ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ဖြစ်ပွားမှုများ မြင့်တက်လာခြင်းနှင့်စပ်လျဉ်း၍ ယူနီဆက်၏ ထုတ်ပြန်ချက်

ယူနီဆက်၏ ထုတ်ပြန်ချက်

25 သြဂုတ်လ 2020

ရန်ကုန်၊ စစ်တွေ၊ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် - ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအား တုံ့ပြန်ကာကွယ်တားဆီးသည့်အနေဖြင့် ယူနီဆက်သည် နိုင်ငံတော်အစိုးရ၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းလျှက် ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှုများကို ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးအတွက်သာမက ဖြစ်ပွားနေဆဲဖြစ်သည့် ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာသည့် အကျိုးဆက်များ၏ ရိုက်ခတ်မှုဒဏ်ကိုခံစားနေကြရသော ရခိုင်ပြည်နယ်အတွင်းမှ ကလေးငယ်များအားလုံးထံ အသက်ကယ်ဆယ်ရေးအထောက်အပံ့များ ဆက်လက်ရရှိစေရန်အတွက်ပါ မရပ်မနား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိမှု အတည်ပြုဖြစ်ရပ်များမြင့်တက်လာခြင်းသည် ကျွန်ုပ်တို့၏ ကိုဗစ်-၁၉ ရောဂါတွန်းလှန်တိုက်ဖျက်ရေးတိုက်ပွဲမှာပြီးဆုံးရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေးအစီအမံများကို ဆက်လက်လိုက်နာရန် လိုအပ်ကြောင်း အရေးတကြီး သတိပေးလိုက်ခြင်း ဖြစ်ပါသည်။ ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စက္ကန့် ၂၀ ကြာအောင် မကြာခဏ သေသေချာချာဆေးကြောခြင်းနှင့် ဖြစ်နိုင်သည့်အခါတိုင်းလူအချင်းချင်းကြားတွင် စိတ်ချရသည့် အကွာအဝေးဖြစ်သည့် ၂ မီတာခန့် ခြားနေခြင်းတို့ကို လိုက်နာကြရပါမည်။

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကပ်ရောဂါကိုတိုက်ဖျက်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ကာကွယ်တားဆီးမှုများကို ယူနီဆက်က ကူညီဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်တွင် ယူနီဆက်မှအထောက်အပံ့များ တိုက်ရိုက်ပံ့ပိုးမှုကို အနည်းဆုံး (၁၄)ရက်ခန့် ယာယီဆိုင်းငံ့ထားသည့်တိုင် ကျွန်ုပ်တို့သည် မြေပြင်တွင်ဆက်လက်ရှိနေပြီး အရေးပါသောပံ့ပိုးမှုများ ဆက်လက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ကျွန်ုပ်တို့၏ (I)NGO မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍတို့မှတစ်ဆင့်လည်းကောင်း ကျွန်ုပ်တို့၏ လုပ်ငန်းများကိုဆက်လက်လုပ်ကိုင်လျက်ရှိသကဲ့သို့ အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာကြောင်းသေချာစေရန် အဝေးမှတစ်ဆင့်လည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ရခိုင်ပြည်နယ်ရှိ ယူနီဆက်၏ လုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက - https://www.unicef.org/myanmar/reports/unicef-rakhine-state

ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက - https://www.mohs.gov.mm/

မီဒီယာ အဆက်အသွယ်

Frehiwot Yilma
Communication Specialist
UNICEF Myanmar
အီးမေးလ်: fyilma@unicef.org
Htet Htet Oo
Communication Officer
UNICEF Myanmar
အီးမေးလ်: hoo@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar