့် ရပ်ရွာထိတွေ့ချိတ်ဆက်ရေးလုပ်ငန်းများကို အားကောင်းခိုင်မာစေခြင်းများ ပါဝင်ပါသည်။

ယူနီဆက်သည် ရခိုင်ပြည်နယ်အတွင်း အစိုးရ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲပူးပေါင်းလျက် လက်ဆေးကန်များနှင့် မရှိမဖြစ်လိုအပ်သည့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးအထောက်အပံ့များ ပိုမိုလက်လှမ်းမီ အသုံးပြုနိုင်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစ၍ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ သတင်းစကားများ ဖြန့်ဝေပေးသည့်နည်းလမ်းများမှတစ်ဆင့် ခန့်မှန်းလူဦးရေ ၅၀၀,၀၀၀ ခန့်အတွက် အသိပညာပေးနိုင်ခဲ့ပါသည်။ မြို့နယ်များအားလုံးရှိ ကူးစက်နိုင်ချေမြင့်မားသော နေရာများတွင် လက်ဆေးကန်များတည်ဆောက်ပေးခဲ့ပါသည်။ ယူနီဆက်သည် စစ်တွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအကြောင်း အသိပညာပေးLEDဆိုင်းဘုတ်များ တပ်ဆင်ပေးခဲ့ပြီး ဒေသသုံးဘာသာစကား(များ)ဖြင့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းများကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်စတင်ခြင်းကို ပံ့ပိုးပေးနိုင်ရန် ယူနီဆက်သည် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရေးစခန်းများတွင် လုပ်ကိုင်လျက်ရှိကြသည့် စေတနာ့ဝန်ထမ်း ၁၁၀ ဦးအား လုပ်ငန်းခွင်ဆိုင်ရာ ပံ့ပိုးမှုများနှင့် သင်တန်းပေးခြင်းများအတွက် ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ ခံစားနေရသည့် ကလေးငယ်ဦးရေ ၁,၅၀၀ အားကုသမှုပေးနိုင်ရန် အသင့်သုံးကုထုံးအစားအစာ ၆၀၀ သေတ္တာကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

ယူနီဆက်မှမြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi က “နိုင်ငံတကာမှာ ဝယ်လိုအားအလွန်များနေတဲ့ မရှိမဖြစ်အရေးပါလှတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လက်လှမ်းမီအသုံးပြုနိုင်ဖို့နဲ့ လက်ရှိကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေသည့်ကြားကပင် မြန်မာနိုင်ငံကို အချိန်မီရောက်ရှိအောင် ပို့ဆောင်နိုင်ဖို့အတွက် ယူနီဆက်အနေနဲ့ ထောက်ပံ့မှုတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာပါ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။ “ကလေးငယ်များအားလုံးနဲ့ အားနည်းထိခိုက်လွယ်ဆုံးလူတွေကို ကမ္ဘာ့ကပ်ရောဂါဘေးကနေကာကွယ်ပေးနိုင်ဖို့ ကျွန်မတို့အတူလက်တွဲပြီး ကိုဗစ်-၁၉ ရောဂါကိုတိုက်ခိုက်ကြရမှာပါ။

မီဒီယာ အဆက်အသွယ်

Htet Htet Oo
Communication Officer
UNICEF Myanmar
အီးမေးလ်: hoo@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar