ကိုဗစ်-၁၉ - GAVI မှ ပံ့ပိုးပေးခဲ့သည့် ရန်ပုံငွေများစွာထောက်ပံ့မှုသည် မြန်မာနိုင်ငံ၏ ထိရောက်မှုရှိရှိ တုံ့ပြန်ကာကွယ်တားဆီးရေးအစီအစဉ်များအတွက် အလွန်အရေးပါကြောင်း သက်သေပြခဲ့

ပူးတွဲသတင်းထုတ်ပြန်ချက်

25 ဇူလိုင်လ 2020
UNICEF
UNICEF Myanmar/2020/Nyan Zay Htet

ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် - ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါစတင်ဖြစ်ပွားချိန် ကာလအတွင်း Gavi မှ Health System Strengthening (HSS-2) အစီအစဉ်အတွက် ရန်ပုံငွေပံ့ပိုးပေးထားသည့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅သန်းမှ အမေရိကန်ဒေါ်လာ ၈.၈သန်းအား အရေးပေါ်အခြေအနေအတွက် ပြန်လည်ခွဲဝေ သတ်မှတ်ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါအပေါ် ထိထိရောက်ရောက် တုံ့ပြန်ကာကွယ်တားဆီးနိုင်ရေးနှင့် UNICEF ၊ WHO နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အသက်တမျှအရေးပါသည့် ဝန်ဆောင်မှုများ မြန်မြန်ဆန်ဆန် ပြန်လည်စတင်နိုင်ရေးအတွက် အလွန်ပင်အရေးပါခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “Gavi က ရန်ပုံငွေပြန်လည်ခွဲဝေသတ်မှတ်ပေးတဲ့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ရပ်ရွာလူထုနဲ့ ထိတွေ့ချိတ်ဆက်ရေး၊ အရေးကြီး သတင်းအချက်အလက် ဖလှယ်ရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ပြီးတော့ ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနဲ့ ကိုင်တွယ်ဆောင်ရွက်ရေးတွေအပြင် ရောဂါအခြေအနေ စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုရေး၊ ကာကွယ်တားဆီးရေး၊ ဓာတ်ခွဲခန်းအသင့်ပြင်ထားရှိရေးနဲ့ ချိတ်ဆက်ဆောင်ရွက်ရေးလုပ်ငန်းတွေကိုပါ အရှိန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

UNICEF နှင့် WHO တို့သည် Cobas 6800 စက်သုံး ရောဂါပိုးရှိမရှိစစ်ဆေးရေးကိရိယာ (testing kits) ၂၀,၀၀၀ ၊ specimen carriers နှင့် universal transport media အခုရေ ၃၀၀၀ စီ၊ အောက်ဆီဂျင်ပေးစက် ၃၇၀ လုံး၊ ဓာတ်ခွဲခန်းသုံး ဓာတ်စမ်းပစ္စည်းများနှင့် အမေရိကန်ဒေါ်လာ ၃.၇၅ သန်းတန်ဖိုးရှိ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံများ (PPE) ဝယ်ယူမှုအပြင် မြန်မာဘာသာရော တိုင်းရင်းသားဘာသာ ၈၅ မျိုးဖြင့်ပါ ဖော်ပြထားသည့် အသိပညာပေး အထောက်အကူပစ္စည်းများနှင့် ကျန်းမာရေးလုပ်သားများ၏ စွမ်းဆောင်ရည် တည်ဆောက်မှု သင်တန်းပေးခြင်းများ စသည်တို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအား ပံ့ပိုးကူညီပေးခဲ့ကြပါသည်။

WHO ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Dr Stephan Jost က “ ဒီရန်ပုံငွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနဲ့ ရောဂါပိုးမပြန့်ပွားအောင် ဟန့်တားနိုင်ရေး စတဲ့ တုံ့ပြန်ကာကွယ်ရေး အစီအစဉ်တွေအတွက် ပြန်ပြီးခွဲဝေပေးဖို့ Gavi က အရင် အကြံပြုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးဖို့ HSS-2 ရန်ပုံငွေကို ပြန်ခွဲဝေချထားပေးပြီး အခြေအနေကို လျင်လျင်မြန်မြန် တုံ့ပြန်ပေးခဲ့တဲ့အတွက် Gavi ကို ကျေးဇူးတင်အသိအမှတ်ပြုပါတယ်” ဟု ဆိုပါသည်။

Gavi ထံမှရရှိသော ပံ့ပိုးမှုသည် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆိုင်းငံ့ပြီး ခြောက်ပတ်အကြာမှာတင် ပြန်လည်စတင်နိုင်ခဲ့ခြင်း၏ အဓိကအချက်လည်းဖြစ်ခဲ့သည်။ လိုအပ်သော ရောဂါကူးစက်မှု ကာကွယ်ရေးအစီအမံများ၊ လူအချင်းချင်းခပ်ခွာခွာနေခြင်းနှင့် လက်သန့်ရှင်းရေး အလေ့အကျင့်များ လုပ်ဆောင်လျက် နိုင်ငံလုံးဆိုင်ရာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့မှ စတင်ပြီး မြို့နယ်ပေါင်း ၃၃၀ စလုံးနှင့် ဆေးရုံကြီး ၉၈ ခုတို့တွင် ပြန်လည်စတင်ခဲ့ပြီး နောက်ပိုင်း တဖြည်းဖြည်းတိုးချဲ့ကာ ဇွန်လတွင် နိုင်ငံတစ်ဝန်းလုံး၌ ထိုးနှံပေးနိုင်ခဲ့ပါသည်။  ရပ်ရွာလူထုအတွင်း ကန့်သတ်ချက်အစီအမံများနှင့် စိုးရိမ်ပူပန်မှုများရှိနေသည့်တိုင် ကလေးငယ်ဦးရေ ၁၁၀,၀၀၀ ကျော်သည် ဇွန်လအတွင်း ၎င်းတို့၏ ငါးမျိုးစပ်ကာကွယ်ဆေး (pentavalent vaccine) တတိယအကြိမ်ကို လာရောက်ထိုးနှံခဲ့ကြပါသည်။ ယင်းမှာ ပြီးခဲ့သည့်နှစ် ဤအချိန်က ကာကွယ်ဆေးလာရောက်ထိုးနှံသူ ကလေးငယ်ဦးရေထက် တစ်ဆခွဲကျော်ခန့် ပိုများပါသည်။

 ကိုဗစ်-၁၉ မတိုင်မီက Gavi သည် အောက်ပါတို့အပါအဝင် မြန်မာနိုင်ငံ၏ အဓိက ကာကွယ်ဆေးထိုးအစီအစဉ်များကို ပံ့ပိုးပေးလျက်ရှိပါသည် -

  • နိုင်ငံတစ်ဝှမ်းလုံးအနေဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါ(JE) ကာကွယ်ဆေး အစုလိုက် ထိုးနှံရာတွင် လွှမ်းခြုံမှု အများဆုံးရရှိခဲ့ပြီး နောက်ပိုင်း ၂၀၁၈ ခုနှစ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ JE ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးနိုင်ခဲ့သည်၊
  • တစ်နိုင်ငံလုံးတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံမှုကို ၂၀၁၉ ခုနှစ်တွင် အဆင့်နှစ်ဆင့်ဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်၊
  • ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးအဖြစ် စတင်ထည့်သွင်းခဲ့ပြီး Human Papillomavirus (သားအိမ်ခေါင်းကင်ဆာ(HPV)) ကာကွယ်ဆေးကို ယခုနှစ် စက်တင်ဘာတွင် ထည့်သွင်းထိုးနှံသွားရန် မျှော်မှန်းထားသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် တုံ့ပြန်တားဆီးနိုင်တဲ့အတွက် Gavi က ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ရဲ့ ရန်ပုံငွေနဲ့ နိုင်ငံရဲ့ တုံ့ပြန်ကာကွယ်ရေးအစီအစဉ်မှာ ပါဝင်ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အထူးသဖြင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဇွန်လမှာ ပြန်လည်စတင်နိုင်ခဲ့ပြီး ကာကွယ်ဆေးမထိုးနှံလိုက်ရတဲ့ ကလေးငယ်တွေကို ပြန်လည်ထိုးနှံပေးခြင်းနဲ့ နိုင်ငံတစ်ဝှမ်းက ကာကွယ်ဆေးလွှမ်းခြုံမှုနှုန်းအတွက် သိပ်ကိုအားရကျေနပ်မိပါတယ်” ဟု Gavi မှ Director Country Support ဖြစ်သူ Pascal Bijleveld က ဆိုပါသည်။ Gavi သည် မြန်မာနိုင်ငံကို ၂၀၀၂ ခုနှစ်မှစတင်ပံ့ပိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ အမျိုးမျိုးသော အစီအစဉ်များအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၆ သန်း ပံ့ပိုးပေးထားပြီးဖြစ်သည်။

“ကျွန်မတို့ အစီအစဉ်တွေနဲ့ လှုပ်ရှားမှုတွေကို ကိုဗစ်အန္တရာယ် ကာကွယ်ရေးအစီအမံတွေကတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားရာမှာ အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့ မျှော်လင့်ပါတယ်။ အထူးကျေးဇူးတင်ရမယ့် Gavi နဲ့ Gavi ရဲ့ အလှူရှင်အားလုံးကြောင့် ကျွန်မတို့က ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အန္တရာယ်တွေကို ဆက်လက်ပြီး တန်ပြန်တားဆီးနိုင်မှာဖြစ်သလို မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ အသိုက်အဝန်းအားလုံးကို ပံ့ပိုးမှုများ ပြန်လည်ပေးနိုင်ရုံမက ဆက်လက်ပြီးလည်း တိုးချဲ့ပံ့ပိုးပေးသွားနိုင်မှာဖြစ်ပါတယ်” ဟု ယူနီဆက်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် June Kunugi က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံရှိ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ကျွန်မတို့အတူတကွ ပြန်လည်ပုံဖော်နိုင်မှာပါ။”

မီဒီယာ အဆက်အသွယ်

Htet Htet Oo
Communication Officer
UNICEF Myanmar
အီးမေးလ်: hoo@unicef.org

မြန်မာနိုင်ငံရှိ ယူနီဆက်(ဖ်)အကြောင်း 

ယူနီဆက်(ဖ်)သည် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ ၁၉၅၀ ခုနှစ်မှစ၍ လုပ်ငန်းများ လက်တွဲလုပ်ကိုင်လာခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအပြင် အရပ်ဘက်လူမှုအသိုက်အဝန်းများနှင့်ပါ ပူးပေါင်းကာ ကလေးသူငယ် သေဆုံးနှုန်းလျှော့ချရေး၊ ပညာရေး လက်လှမ်းမီရရှိနိုင်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်လာရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပမ်းမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ ကာကွယ်ပေးရေးတို့ကို ရည်မှန်းလုပ်ကိုင်လျှက်ရှိပါသည်။ 

ယူနီဆက်(ဖ်)၏မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိနိုင်ရန် 

https://www.unicef.org/myanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 
Facebook စာမျက်နှာတွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar