ကြားဝင်ပံ့ပိုးမှုများမရှိပါက မြန်မာနိုင်ငံရှိ ကလေးငယ်နောက်ထပ်နှစ်သန်းမှာ ဆင်းရဲတွင်းထဲ ကျရောက်မည်ဟု ဗဟိုစာရင်းအင်းအဖွဲ့၊ ယူနီဆက်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အစီရင်ခံစာမှဖော်ပြ

ကိုဗစ်-၁၉ ရောဂါသည် ဆယ်စုနှစ်တစ်စုကျော်အတွင်း ရရှိခဲ့သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အကျိုးကျေးဇူးများကို ပြောင်းပြန်ဖြစ်သွားစေရန် ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုအသစ်များဖြစ်ပေါ်စေ

17 နိုဝင်ဘာလ 2020

ရန်ကုန်မြို့၊ နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၀ ခုနှစ် - မြန်မာနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် ကြီးမားသော တိုးတက်မှုများ ရရှိလျှက်ရှိသည့်တိုင် မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့၊ ယူနီဆက်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ ပြုလုပ်သော လေ့လာသုံးသပ်မှုတစ်ခုအရ ကိုဗစ်-၁၉ ရောဂါသည် ယခုနှစ်အကုန်ပိုင်းတွင် နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသော ကလေးငယ် အရေအတွက် ကိုနှစ်သန်းခန့်အထိ ထပ်မံတိုးမြင့်လာစေမည့် လူမှုစီးပွားအကြပ်အတည်းတစ်ခုကို ဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံသို့ မရိုက်ခတ်မီက ကလေးငယ်ဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် ကလေးငယ်ငါးသန်းကျော်မှာ ဝင်ငွေဆင်းရဲနွမ်းပါးစွာ နေခဲ့ရပြီးဖြစ်သည်။ အခြားကလေးငယ်ဦးရေ ခြောက်သန်းခန့်မှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအထက်နားကပ်ရပ်ရှိ အိမ်ထောင်စုများတွင် နေထိုင်ခဲ့ကြရပြီး အထူးသဖြင့် စီးပွားရေး ရိုက်ခတ်မှုဒဏ်ကို ပိုမိုခံရနိုင်ဖွယ်ရှိပါသည်။ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ထက်ဝက်ကျော်မှာ ၎င်းတို့၏ ကျပ်တည်းသည့်အခြေအနေကို ပိုမိုဆိုးရွားစေသည့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများ မတိုင်မီကပင် ဆင်းရဲနွမ်းပါးစွာနေကြရသည် သို့မဟုတ် ဆင်းရဲနွမ်းပါးလုနီးနီး နေကြရပါသည်။

ကမ္ဘာ့ကပ်ရောဂါစတင်ချိန်မှစ၍ လေးလတာကာလအတွင်း ပုံမှန်စစ်တမ်းကောက်ယူခဲ့သည့် မိသားစုများက အနုတ်သဘောဆောင်သည့် ရင်ဆိုင်ဖြေရှင်းသည့် နည်းဗျူဟာတခုဖြစ်သော အစားလျှော့စားခြင်းနဲ့ စိတ်ဖိစီးမှုများ တိုးလာခြင်း၊ အမျိုးသမီးများအတွက် အိမ်အလုပ်ဝန်ထုပ်များ ပိုမိုကြီးထွားလာခြင်းနှင့် ကလေးများ၏ သင်ယူလေ့လာမှုကို မပံ့ပိုးနိုင်ခြင်းတို့ရှိကြောင်း အစီရင်ခံခဲ့ကြသည်။

ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က “ဒီအစီရင်ခံစာရဲ့ အဓိက တွေ့ရှိချက်တွေက ကမ္ဘာ့ဘဏ်နဲ့ UNDP ရဲ့ပံ့ပိုးမှုနဲ့ ဗဟိုစာရင်းအင်းအဖွဲ့က ပြုလုပ်တဲ့ မြန်မာ့နေထိုင်မှုအခြေအနေပြစစ်တမ်း (၂၀၁၇) က အချက်အလက်များအပေါ်အခြေခံထားပါတယ်” “ဒီစိတ်ဖြာသုံးသပ်ချက်က ကိုဗစ်-၁၉ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံက ကလေးငယ်တွေ ရင်ဆိုင်နေကြရတဲ့ အားနည်းချက်တွေနဲ့ အန္တရာယ်တွေကို ကျွန်တော်တို့ပိုပြီးနားလည်လာအောင် ကူညီပေးတယ်။ အစိုးရအနေနဲ့ အကျိုးဆက်တွေ လျော့ပါးစေဖို့နဲ့ မညီမျှမှုတွေ လျှော့ချဖို့ ထိရောက်တဲ့ တုံ့ပြန်ဖြေရှင်းရေး မူဝါဒတစ်ခု ပြဋ္ဌာန်းနိုင်ဖို့အတွက် အထောက်အကူပြုမှာပါ။” ဟု ပြောသည်။

ဤအစီရင်ခံစာသည် အရေးပေါ် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သတ်မှတ်ထားသော ကလေးငယ်ရှိသည့် မိသားစုများထံ ငွေကြေးလွှဲပြောင်းပေးအပ်မှုများအား အရှိန်မြှင့်တင်ခြင်းအပါအဝင် အမျိုးမျိုးသော မူဝါဒချဉ်းကပ်နည်းများ၏ အလားအလာရှိသည့် အကျိုးသက်ရောက်မှုများကို နှိုးဆွပေးပြီး ထိရောက်သည့် တုံ့ပြန်ဖြေရှင်းနည်းတစ်ခုအတွက် အကြံပြုချက်များပေးပါသည်။

“ဒီနေ့မှာ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခြင်းက ကပ်ရောဂါဘေးဒဏ်ကနေ ပိုပြီးမြန်မြန်ဆန်ဆန် နာလန်ထူလာနိုင်ဖို့ကို ရှေးရှုတဲ့ အချိန်နဲ့တပြေးညီ ခိုင်မာတည်တံ့တဲ့ တုံ့ပြန်ဖြေရှင်းမှုတစ်ခု ဖြစ်လာစေမှာပါ။ ဒီအစီအမံတွေက ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုကို ပပျောက်စေဖို့နဲ့ ပိုမို ကြံ့ကြံ့ခံနိုင်ပြီး ကြီးပွားတိုးတက်မယ့် မြန်မာနိုင်ငံကို တည်ဆောက်ဖို့ရာအတွက် ခရီးရှည်တစ်ခုကို သွားစေနိုင်မှာဖြစ်ပါတယ်” ဟု ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi က ပြောကြားခဲ့ပါသည်။

အစီရင်ခံစာ၏ စိတ်ဖြာသုံးသပ်ချက်က ပြသသည်မှာ လူမှုအကာအကွယ် အစီအမံများမှာ အားနည်း ထိခိုက်လွယ်သော ကလေးငယ်များနှင့် အိမ်ထောင်စုများအပေါ် သက်ရောက်သည့် ကမ္ဘာ့ကပ်ရောဂါ၏ ဖိစီးမှုများနှင့် အကျိုးဆက်များကို အတိုင်းအတာတစ်ခုအထိ လျော့ပါးစေနိုင်ပါသည်။

UNDP မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Titon Mitra က “ ကိုဗစ်-၁၉ မတိုင်ခင်ကတည်းက ဆင်းရဲကျပ်တည်းနေကြသူတွေအပြင် ကိုဗစ်-၁၉ အကျိုးဆက်ကြောင့် အရေအတွက်ပိုမိုများပြားလာတဲ့ လတ်တလော ဆင်းရဲကျပ်တည်းလာသူတွေအတွက် သူတို့ရဲ့ လူမှုစီးပွားသက်ရောက်မှုဒဏ် အမျိုးမျိုးကို တုံ့ပြန်ဖြေရှင်းနိုင်စွမ်း မြင့်မားလာအောင် ဆောင်ရွက်ပေးပြီးတစ်ပြိုင်နက်တည်းမှာ အံဝင်ခွင်ကျဖြစ်စေမယ့် နိုင်ငံလုံးဆိုင်ရာ လူမှုကာကွယ်ပေးရေး ချဉ်းကပ်နည်းလမ်းတွေနဲ့ အောင်မြင်အောင် ဖော်ဆောင်မယ့် နည်းလမ်းတွေက မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အဓိကသော့ချက်ဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။

အစီရင်ခံစာက လူမှုကဏ္ဍများတွင် အထူးသဖြင့် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအပြင် ကျန်းမာရေး၊ လူမှုကာကွယ်ပေးရေးနှင့် ပညာရေးကဏ္ဍများတွင် အကြီးစားပြည်သူ့ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးနှင့်အတူ သီးခြား ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံများကိုလည်း အကြံပြုထားပါသည်။

“လက်ရှိအချိန်မှာ လူတွေရဲ့ဘဝအပေါ် အထူးသဖြင့် မိသားစုတွေနဲ့ကလေးငယ်တွေအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးနိုင်မယ့် မူဝါဒတွေကို ဦးစားပေးခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အများပြည်သူ အသုံးစရိတ်တွေကို မဟာဗျူဟာကျကျ ပြန်လည်စဉ်းစားနိုင်မယ့် အထူးအခွင့်အရေး တစ်ရပ်ရှိနေပါတယ်” ဟု Kunugi က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အယ်ဒီတာများအတွက် မှတ်ချက် -

ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုသည် မြန်မာနိုင်ငံတွင် အညွှန်းကိန်းအသစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ငွေကြေးအရ အိမ်ထောင်စု၏ ဆင်းရဲနွမ်းပါးမှုကို ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း မကြာခဏ တိုင်းတာကြသော်လည်း ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများတွင် နေထိုင်ကြရသည့် အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်ကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်အလိုဖြစ်သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ကောက်ယူသည့် မြန်မာ့နေထိုင်မှု အခြေအနေပြ စစ်တမ်းတွင်မှ ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါသည်။

ဤအခြေခံအချက်အလက်ပေါ်တွင် တည်ဆောက်ထားသည့် အစီရင်ခံစာမှာ အစိုးရ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် အခြားဆက်စပ်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါအပေါ် ထိရောက်သော လူမှုစီးပွားအရ တုံ့ပြန်မှုဖြေရှင်းမှု တစ်ခုရရှိစေမည့် မူဘောင်တစ်ခု ပေးနိုင်ရန် ရည်ရွယ်ပါသည်။

မီဒီယာ အဆက်အသွယ်

Htet Htet Oo
Communication Officer
UNICEF Myanmar
အီးမေးလ်: hoo@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar